← Chapters

အခန်း ၆၈၇

Vol. 46 Ch. 687

အခန်း ၆၈၇

Vol. 46 Ch. 687

687 01

အခန်း ( ၆၈၇ ) နင့်လူက နင့်ကို အကျင့်ပျက်အောင် လုပ်နေတာ။

“ အဲ့လူ .. ဟုတ်လား။ ဘယ်သူလဲ။ ” စုယန်ယန် အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ ‘ ဒီဟာမ သူ ရည်းစားရနေတဲ့အကြောင်း ငါ့ကို မပြောတာလား ’ ဆိုတဲ့ အတွေးက ခေါင်းထဲကို အရင်ဆုံး ဝင်လာသည်။ သို့သော် လင်းရှောင်ချီက အဲ့လို ပြောနေကတည်းက ထိုလူ့အကြောင်းကို သူမ သိနေတာပဲ ဖြစ်ပါလိမ့်မည်။

ဒါဆို …

“ နင် ပြောချင်တာက … နင့် … အဖေလား။ ”

အဖေ ဆိုတဲ့ စကားလုံးကို ကြားသည်နှင့် လင်းရှောင်ချီရဲ့ မျက်နှာ ဖြူရော်သွားပြီး တွန့်ဆုတ်စွာ ခေါင်းညိတ်ပြသည်။

စုယန်ယန်ရဲ့ မျက်နှာ မည်းမှောင်သွား၏။ သူမ ဒီလောက် ကြိုတင်ကာကွယ်ထားတာတောင် လင်းရှောင်ချီက အမှိုက်လို အဖေက သူမကို လာရှာသေးတယ်တဲ့လား … ။

“ သူ နင့်ကို ဘာကိစ္စ လာရှာတာလဲ။ ဘာလဲ .. နင့်ကို သူ့သမီးအဖြစ် အသိအမှတ်ပြုချင်လို့တဲ့လား။ ”

“ … အင်း။ ”

စုယန်ယန်သည် သူမရဲ့ နှလုံးသားထဲက ဒေါသကို ချိုးနှိမ်ပြီး အသက်ပြင်းပြင်း ရှူလိုက်ရသည်။ “ ဒါဆို နင့်အတွေးကရော ဘယ်လိုလဲ။ သူ့ကို အဖေအဖြစ် အသိအမှတ်ပြုချင်လား။ ”

လင်းရှောင်ချီ ခဏလောက် နှုတ်ဆိတ်သွားပေမဲ့ ဆုံးဖြတ်ချက် မပြောင်းလဲဘဲ ခေါင်းခါနေပါသေးသည်။ “ ဟင့်အင်း ၊ ငါ သူ့ကို အဖေလို့ အသိအမှတ်မပြုချင်ဘူး။ ”

စုယန်ယန် စိတ်အေးသွားတဲ့ သက်ပြင်းလေး ချလိုက်သည်။ “ နင် သူ့ကို အသိအမှတ်မပြုချင်ဘူး ဆိုရင်လည်း မပြုနဲ့။ သူသာ နင့်ကို တကယ် လာရှာချင်တယ် ဆိုရင် နင် ဒီအသက်အရွယ် ရောက်တဲ့ထိ စောင့်နေမှာ မဟုတ်ဘူး။ ”

ဘာပဲပြောပြော သူက လင်းရှောင်ချီရဲ့ သွေးရင်းသားရင်း ဖခင်ပါ။ လင်းရှောင်ချီ ကိုယ်တိုင်မှာ တစ်ဖက်လူရဲ့ အပြုအမူကို ဝေခန်ပိုင်ခွင့် ရှိပေမဲ့ သူမရဲ့ သူငယ်ချင်း ဖြစ်တဲ့ ချန်ကျင်းလန်အတွက်ကတော့ အများကြီး ပြောဖို့ မသင့်တော်ပါ။

သူမ ခဏလောက် ချင့်ချိန်တွေးဆပြီးမှ ပြောလိုက်သည်။ “ ဘာပဲဖြစ်ဖြစ် သူ ပြောတဲ့ စကားကို အရင်ဆုံး လက်မခံနဲ့ဦး။ သူ့နောက်ကြောင်းရယ် ၊ သူ ဘာလို့ နင့်ကို ရုတ်တရက်ကြီး လာရှာတာလဲ ဆိုတာရယ်ကို ငါ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်။ အခု လောလောဆယ် နင်က သူ့အကြောင်း ဘာမှ မသိသေးဘူး ဆိုတော့ သူကို တစ်ယောက်တည်း မျက်နှာချင်းမဆိုင်သင့်ဘူး။ ”

လင်းရှောင်ချီရဲ့ နှလုံးသားလေး နွေးထွေးသွားသည်။ အရင်တုန်းကတော့ စုယန်ယန်ကို ဒီအကြောင်း ပြောပြရင် ကောင်းမလား ၊ မပြောရင် ကောင်းမလား ဟူ၍ တကယ့်ကို ချိတုံချတုံ ဖြစ်ခဲ့မိပါသည်။

ပြောရရင် အဲ့ဒါက သူတို့မိသားစုရဲ့ မကောင်းတဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလို့ ရသည်။ လင်းရှောင်ချီသည် သူများတွေကို ဒီပြဿနာထဲ ဆွဲထည့်မိမှာကို တွေးကာ အမြဲတမ်း အပြစ်မကင်းသလို စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

သို့သော်လည်း နှစ်ရက် ၊ သုံးရက်လောက် တွန့်ဆုတ်နေအပြီးမှာတော့ သူမမှာ တကယ်ပဲ ရွေးချယ်စရာ မရှိတော့ပါ။ သူမအမေကလည်း မရှိတော့ပြီမို့ လက်ရှိအချိန်မှာ သူမနှင့် နီးစပ်ရင်းနှီးတာက ဟွားဟွားရယ် ၊ စုယန်ယန်ရယ်ပဲ ကျန်တော့တာဖြစ်သည်။

“ ငါ သူ့အကြောင်းကို သိပ်မသိပေမဲ့ သူ့ကို ကြည့်ရတာတော့ … တော်တော်လေး ချမ်းသာပြီး အာဏာရှိတဲ့ ပုံပဲ။ သူက သွားရှုပ်လို့ ရတဲ့ လူမျိုး မဟုတ်မှာ ငါ ကြောက်တယ်။ ”

စုယန်ယန် အံ့အားသင့်သွားပေမဲ့ လင်းရှောင်ချီက ဒီပြဿနာထဲ သူမပါ ဝင်ပါပြီး သူမ ထိခိုက်မှာကို စိုးရိမ်နေတာ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွား၏။

“ သူက ဘယ်လောက်တောင် ချမ်းသာတာမို့လို့လဲ။ ငါ့ယောက်ျားလောက် ချမ်းသာလို့လား။ ”

လင်းရှောင်ချီ : “ … ” နင့်ယောက်ျား ဘယ်လောက် ချမ်းသာမှန်း ငါက ဘယ်လိုလုပ် သိမှာလဲ။

မဟုတ်သေးဘူး ၊ နင် ဒီလို အချိန်မှာ ပေါတောတောနဲ့ နင်တို့ ဘယ်လောက် ချမ်းသာကြောင်း ၊ တစ်ယောက်ကို တစ်ယောက် ဘယ်လောက် ချစ်ကြောင်း လာကြွားနေတာ ရပ်လို့ ရမလား။

တင်းမာနေတဲ့ လေထုက စုယန်ယန် ထိုစကားကို ပြောလိုက်သည်နှင့် ပြေလျော့သွားသည်။ လင်းရှောင်ချီ ဘာကို စိုးရိမ်နေလဲ ဆိုတာ စုယန်ယန် ခန့်မှန်းလို့ ရပါသည်။ သူငယ်ချင်းဖြစ်သူရဲ့ လက်ကို သူမ ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ပြောလိုက်သည်။ “ မလိုအပ်တာတွေကို လျှောက်စိတ်ပူမနေနဲ့။ ငါ့အဖေ ၊ ငါ့ဦးလေး ၊ ကျန်တဲ့ ငါ့မိသားစုဝင်တွေ အကုန်လုံးက နင့်မိသားစုပဲ။ နင် ဆန္ဒမရှိတဲ့ ကိစ္စ တစ်ခုကို ဘယ်သူကမှ အတင်း လာဖိအားပေးလို့ မရဘူး။ ဘယ်သူကမှ နင့်ကို အနိုင်ကျင့်လို့ မရဘူး။ ”

အရင်ဘဝတုန်းက လင်းရှောင်ချီ ဘယ်လို ပုံစံမျိုးဖြင့် ဇာတ်သိမ်းသွားခဲ့တယ် ဆိုတာကို ပြန်တွေးမိသောအခါ သူမရဲ့ မျက်လုံးတွေ အေးစက်သွားသည်။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ သူမကို အရှင်လတ်လတ် စားခဲ့တဲ့ မိသားစုထဲကို ပြန်သွားခွင့်မပြုနိုင်ပါ။

“ ယန်ယန် … ” လင်းရှောင်ချီရဲ့ မျက်လုံးတွေ အနည်းငယ် နီနေသည်။ သူမရဲ့ နှလုံးသားထဲမှာ နင့်နင့်နဲနဲ ထိရှခံစားလိုက်ရသလို စိုးရိမ်ပူပန်မှုတွေလည်း လျော့သွားသည်။

“ ကဲပါ ကဲပါ ၊ နင် တကယ် ခံစားသွားရတယ် ဆိုရင်လည်း နင့်သမီး ဟွားဟွားကို ငါ့သားနဲ့ လက်ထပ်ပေးဖို့သာ သဘောတူလိုက်။ အဲ့ဒါဆို ငါတို့လည်း ခမည်းခမက်တွေ ဖြစ်သွားမယ် ၊ ငါလည်း နင့်ကိစ္စတွေကို ဝင်ပါဖို့ ပိုယုံကြည်ချက် ရှိသွားမယ်။ ”

“ သေလိုက်ပါလား … ” လင်းရှောင်ချီသည် ကျအံ့ဆဲဆဲ မျက်ရည်တွေကို ပြန်ထိန်းပြီး စုယန်ယန်ကို မျက်စောင်းထိုးလိုက်လေသည်။ “ နင် ဒီလောက်တောင် မျက်နှာပြောင်တယ် ဆိုတာ အရင်တုန်းက ငါ ဘာလို့ မသိခဲ့တာပါလိမ့်။ ထင်ထားသလိုပဲ နင်က ယောက်ျားရတာနဲ့ လူဆိုးမ ဖြစ်သွားတယ်။ နင့်ယောက်ျားက နင့်ကို အကျင့်ပျက်အောင် လုပ်နေတာ။ ”

စုယန်ယန်က မျက်ခုံးပင့်ပြီး အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ “ ငါ့ချန်ဟွမ်းကို လာမစွပ်စွဲနဲ့။ ငါက အရင်ကတည်းကလည်း အမြဲတမ်း ဒီလိုပဲ မျက်နှာပြောင်တယ်။ ”

လင်းရှောင်ချီ : “ ... ” နင် ဒီ့ထက် ပိုပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလို့ ရသေးလား။ မျက်နှာပြောင်လိုက်တာဟေး … ။

All Chapters