အခန်း ၆၈၃
Vol. 46 Ch. 683
683 01
အခန်း ( ၆၈၃ ) အလကားရသော ကျော်ကြားမှု။
“ သူမက ဇာတ်ကွက်တွေ ထပ်ထည့်ချင်နေတာလား။ ထုတ်လုပ်ရေးအဖွဲ့ထဲကို ကိုယ်ပိုင် ဇာတ်ညွှန်းဆရာတောင် ခေါ်လာခဲ့တယ်တဲ့လား။ ” ထိုသတင်းကို စုယန်ယန် ကြားသောအခါ ဒေါသကြောင့် ရယ်မိတော့မလို ဖြစ်သွားသည်။ “ ထုတ်လုပ်ရေးအဖွဲ့ကို သူမရဲ့ မိသားစုလို့များ ထင်နေတာလား။ ထုတ်လုပ်ရေးအဖွဲ့မှာ ရှိတဲ့ လူတိုင်းက သူမကိုပဲ ဗဟိုပြုပြီး လည်ပတ်နေရမှာလား … ။ သူမကို အနေအထိုင် ဆင်ခြင်ဖို့ ပြောလိုက်ပါ ၊ မဟုတ်ရင် အလုပ်ထုတ်ခံရလိမ့်မယ်လို့။ သူမက ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်လည်း မဟုတ်လို့ တုန်ချမ်းက သူမကို အလိုလိုက်စရာ တာဝန်မရှိဘူး။ ”
စုယန်ယန်ရဲ့ စကားတွေက ဒီပြဿနာအပေါ် တုန်ချန်းရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ညွှန်ပြလိုက်တာပါပဲ။
သို့သော်လည်း ထိုဒုတိယ အမျိုးသမီး ဇာတ်လိုက်ဟာ ကိုယ်ပိုင် ဇာတ်ညွှန်းနှင့် ရောက်လာတဲ့ လူမျိုး ဖြစ်သည်။ သူတို့က အေးအေးဆေးဆေး နေခိုင်းတိုင်း သူမက လိုက်နေစရာ အကြောင်းမရှိ။
ရိုက်ကူးရေးအဖွဲ့ထဲကို အခုမှ ဝင်ရသေးသော ထိုအမျိူသမီး သရုပ်ဆောင်သည် အဲ့ဒီ နေ့မှာပဲ အလုပ်ထုတ်ခံရပြီး ကြွယ်ယင်းဆီသို့ ပြန်ပို့ခံလိုက်ရလေသည်။
ပြဿနာက ဒီမှာတင် ရပ်သွားလျှင် ကောင်းမှာ ဆိုပေမဲ့ တစ်ယောက်သော သူက အေးအေးချမ်းချမ်း နေတတ်တဲ့ လူမျိုး မဟုတ်။ သူမက ကုမ္ပဏီကို ပြန်ရောက်သည်နှင့် ပြဿနာကို စတင် မီးမွှေးတော့သည်။
သူမက ထုတ်လုပ်ရေးအဖွဲ့ကို သူမ စ,ရောက်သည့် ပထမဆုံး နေ့မှာပဲ ‘ တုန်ချမ်းက အနုပညာရှင် မဟုတ်ဘူး ’ ဟူသည့် အကြောင်းပြချက်ဖြင့် တခြား သရုပ်ဆောင်တွေ ၊ ရိုက်ကူးရေးအဖွဲ့ဝင်တွေဆီက အနိုင်ကျင့်ခံခဲ့ရကြောင်း အခိုင်အမာ ပြောခဲ့သည်။ ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ထွက်ဖို့ သူမ အတင်းအကျပ် ဖိအားပေးခံခဲ့ရတာပါဟု ဆက်ပြောလိုက်လျှင် သူမရဲ့ ပရိသတ်တွေက တုန်ချမ်းကို အမျက်ခြောင်းခြောင်း ထွက်သွားကြတော့သည်။
တုန်ချမ်း အန်တာတိန်းမန့်က ရိုက်ကွင်းမှာ ကြွယ်ယင်းရဲ့ အမျိုးသား အနုပညာရှင် တစ်ယောက် ရှိသေးတယ် ဆိုတဲ့ အချက်ကို ထည့်စဉ်းစားခဲ့၏။ သူက တော်တော်လေး နာခံတတ်သည် ၊ ထို့ကြောင့် ကြွယ်ယင်းနှင့် မိတ်ပျက်အောင် လုပ်ဖို့ မသင့်တော်ပါ။ တကယ်လို့ ကိစ္စတွေ အရမ်း အခြေအနေ ဆိုးလာလျှင် သူတို့ကလည်း ထိုအမျိုးသမီး သရုပ်ဆောင်ရဲ့ လုပ်ရပ်တွေကို ဒီတိုင်း ငြိမ်နေတော့မှာ မဟုတ်။
အဆုံးသတ်မှာတော့ တစ်စုံတစ်ယောက်က သူတို့ရဲ့ သည်းခံစိတ်ကို အားနည်းချက်အဖြစ် အသုံးချခဲ့လေသည်။
တုန်ချမ်းက ကြွယ်ယင်းကို မျက်နှာသာမပေးခဲ့ပေ။ သူတို့က ဇာတ်လမ်း တစ်ခုလုံးကို ချက်ချင်းပဲ ကြေညာစာ ထုတ်ပြန်ပြီး လျော်ကြေးတောင်းလိုက်သည်။
ဟုတ်ပါတယ်။ လျော်ကြေးတောင်းလိုက်တာပါ။
အရင်တုန်းကတော့ ကြွယ်ယင်း အန်တာတိန်းမန့်ဟာ သူတို့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို သူတို့ဘက်က အရင် စကား စခဲ့တာ ဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့ထဲကို ဝင်ဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရတဲ့ သရုပ်ဆောင် နှစ်ယောက်ကို စုယန်ယန်က အမြဲ သတိထား စောင့်ကြည့်ခဲ့တာ ဖြစ်သည်။
အနုပညာလောကမှာ သရုပ်ဆောင် မင်းသား ၊ မင်းသမီးတွေကို ထုတ်လုပ်ရေးအဖွဲ့ထဲ ခေါ်လာပြီး သူတို့ရဲ့ ဇာတ်ညွှန်းတွေကို ပြောင်းခိုင်းတဲ့ ကိစ္စမျိုးတွေ အများကြီးပင်။ ဒီနေရာမှာတော့ အရံ သရုပ်ဆောင်တွေဟာလည်း အဓိက ဇာတ်လိုက်တွေနှင့် ဘာမှ မကွာပေ။
ပထမဆုံးအနေဖြင့် သူမ အခြေအနေတွေကို ရှင်းလင်းအောင် လုပ်ရမည်။ ထို့ကြောင့် အနုပညာရှင်တွေ အကုန်လုံးကို ခေါ်ပြီး ‘ ကျွန်တော် ကျွန်မတို့ ဘာပြဿနာမှ မရှာပါဘူး ’ ဟု သေချာစေရန် စာချုပ်မှာ လက်မှတ်ထိုးခိုင်းလိုက်၏။
အခု ထိုအမျိုးသမီး သရုပ်ဆောင်က ပြဿနာရှာခဲ့ပြီမို့ လျော်ကြေးက အဓိက မကျတော့ပါ။ သို့သော် ထုတ်လုပ်ရေးအဖွဲ့ထဲကို သူမ ဝင်လာတာ နှစ်ရက် ၊ သုံးရက်လောက်ပဲ ရှိသေးတာမို့ ထုတ်လုပ်ရေးအဖွဲ့မှာလည်း အရမ်းကြီး မနှောင့်နှေး မကြန့်ကြာသွားခဲ့ချေ။
အဓိကအားဖြင့် ထုတ်လုပ်ရေးအဖွဲ့သည် စာချုပ်ဖောက်ဖျက်ခြင်းကြောင့် ဖြစ်လာတဲ့ ဆုံးရှုံးနစ်နာမှုတွေကို တာဝန်ယူပေးမည့် တစ်ယောက်ယောက်ကို လိုအပ်သော်လည်း အဲ့ဒါက ကြွယ်ယင်းအတွက်တော့ ပြဿနာကြီး မဟုတ်။
သို့သော်လည်း ကြွယ်ယင်းမှ အမျိုးသမီး သရုပ်ဆောင် လုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် သူမက အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်လို ပုံစံဖမ်းနေမှန်း လူတိုင်း သိသွားကြသည်။ သူမက ကိုယ်ပိုင် ဇာတ်ညွှန်းရေးဆရာကိုတောင် ခေါ်လာပြီး ဇာတ်ကွက်တွေ ထည့်ဖြည့်ခိုင်းခဲ့ပါသည်။
ဒီနှစ်တွေ အတွင်းမှာ အရံ သရုပ်ဆောင်တွေနှင့် အပို ထပ်ဖြည့်ထားသော ဇာတ်ကွက်တွေကြောင့် လူထုရဲ့ နှလုံးသားထဲမှာ နေရာ တစ်ခု ယူထားသော ဤဒရာမာ ဇာတ်လမ်းတွဲသည် အသိအမှတ်အပြုမခံခဲ့ရ။ IP နာမည် ရှိပြီးသား ဆိုပေမဲ့ ဇာတ်လမ်းကတော့ မူရင်း IP နာမည်နှင့် ဘာမှ မဆိုင်ပါ။ ချက်ချင်းပဲ မကျေနပ်ချက်တွေ အကုန်လုံး သူမထံ ကျရောက်သွားကာ ဆိုးဆိုးဝါးဝါး ကြိမ်းမောင်းခံခဲ့ရသည်။
683 02
တကယ်လို့ ဒါရိုက်တာ တစ်ယောက်ယောက်က သူမနှင့် လက်တွဲ ရိုက်ကူးချင်လျှင်တောင် သူမနှင့် တစ်ပါတည်း တွဲပါလာမည့် လူထုရဲ့ မကောင်းတဲ့ အမြင်ကို ခံနိုင်ရည် ရှိပါ့မလား ၊ ဒီလို ပြဿနာအိုး တစ်ယောက်ကိုရော ကိုင်တွယ်နိုင်ပါ့မလား စသည်ဖြင့် အများကြီး စဉ်းစားရလိမ့်မည်။
အခြားတစ်ဖက်၌ တုန်ချမ်းရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ဆုံးဖြတ်ချက်ပြတ်သားခြင်းက ပရိသတ် များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့ရဲ့ IP ဇာတ်လမ်းလေးတွေ မူရင်း ဇာတ်ကြောင်းထဲမှ သွေဖီသွားမှာကို အစပိုင်းမှာ စိုးရိမ်နေခဲ့ကြသော ကောမစ် ပရိသတ်များကလည်း ယာယီအားဖြင့် စိတ်အေးသွားကြသည်။ သူတို့က လူသိပ်မသိတဲ့ ရုပ်ရှင်အဖွဲ့သားတွေကိုလည်း အတိုင်းအတာ တစ်ခုထိ လူသိများအောင် ကူညီပေးခဲ့သည်။
“ သူမက အဲ့လိုမျိုး ပြဿနာရှာလိုက်တော့ ကျွန်မတို့ရဲ့ ဇာတ်လမ်းတွဲကို ပရိုမိုးရှင်းဆင်းတဲ့ နေရာမှာ သုံးရမယ့် ပိုက်ဆံတွေ အကုန်သက်သာသွားတယ်။ ”
ရှားကျွင်းရှန်က စုယန်ယန်ရဲ့ စကားကို ကြားတော့ တစ်ယောက်ယောက်က ဒီလို ပြဿနာရှာမယ် ဆိုတာကို စုယန်ယန် ကြိုတင် ခန့်မှန်းပြီးသား ဖြစ်ရမည်ဟု တွေးမိသွားသည်။ သူမက လူတိုင်း သတိထားနိုင်စေရန်အတွက် ထိုအမျိုးသမီး သရုပ်ဆောင်ရဲ့ အဖြစ်အပျက်ကို ဥပမာပေးလိုက်ရုံသာမက ဇာတ်လမ်းတွဲကို လူသိများစေရန်အတွက်ပါ ထိုအမျိုးသမီး သရုပ်ဆောင်ကို အသုံးချခဲ့လေသည်။
သေသေချာချာ စဉ်းစားကြည့်လိုက်တော့ သူလည်း အဲ့ဒါက ဖြစ်နိုင်ချေရှိတယ်လို့ ခံစားရသည်။
ကြွယ်ယင်းရဲ့ တောင်းဆိုချက်ကို လက်ခံခြင်းကပင် သူတို့ကို ထောက်ထားညှာတာစွာ မျက်နှာသာပေးလိုက်ခြင်းဟု သတ်မှတ်လို့ ရသည်။ အဲ့ဒီတုန်းက စာချုပ်မှာ လက်မှတ်ထိုးခြင်းကလည်း နှစ်ဦးနှစ်ဖက်လုံး ဘေးကင်းတာ သေချာစေဖို့ပင်။
ထိုသရုပ်ဆောင် နှစ်ယောက်သာ အနေအထိုင်တတ်ရင် အကောင်းဆုံးတွေပဲ ဖြစ်လာမှာပါ။ ဇာတ်လမ်းတွဲကောင်း တစ်ခုကို အကုန်လုံး သင့်သင့်မြတ်မြတ် ရိုက်ကူးနိုင်လိမ့်မည်။ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးအမြတ်ရမယ့် အခြေအနေပင်။
ဒါပေမဲ့ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတော့လည်း ရှင်းလင်းပစ်မှ အဆင်ပြေပါလိမ့်မည်။
++++++