အခန်း ၆၈၆
Vol. 46 Ch. 686
686 01
အခန်း ( ၆၈၆ ) ငါ့ကို အဲ့လူ လာရှာတယ်။
စုယန်ယန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ ဟွားဟွားကို အဲ့ကောင်လေးနဲ့ ကစားခိုင်းလိုက်ပါဟာ။ ဟွားဟွား ရှိနေရင်လည်း သူလည်း စိတ်ဆိုးပြေသွားလောက်တယ်။ ”
လင်းရှောင်ချီက သူမကို အံ့ဩသလို စိုက်ကြည့်နေသည်။ “ ဘာစကားလဲ အဲ့ဒါ။ ”
စုယန်ယန်က သက်ပြင်းရှည်ကြီး တစ်ချက် မှုတ်ထုတ်ပြီးမှ ဝမ်းနည်းကြေကွဲစွာ ပြောလိုက်သည်။ “ ဟိုးတုန်းကတော့ သွမ်းသွမ်းကို သူ့ယောက္ခမကြီးက သူခိုး တစ်ယောက်လို သဘောထားပြီး အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့တာလေ။ သူက သွမ်းသွမ်းကို သူ့သမီးနား နည်းနည်းလေးတောင် ကပ်ခွင့်မပြုခဲ့ဘူး။ ဟော .. အခုကျတော့ သူ့သမီးကို သွမ်းသွမ်းနဲ့ ဆော့ခိုင်းဖို့ ဆိုပြီး သူကိုယ်တိုင်ကတောင် အရင် ခေါ်လာပြီ။ အဲ့ယောက္ခမကြီးက ဒီ အချစ်ငှက် စုံတွဲလေးကို နှစ်လတိတိ ခွဲထားပြီးတော့ ဘာလို့ အခုမှ နားလည်သွားပြီး သူတို့ နှစ်ယောက်ကို အတူတူ ရှိခွင့် ပေးနေတာပါလိမ့်။ ”
လင်းရှောင်ချီက သူမရဲ့ စစနောက်နောက် စကားကို ကြားတော့ ထောင်းခနဲ ဒေါသထွက်သွားကာ အံကြိတ်၍ “ စုယန်ယန် .. နင် … ” ဟု အော်ပြောလိုက်လေသည်။
“ ကဲ ကဲ ၊ ငါ နင့်ကို ဆက်မစတော့ဘူး။ ”
သားဖြစ်သူ သွမ်းသွမ်းရဲ့ ပျော်ရွှင်မှု အကျိုးကို ရှေးရှုသော စုယန်ယန်သည် ဘယ်အချိန်မှာ ရပ်တန့်ရမယ် ဆိုတာ နားလည်သည်။ “ ဟွမ်းဟွမ်းကို ခေါ်လာခဲ့နော် ချန်ဟွမ်း။ အဲ့ကောင်စုတ်လေး ဟွားဟွားကို မြင်ရင် ရှင့်ကို သူ့ကို ချီခွင့်ပေးလောက်တယ်။ ”
ဟောက်ချန်းဟွမ်းက ‘ အဲ့ခွေးကောင်လေးကို ကိုယ် မချီချင်ပါဘူး ’ ဟု စိတ်ထဲကနေ ပြောလိုက်၏။
ထိုကောင်လေးဟာ ချန်မိသားစုမှာ နေခဲ့ရတဲ့ နှစ်လအတွင်း အများကြီး ဝလာခဲ့သည်။ သူ့လက်မှာ အသားစိုင်များဖြင့် ပြည့်မို့ဖောင်းအိနေပုံမှာ လက်သည်းတွေကိုတောင် မမြင်ရတော့။
ပြီးတော့ သခင်ကြီးချန်က သူ့ကို စိတ်ကူးပေါက်ရင် ပေါက်သလို ခေါ်ပြီး လမ်းလျှောက်ထွက်တတ်တာမို့ သူ့ကို ပွေ့ချီရတာက ရေ အပြည့် ဖြည့်ထားတဲ့ စဉ့်အိုး တစ်လုံးကို သယ်ရသလို လေးလံနေလောက်ပါပြီ။
သို့သော်လည်း သူ့ဇနီးက အဲ့လို ပြောနေပြီမို့ ဟောက်ချန်ဟွမ်း သူမကို မငြင်းဆန်နိုင်ဘဲ ဟွားဟွားကို အနောက်ဘက် ဥယျာဉ်ထဲ ခေါ်လာခဲ့လိုက်ရလေသည်။
ဟောက်ချန်ဟွမ်း ထွက်သွားသည်နှင့် လင်းရှောင်ချီက သက်သောင့်သက်သာ ပိုဖြစ်သွားခဲ့သည်။ သူမ စုယန်ယန်ဘေးနား သွားပြီး စနောက်လိုက်၏။ “ နင်တို့တွေ အရမ်း ကြိုးစားလွန်းနေကြတာ မဟုတ်လား။ နင့်ယောက်ျားရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားတာ မကြာသေးဘူးမို့လား။ ကလေးက အခု ဘယ်နှလ ရှိပြီလဲ။ ”
“ သုံးလ...။ ”
“ သုံးလ … ” လင်းရှောင်ချီက အချိန်ကို အကြမ်းဖျင်း တွက်လိုက်သည်။ “ အဲ့တော့ နင့်ယောက်ျားရဲ့ ခြေထောက်တွေ ပြန်ကောင်းတာနဲ့ သိပ်မကြာလိုက်ဘဲ သူ … ၊ ကျွတ် ကျွတ် ကျွတ် … ”
လင်းရှောင်ချီက ဘာမှတော့ မပြောပေမဲ့ သူမရဲ့ လှောင်သလို ၊ သရော်သလို အကြည့်က လူတွေကို ရှက်ရွံ့စေပါသည်။
စုယန်ယန် ရှက်သွားသော်လည်း ခေါင်းမော့ ရင်ကော့ထားဆဲပင်။ “ နင် မနာလိုနေတာလား။ ”
“ အေးပါ အေးပါ။ ငါ မနာလိုနေတာပါ။ ရပြီလား။ ”
စုယန်ယန်က သူမကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်သည်။ “ ထားလိုက်တော့။ ငါ့အကြောင်း မပြောဘဲ နေရအောင်။ နင် အခုတလော ဘယ်လိုလဲ။ အလုပ်မှာ တစ်ခုခု ပုံမှန်မဟုတ်တာမျိုး ရှိလား။ တစ်ယောက်ယောက်က နင့်ကို အခက်တွေ့အောင် လုပ်နေတာမျိုးလေ။ ”
“ ငါ အလုပ်မှာ အဆင်ပြေပါတယ် ၊ ကုမ္ပဏီက လူတိုင်းကလည်း ငါ့ကို ကောင်းကောင်း ဆက်ဆံတယ်။ ဘယ်သူမှ ငါ့ကို အခက်တွေ့အောင် မလုပ်ဘူး။ ”
686 02
ကုမ္ပဏီမှာ အစပိုင်း အလုပ်ဝင်တုန်းကတော့ လင်းရှောင်ချီလည်း ကုမ္ပဏီမှာ ရှိတဲ့ လူတွေ ၊ အထူးသဖြင့် သူမရဲ့ ဘော့စ်က သူမဟာ ဘာမှ ပြောပစရာမရှိတဲ့ ကုမ္ပဏီလေး တစ်ခုကနေ ပြောင်းရွေ့လာမှန်း သိသွားမှာကို စိုးရိမ်ခဲ့ရသည်။ သူမအပေါ် မကျေနပ်ချက်တွေ ရှိနေပြီး သူမနောက်ကွယ်မှာ သူမကို လုပ်ငန်းခွင်မှာ အခက်တွေ့အောင် လုပ်ဖို့ တခြား ဝန်ထမ်းတွေနှင့် လျှို့ဝှက် ကြံစည်နေမလားဟုလည်း အတွေးများခဲ့ရသည်။
ဒါပေမဲ့ အဆုံးသတ်မှာတော့ ဘာမှ ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ပါ။ သူမ အလုပ်စဝင်ကတည်းက သူမရဲ့ ဘော့စ်က သူမအပေါ် အရမ်းကြီး မနွေးထွေးပေမဲ့ အေးစက်နေတာမျိုးတော့လည်း မဟုတ်။ သူမရဲ့ လုပ်ရည်ကိုင်ရည်ကို တစ်လလောက် စောင့်ကြည့်အပြီး ၊ သူမက တကယ်ပဲ အရည်အချင်းရှိကြောင်း သိသွားချိန်မှာ သူ့သဘောထားက ပိုလို့တောင် ချိုသာလာခဲ့သည်။
သူမဘေးက လုပ်ဖော်ကိုင်ဖက်တွေကလည်း အတူတူပါပဲ။ သူမကို လုပ်ငန်းခွင်တွင်း အနိုင်ကျင့်တာမျိုး မလုပ်သလို အတင်းအဖျင်းတွေလည်း မပြောကြဘဲ သာမန် လုပ်ဖော်ကိုင်ဖက် တစ်ယောက်လိုပင် ဆက်ဆံပေးကြသည်။ ခြုံပြောရလျှင်တော့ ငှာနတွင်း လုပ်ငန်းခွင်က တော်တော်လေး စိတ်ချမ်းသာစရာကောင်းပြီး အကျိုးအမြတ်တွေလည်း များပါသည်။
လင်းရှောင်ချီရဲ့ မျက်နှာက အလုပ်နှင့် လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောနေစဉ်မှာ စိတ်ချမ်းသာနေပုံဖြင့် ပျော့ပြောင်းနေခဲ့ပေမဲ့ အဲ့ဒီနောက် တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် သူမမျက်နှာပေါ်က အပြုံးလေး ပျောက်ကွယ်သွားလေသည်။
“ ဘာဖြစ်လို့လဲ။ နင့်မျက်နှာက ဘာလို့ အဲ့လောက်တောင် ဖြူဖတ်ဖြူရော် ဖြစ်သွားတာလဲ။ ”
“ ငါ … ” လင်းရှောင်ချီက တစ်ခုခု ပြောချင်သလို စကားစလိုက်ပေမဲ့ ဆက်မပြောနိုင်ဘဲ တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။ သူမကို ကြည့်ရတာ စိုးရိမ်ပူပင်စရာ ကိစ္စ တချို့ ရှိနေပုံပေါ်ပြီး တစ်ခုခု ပြောချင်နေပုံရသည်။
ဒါ ပုံမှန် မဟုတ်ဘူး ဆိုတာကို သတိထားမိသော စုယန်ယန်က မျက်မှောင်ကြုတ်လိုက်၏။ “ ဘာဖြစ်လို့လဲ။ နင် ဘာလို့ ငါ့ကိုတောင် မပြောနိုင်ရတာလဲ။ ဒီမှာ တခြား ဘယ်သူမှ မရှိဘူး။ ငါ့ကို မြန်မြန် ပြောပြစမ်းပါ။ ”
လင်းရှောင်ချီက စုယန်ယန်ရဲ့ တိုက်တွန်းမှုကြောင့် ခဏအကြာမှာတော့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ ငါ့ကို အဲ့လူ လာရှာတယ်။ ”
++++++