အခန်း ၆၈၂
Vol. 46 Ch. 682
အခန်း ( ၆၈၂ ) မကျေနပ်တဲ့ စိတ်။
“ သူမမှာ ကိုယ်ဝန်ရှိနေပြီ .. ဟုတ်လား။ ” ဒေါ်လေးချန်က တအံ့တဩ ရေရွတ်လိုက်သည်။
“ သူမမှာ ကိုယ်ဝန်ရှိနေပြီတဲ့လား။ ကလေးအဖေက ဘယ်သူလဲ။ ”
“ သူမဘေးမှာ ရှိနေခဲ့တဲ့ လူပဲ ဖြစ်မယ် ထင်တယ်။ ”
ဒေါ်လေးချန်က စိတ်ပျက်ရွံရှာစွာ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ “ သူမဘာသာ အပြင်မှာ ဇာတ်လမ်းတွေ ရှုပ်ပြီး အပျော်ရှာတာက ကိစ္စမရှိပေမဲ့ တကယ်ကြီး ကိုယ်ဝန်ပါ ရလာတာကတော့ မဟုတ်ဘူး။ အဲ့ဒီ ကောင်မစုတ်လေးက ကိုယ့်ယောက်ျားကို နွားဖားကြိုးထမ်းပြီး သူများကလေးကို ပြုစုပျိုးထောင်ခိုင်းမလို့လား။ ချန်ရှို့ချင် ဆိုတဲ့ မကောင်းတဲ့ မိန်းမရဲ့ သမီး ပီသပါပေတယ် ၊ ဈေးပေါချက်က လွန်လွန်းတယ်။ ကိုယ့်ယောက်ျားရဲ့ ပိုက်ဆံတွေနဲ့ သက်သောင့်သက်သာ နေ,နေရုံတင် မဟုတ်ဘူး ၊ သူမက အပြင်မှာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ပါ ရလိုက်သေးတယ်။ အရှက်မရှိလိုက်တာ။ ”
ဒေါ်လေးချန်ရဲ့ စကားတွေက ကြမ်းတမ်းလွန်း၍ ဦးလေးချန်ပင် မနေနိုင်တော့ဘဲ ဝင်ပြောရတော့သည်။ “ မင်းရဲ့ အတွေးတွေကို စိတ်ထဲမှာပဲ တစ်ယောက်တည်း သိမ်းထားစမ်းပါကွာ။ ”
“ ကျွန်မက ဘာလို့ အတွေးတွေကို သိမ်းထားရမှာလဲ။ အဲ့ကောင်မစုတ်လေးက လုပ်တုန်းက လုပ်ထားပြီး တခြား လူတွေဆီမှာ အပြောအဆိုခံရမှာကို ကြောက်မနေနဲ့လေ။ ” ဒေါ်လေးချန်က စုယန်ယန်ကို ကြိမ်းမောင်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ သူမ အေးစက်စွာ လှောင်ရယ်ပြီး ဆက်ပြောလိုက်သည်။ “ ကျွန်မတို့ရဲ့ ဖန့်လန်လေး အဲ့ဒီတုန်းက သူမနဲ့ လက်မထပ်ခဲ့တာ ကံကောင်းတယ်။ အဲ့ဒီလို စိတ်အပြောင်းအလဲမြန်ပြီး ကမြင်းကြောထတတ်တဲ့ မိန်းမနဲ့ သူ လက်ထပ်လိုက်ရင် ဘယ်လို ပြဿနာမျိုးတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ”
“ မင်း … ”
ဦးလေးချန်သည် သူ့ဇနီးနှင့် အချိန် အတော်ကြာ ရန်ဖြစ်နေခဲ့သည်။ ချန်ဖန့်လန်ကတော့ ဘေးကနေ နားထောင်ရုံသာ နားထောင်ပြီး ဘာမှ ဝင်မပြောပေမဲ့ တင်းကျပ်နေအောင် ဆုပ်ထားတဲ့ လက်သီးတွေနှင့် လက်ဖျံပေါ်မှာ အမြှောင်းလိုက် ထနေတဲ့ သွေးကြောတွေကို ကြည့်ကာ သူ့စိတ်ထဲမှာ ပူပြင်းတောက်လောင်နေတယ်လို့ ပြောနိုင်ပါသည်။
အချိန် တစ်ခုအကြာမှာတော့ ချန်ဖန့်လန်ရဲ့ အမူအရာက တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်လည် တည်ငြိမ်သွားသည်။ သို့သော် သူ့မျက်လုံးထဲမှာ နားလည်ရခက်သော ခံစားချက်တွေ ၊ အမုန်းတရားတွေ ပြည့်နှက်နေပါသည်။
ထိုအချိန်မှာ စုယန်ယန်ကတော့ သူမဟာ ချန်ဖန့်လန်တို့မိသားစုရဲ့ အမြင်မှာ ကိုယ့်ခင်ပွန်းအပေါ် ဖောက်ပြန်နေတဲ့ ၊ မကောင်းတဲ့ မိန်းမ တစ်ယောက် ဖြစ်နေပြီမှန်း မသိရှာပေ။
ကလေး အသက် တစ်လပြည့်ပြီးတဲ့ ဒုတိယမြောက်နေ့ကို ရောက်တော့မှ ချန်ဖန့်လန်တို့မိသားစုအကြောင်းကို သခင်ကြီးချန်နှင့် တခြားလူတွေအား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်၏။ စုယန်ယန်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းသည်။ သူမရဲ့ မိသားစုကို ထိုလူတွေအား သတိထားပြီး တရင်းတနှီး မနေဖို့ သတိပေးချင်ပါ။
ချန်ကျွင်းဟောက်နှင့် ကျန်လူတွေက ဇဝေဇဝါ ဖြစ်သွားကြသော်လည်း စုယန်ယန်က မဟုတ်မမှန်တဲ့ စကားကို မပြောကြောင်း သိနေတာမို့ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။
စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ သခင်ကြီးချန်က အံ့ဩသွားပေမဲ့ သူ့အမူအရာက တဖြည်းဖြည်း စိတ်ရှုပ်ထွေးတဲ့ ပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ကို ဟိုးတုန်းက ဒေါ်လေးချန် ပြောခဲ့တဲ့ ကိစ္စကို သူ ပြန်သတိရသွားသည်။
သူ့မြေးမလေးက အဲ့ဒီ ကိစ္စကို သိသွားတာကြောင့် ထိုမိသားစုကို မနှစ်မြို့နိုင် ဖြစ်နေသည်ဟု သူ ခန့်မှန်းလိုက်သည်။
ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို မြေးအဘိုး နှစ်ယောက်လုံး သိသော်လည်း ဘယ်သူကမှ ဘာမှ မပြောခဲ့ကြ။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် ကလေး တစ်လပြည့် ဧည့်ခံပွဲအပြီး နောက်ထပ် လေး ၊ ငါးရက်လောက်ထိ ချန်အိမ်တော်မှာ နေထိုင်ခဲ့သည်။ စုယန်ယန်ရဲ့ ဗိုက်ထဲက ကလေး သုံးလပြည့်တော့မှသာ သူတို့တွေ A မြို့တော်ကို ပြန်လာခဲ့ကြသည်။
နှစ်လတောင် မပြည့်တဲ့ အချိန်လေးအတွင်းမှာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနှင့် ပတ်သက်လို့ ပြဿနာ ကြီးကြီးမားမား မရှိခဲ့။
လော့ပေါင်ကမ်း ဦးဆောင်နေသော “ အော်ပရော မင်းသမီး ” ဇာတ်လမ်းတွဲရဲ့ အဓိက သရုပ်ဆောင် လူရွေးပွဲကလည်း ပြီးခါနီးပြီ ဖြစ်ကာ ဇာတ်ကောင်နေရာ အများစုအတွက် လူရွေးပြီးသွားပါပြီ။
ဟောက်ချန်ဟွမ်း မျှော်လင့်ထားသလိုပင် သို့ထျန်းယီရဲ့ လူတွေက လော့ပေါင်ကမ်းကို ပြဿနာရှာပြီး ထုတ်လုပ်ရေးအဖွဲ့ထဲကနေ နှုတ်ထွက်သွားအောင် လုပ်ချင်နေခဲ့သည်။
သို့သော်လည်း ပထမအချက်က လော့ပေါင်ကမ်းဟာ အပျော့ဆွဲနှင့် ချော့မော့ပြောခြင်းကို လက်ခံသော်လည်း အကျပ်ကိုင်တာကိုတော့ လုံးဝ လက်မခံပေ။ ဟေးရီ အန်တာတိန်းမန့်က လူတွေက သူ့ကို ပြဿနာရှာဖို့ ကြိုးစားလေ ၊ သူက ဒီဇာတ်လမ်းတွဲကို ရိုက်ကူးပြီး ထိုလူတွေရဲ့ မျက်နှာကို ဖြတ်ရိုက်ပစ်ချင်စိတ်ပေါက်လာစေလေ ဖြစ်သည်။
ဒုတိယအနေဖြင့် ဟောက်ချန်ဟွမ်းက ဒီလိုတွေ ဖြစ်လာမယ် ဆိုတာကို ကြိုတင် ခန့်မှန်းထားပြီးသားမို့ လော့ပေါင်ကမ်းတို့ လင်မယားကို ကာကွယ်ရန် လူတွေ လွှတ်ပေးထားသည်။
ဟေးရီ အန်တာတိန်းမန့်က အကြိမ် အနည်းငယ်လောက် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်သောအခါ တဖြည်းဖြည်း လက်လျှော့သွားလေသည်။
လော့ပေါင်ကမ်းအပြင် နောက်ထပ် စိတ်ဝင်စားစရာ ဖြစ်ရပ် တစ်ခုလည်း ရှိသေးသည်။ ထိုဖြစ်ရပ်က စုယန်ယန် သဘောကျနေတဲ့ မော်ဒန် IP တစ်ခုမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်သည်။
ထိုအချိန်မှာ ကြွယ်ယင်းက တုန်ချမ်းအား လက်တွဲ အလုပ်,လုပ်ရန် အရင်ဆုံး လာကမ်းလှမ်းခဲ့သည်။ သူတို့က ဒီဇာတ်လမ်းတွဲမှာ အမျိုးသား ဇာတ်လိုက်နှင့် ဒုတိယ အမျိုးသမီး ဇာတ်လိုက် ဆိုတဲ့ ဇာတ်ကောင် နေရာ နှစ်နေရာမှာ ရင်းနှီးမြုပ်နှံချင်နေသည်။
စုယန်ယန်က သူတို့ကို လူရွေးပွဲဖြေခိုင်းမည် ဟူ၍သာ ကတိပေးလိုက်၏။ လူရွေးပွဲအောင်လျှင် သူတို့ကို ထုတ်လုပ်ရေးအဖွဲ့ထဲ ဝင်ခိုင်းမည်။
အဆုံးသတ်မှာတော့ သူတို့ နှစ်ယောက်ကလည်း အတော်လေး အရည်အချင်းရှိသောကြောင့် ထိုဇာတ်ကောင် နေရာ နှစ်နေရာအတွက် လူရွေးပွဲအောင်သွားခဲ့ကြသည်။ ဒါပေမဲ့ သရုပ်ဆောင်အဖွဲ့ထဲကို သူတို့ ဝင်ပြီး သိပ်မကြာခင်မှာပဲ ဒုတိယ အမျိုးသမီး ဇာတ်လိုက်နေရာမှာ ရွေးချယ်ခံထားရသော မင်းသမီးက စုယန်ယန်တို့ကို စတင် အခက်တွေ့အောင် လုပ်ခဲ့လေသည်။
++++++