← Chapters

အခန်း ၆၈၈

Vol. 46 Ch. 688

အခန်း ၆၈၈

Vol. 46 Ch. 688

အခန်း ( ၆၈၈ ) မျက်စိရှက်ဖွယ်ရာ မြင်ကွင်းကို နောက်တစ်ခေါက် မျက်မြင်ကြုံရခြင်း။

စုယန်ယန်ရဲ့ ပေါက်ကရ စကားတွေကြောင့် လင်းရှောင်ချီ နည်းနည်းလေးတော့ စိတ်ညစ်တာ ပျောက်သွားသည်။

စုယန်ယန်က “ သူ နင့်ကို ဘယ်လို ရှာတွေ့သွားတာလဲ ဆိုတာ နင် သိလား။ ” ဟု မေးလိုက်၏။

စုယန်ယန်သည် လင်းရှောင်ချီအား ‘ သူ နင့်ကို ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ ’ ဆိုတဲ့ ဇာတ်လမ်းကို အလှည့်အပြောင်း ဖြစ်သွားစေနိုင်သည့် အချက်ကို မမေးမိအောင် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း ပါးစပ်ကနေ လွှတ်ခနဲ မေးမိသွား၏။

ဒီလို ပြောတော့မှ လင်းရှောင်ချီလည်း မျက်မှောင်ကြုတ်လိုက်သည်။ “ ငါလည်း သိပ်တော့ မသေချာဘူး။ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက သူရယ် ၊ တခြား လူ နှစ်ယောက် သုံးယောက်လောက်ရယ် ရုတ်တရက် ရောက်လာပြီး သူက ငါ့အဖေပါလို့ ပြောတာပဲ။ အစတုန်းကတော့ ငါလည်း သူ့ကို လူလိမ်လို့ ထင်ပြီး မယုံဘူး။ ဒါပေမဲ့ သူက ငါ့ကို ဒီအင်န်အေ စစ်ဆေးထားတဲ့ စမ်းသပ်ချက် စာရွက် ပြတယ် … ”

“ အဲ့ဒါပြီးတော့ နင့်ကို သူ့မိသားစုအခြေအနေနဲ့ သူ ဘာလို့ နင်တို့သားအမိကို ဟိုးအရင်တုန်းက စွန့်ပစ်ခဲ့တာလဲ ဆိုတာ ပြောလား … ”

“ ပြောတယ်။ ငါ ရှိနေတယ်လို့ သူ သိတာ သိပ်မကြာသေးဘူးတဲ့။ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေက တော်တော်လေး ရှုပ်ထွေးတယ်လို့ ပြောတယ်။ ငါ့အမေက သူ့ကို အထင်လွဲသွားတာတဲ့။ တကယ်တော့ သူက သူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးအပေါ်မှာ ဘာခံစားချက်မှ မရှိခဲ့ဘူးလို့ ပြောတယ်။ ပြီးတော့ အဲ့ဒီအချိန်တုန်းက သူက ‌တစ်ဖက်မိန်းကလေးနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပြီး ငါ့အမေနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးနေပြီတဲ့။ ကံမကောင်းစွာနဲ့ ငါ့အမေက အဲ့အကြောင်းကို အရင် သိသွားပြီး ဘာမှ မပြောမဆိုနဲ့ ထွက်ပြေးသွားခဲ့တာတဲ့ … ”

“ နင် ယုံလား။ ”

လင်းရှောင်ချီ မျက်လုံးလှိမ့်လိုက်သည်။ “ နိုး ၊ မယုံဘူး။ ”

စုယန်ယန် မျက်မှောင်ကြုတ်ပြီး ခပ်တိုးတိုး ရယ်လိုက်၏။ “ နင် သူ့ကို နင့်အမေ ထွက်ပြေးသွားတာနဲ့ ဘာလို့ ချက်ချင်း လိုက်မရှာတာလဲလို့ မမေးလိုက်ဘူးလား။ သူ့လက်ရှိဇနီးကရော အဲ့ဒီတုန်းက သူနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးလား။ ”

လင်းရှောင်ချီ ခဏ တိတ်ဆိတ်သွားပြီးမှ ခါးသီးစွာ ပြုံးပြီး “ ဘာပဲဖြစ်ဖြစ် အဲ့ဒါက အရေးမကြီးတော့ပါဘူး။ ” ဟု ပြန်ပြောလိုက်သည်။

သူ ပြောတဲ့ စကားတွေက အမှန်တွေ ဆိုလျှင်တောင် သူမတို့သားအမိ နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ နာကျင်မှုကို ဘယ်အရာနှင့်မှ ပြန်ဖာထေးလို့ မရပါ။

သူ ပြောတဲ့ စကားတွေက အကုန်လုံး အလိမ်အညာတွေ ဆိုလျှင်တော့ သူမရဲ့ အမေက သူနှင့် လမ်းခွဲခဲ့တာ မမှားပါ။ အဲ့လို လူမျိုးက သူမအမေရဲ့ အချစ်နှင့်လည်း မထိုက်တန်။ သူမဆီက အဖေရယ်လို့ အသိအမှတ်ပြုခံရဖို့ ဆိုရင် အဝေးကြီးပင်။

အစကတည်းက သူမမှာ ထိုလူနှင့် ပတ်ပတ်သက်သက် လုပ်ဖို့ ရည်ရွယ်ချက် မရှိပါ။

စုယန်ယန်ကတော့ အဲ့လို မထင်ပေ။ လင်းရှောင်ချီက အသည်းမာတဲ့ လူမျိုး မဟုတ်မှန်း သူမ ကောင်းကောင်း သိသည်။ ထိုလူ့ကို လင်းရှောင်ချီ အသိအမှတ်မပြုချင်ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူမအမေရဲ့ အသက်ကို ပြန်လိုချင်လို့ပါပဲ။

နှစ်တွေ အများကြီး ကြာပြီးနောက်မှာ သူ့နှလုံးသားက ပျော့ပြောင်းနူးညံ့ရင် နူးညံ့သွားလောက်ပေမဲ့ သူ့မိသားစု တစ်ခုလုံးက အကြင်နာတရားရှိတဲ့ လူတွေ မဟုတ်တာကိုတော့ သိထားရပါမည်။

အကောင်းဆုံး နည်းလမ်းကတော့ လင်းရှောင်ချီအား ထိုမိသားစုရဲ့ သရုပ်မှန်တွေကို မြင်အောင် ကြည့်ခိုင်းပြီး သူတို့ကို အပြည့်အဝ ဥပေက္ခာပြု လျစ်လျူရှုခိုင်းခြင်းပဲ ဖြစ်လေသည်။

သူတို့ နှစ်ယောက် ခဏလောက် ကြာအောင် ရောက်တတ်ရာရာ စကားတွေ ဆက်ပြောဖြစ်ခဲ့ကြသည်။ လင်းရှောင်ချီက စုယန်ယန်မှာ ကိုယ်ဝန်လည်း ရှိနေပြီး ခရီးကလည်း အခုမှ ပြန်ရောက်ခါစမို့ ပင်ပန်းနေမှာကို သိသောကြောင့် စကား နည်းနည်းပါးပါး ပြောပြီးနောက် ပြန်ဖို့ နေရာမှ ထလိုက်ပါသည်။

မပြန်ခင် စုယန်ယန်နှင့်အတူ နောက်ဖေးခြံထဲမှာ ပန်းကြည့်ဖို့ လိုက်လာခဲ့ပေမဲ့ မျက်စိရှက်ဖွယ်ရာ မြင်ကွင်း တစ်ခုကို လင်းရှောင်ချီ မြင်လိုက်ရသည်။

အငိုက်မိစွာပင် နှစ်ယောက်လုံး စက္ကန့် အနည်းငယ်လောက် ကြောင်အသွားခဲ့ကြ၏။ ထို့နောက် ဟောက်မိသားစု အိမ်တော်ထဲမှာ အော်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ နင် … ” စုယန်ယန်က သွမ်းသွမ်းရှေ့မှာ ထိုင်ချလိုက်ပြီး သူ့ရဲ့ ခေါင်း လုံးလုံးလေးကို ပိတ်ရိုက်ပစ်လိုက်သည်။

ဟွားဟွားနှင့် ဝေးနေချိန်မှာ သူ ဘယ်လောက် ဒေါသထွက်နေခဲ့မလဲဟု တွေးမိသောအခါ ရယ်ချင်စိတ်ကို စုယန်ယန် ထိန်းမရတော့။ အဲ့ဒီနောက် သူ့ခေါင်းလေးကို ထပ်ရိုက်လိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “ နင့်ကို ကောင်းကောင်း အပြစ်ပေးရမယ်။ ”

ဒီခွေးလေး နှစ်ကောင်က အချိန် တစ်ခု ကြာအောင် အခွဲခံထားရပြီးမှ ပြန်ဆုံစည်းတဲ့ ညားခါစ လင်မယားတွေ ဆိုတာ သူမ သိပေမဲ့ တစ်ကောင်က လူမြင်ကွင်းကြီးမှာတောင် အခုလို ပြုမူရဲနေပါသည်။ ဒီတစ်ခေါက်တော့ သူမရဲ့ ခွေးကလေးဟာ သူ့မင်းဂွတ်သီးနှင့် ဟွားဟွား ဆိုတဲ့ ရွေးချယ်မှု နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရနိုင်ချေရှိသည်။

သွမ်းသွမ်းက သနားစဖွယ် ဆွဲဆွဲငင်ငင် ငိုနေခဲ့၏။

သူ့ဇနီးနဲ့ နှစ်လကျော်တောင် အခွဲခံထားရတာလေ။ အခုမှ ပြန်တွေ့ရတာမို့လို့ ပြန်တွေ့တုန်း ချစ်တင်းနှောမိတာ အပြစ်လား။ အူးဟူးးး ၊ သူ့ယောက္ခမက သူတို့စုံတွဲရဲ့ ချစ်ခြင်းကို ခွဲဖို့ အမြဲတမ်း ကြိုးစားနေတာပဲ … ။ မတရားခံသလို ခံစားရတယ် ၊ သိပ်ကို ဝမ်းနည်းစရာကောင်းတယ်။

စုယန်ယန်က သွမ်းသွမ်းဘေးမှာ ထိုင်ပြီး သူ့ကို အပြစ်တင်နေခဲ့သည်။ သူ စိတ်ဓာတ်ကျပြီး ညိုးငယ်နေကာ ဘာမှ ပြန်မပြောတာကို မြင်တော့မှ ဆက်မစနောက်ဘဲ ရပ်လိုက်တော့သည်။

ရိုလီပိုလီအား သွမ်းသွမ်းကို မျက်စိဒေါက်ထောက် စောင့်ကြည့်ဖို့ မှာခဲ့ပြီးနောက် နောက်ဖေးခြံထဲက ပြန်ထွက်လာခဲ့လိုက်သည်။

++++++

All Chapters