အခန်း ၆၉၀
Vol. 46 Ch. 690
690 01
အခန်း ( ၆၉၀ ) မိသားစုတွင်း အရှုပ်အထွေးများ။
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်မှာ ဆန်ပြုတ် နည်းနည်း ပေနေတာကို မြင်သောကြောင့် လက်မကို သုံးပြီး သုတ်ပေးလိုက်၏။ “ သူက အဲ့လူကို အဖေလို့ အသ်အမှတ်မပြုချင်ဘူး ဆိုတာကို မင်းက ဘာလို့ အရမ်း စိတ်ညစ်တဲ့ပုံပေါက်နေတာလဲ။ အဲ့ဒါက ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးလား။ ”
“ ဟုတ်ပါတယ် ၊ သူ အဲ့လူကို လက်မခံချင်တာ ကောင်းတဲ့ ကိစ္စပါ။ ” စုယန်ယန် သက်ပြင်းချလိုက်သည်။ “ ဒါပေမဲ့ သူက ပြဿနာတွေ ဖြစ်လာမှာ စိုးလို့ လက်မခံချင်တာ။ အဲ့လူယုတ်မာက ဒီလောက် အချိန်တွေ ကြာမှ ရှောင်ချီ့ကို ရုတ်တရက်ကြီး လာရှာပြီး သူ့အိမ်ကိုပါ ခေါ်သွားချင်နေတာလေ။ အဲ့လူမှာ မကောင်းတဲ့ ရည်ရွယ်ချက် တစ်ခုခုတော့ ရှိမှာပဲ။ ဘာပဲပြောပြော ရှောင်ချီကလည်း မိန်းကလေး ဆိုတော့ သူသာ အဲ့လူကို ဒေါသထွက်သွားရင် … ”
“ သူတို့ ပြောတာကို သဘောမတူရင် အတင်း ဖိအားပေးပြီး သဘောတူခိုင်းမှာကို မင်း စိုးရိမ်နေတာလား။ ”
“ အင်း။ ” စုယန်ယန် ခေါင်းငုံ့ပြီး ပန်းကန်ထဲက ဇွန်းကို နေရာညှိလိုက်သည်။ ထို့နောက် ဟောက်ချန်ဟွမ်းကို မျက်လွှာချပြီး ပြောလိုက်၏။ “ ကျွန်မကို အဲ့လူရဲ့ အကြောင်းနဲ့ သူ ရှောင်ချီကို လာရှာရတဲ့ တကယ့်ရည်ရွယ်ချက် အစစ်ကို ကူစုံစမ်းပေးပါလား။ ရုတ်တရက်ကြီး ပေါ်လာပြီး ရှောင်ချီကို သမီးလို့ အသိအမှတ်ပြုချင်နေတာရဲ့ နောက်မှာ တစ်ခုခုကို ဖုံးကွယ်ထားလိမ့်မယ်လို့ ကျွန်မ ခံစားနေရတယ်။ ”
အရင်ဘဝတုန်းက သူမကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတာမို့ ထိုလူ ဘာ့ကြောင့် ပေါ်လာတာလဲ ဆိုတဲ့ အကြောင်းပြချက်ကို စုယန်ယန် သိသည်။ ဒါပေမဲ့ သူမမှာ ဘာသက်သေမှ မရှိတာမို့ သူမ သိထားတဲ့ အကြောင်းတွေကို လင်းရှောင်ချီအား ပြောပြဖို့ မဖြစ်နိုင်ပါ။
ထိုအိမ်ကို လင်းရှောင်ချီ လိုက်သွားသည်နှင့် တစ်ပြိုင်နက် သူမရဲ့ အမှိုက်လို အဖေရဲ့ ပထမဇနီးက သူမရဲ့ အမေဘက်က မိသားစုနှင့် ပူးပေါင်းကာ သူမကို လက်စားချေလိမ့်မယ် ဆိုတာကိုလည်း စုယန်ယန် သိသည်။ မဝေးတော့တဲ့ အနာဂတ်မှာ သူတို့ဟာ လင်းရှောင်ချီကို ဆိုးဆိုးဝါးဝါး သေဆုံးရအောင် လုပ်ကြံလိမ့်မည်။
သူမ ပြောတဲ့ စကားတွေကို လင်းရှောင်ချီ ယုံပါ့မလား ဆိုတာကိုတော့ ပြောမနေချင်တော့ပါ။ အသိစိတ်ရှိတဲ့ လူကောင်း ပကတိ ဘယ်သူမဆို သူမကို အရူး တစ်ယောက်လိုသာ ဆက်ဆံမှာပင်။
“ ကောင်းပြီ။ ကိုယ် မင်းအတွက် စုံစမ်းထားလိုက်ပါ့မယ်။ ”
“ ကျေးဇူးပါ အချစ်လေး။ ” စုယန်ယန် ခပ်တိုးတိုး ရယ်ပြီး ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ နမ်းလိုက်သည်။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်ရင့်သွား၏။ “ မင်းက ကိုယ့်ကို အဲ့လောက်လေးနဲ့ လာဘ်ထိုးချင်တယ်ပေါ့ … ”
“ ဒါဆို ရှင် တခြား ဘာလိုချင်သေးလို့လဲ။ ” စုယန်ယန်က နေရာမှ ထလိုက်ပြီး အကြောင်းသိသူများ မှန်ဘီလူးနှင့် ကြည့်မှ မြင်ရလောက်တဲ့ အတိုင်းအတာထိသာ ပူသေးတဲ့ ဗိုက်လေးကို ပွတ်လိုက်သည်။ “ ဟမ့် ၊ ကျွန်မဗိုက်ထဲမှာ ကလေး ရှိသေးတယ်နော်။ ကျွန်မက ရှင့်ကို အကူအညီလေး တစ်ခု တောင်းမိတာကို ရှင်က ဟိုဟာ လိုချင်လိုက် ၊ ဒီဟာ လိုချင်လိုက်နဲ့ … ။ ကျွန်မ အခုတလော ရှင့်ကို အလိုလိုက်မိတာ များသွားပြီ ထင်တယ်။ ”
ဟောက်ချန်ဟွမ်းက သူမစကားကြောင့် ရယ်ချင်သွားသော်လည်း သူပါ မတ်တပ်လိုက်ရပ်ပြီး ပြောလိုက်၏။ “ ဒါပေါ့ ဒါပေါ့ ၊ အခုအချိန်မှာ မင်းက ကိုယ်တို့မိသားစုရဲ့ အရေးအပါဆုံး လူ ဖြစ်နေပြီ။ မင်း တစ်ခုခု လိုတာနဲ့ ကိုယ့်ကို တန်းပြောနော်။ ကိုယ် အဲ့ဒါကို ချက်ချင်း လုပ်ပေးမယ် ၊ ဘာမှလည်း ပြန်မတောင်းဆိုဘူး။ ”
သူ့ပါးစပ်ကသာ အဲ့လို ပြောနေသော်လည်း လက်တွေ့မှာတော့ သူမကို နောက်တစ်ခေါက် ငုံ့နမ်းလိုက်ပါသေးသည်။ နမ်းပြီးသွားတော့မှ ခပ်ဖွဖွ ပြောလိုက်သည်။ “ ကိုယ် စုံစမ်းပေးမယ်။ ကိုယ့်ဆီက သတင်းတွေကို စောင့်နေနော်။ ”
“ အင်း။ ”
ဟောက်ချန်ဟွမ်းက အလုပ် တစ်ခုကို လုပ်ရင် မြန်မြန်ဆန်ဆန်နှင့် ဖြစ်မြောက်အောင် လုပ်တဲ့ လူမျိုးလို့ ပြောလို့ ရသည်။ ပြီးတော့ ချင်မိသားစုမှာ ဖြစ်ခဲ့တြဲ အဖြစ်အပျက်တွေကလည်း လျှို့ဝှက် ချက် မဟုတ်တာမို့ စုံစမ်းမှု တချို့ ပြုလုပ်ပြီးသည်နှင့် သူတို့ ဖော်ထုတ်နိုင်ပါလိမ့်မည်။ လင်းရှောင်ချီရဲ့ အဖေနာမည်က ချင်ဖန်သဲ့ ဖြစ်ပြီး လက်ရှိအချိန်မှာ သူက F မြို့တော်ရှိ ချင်မိသားစုရဲ့ အိမ်ထောင်ဦးစီး ဖြစ်သည်။ ချင်မိသားစုရဲ့ အိမ်တွင်းရေး ကိစ္စတွေက အတော်လေး ရှုပ်ထွေးပြီး မကောင်းတဲ့ အချိတ်အဆက် ပတ်သက်မှုတွေလည်း မျိုးစုံပါပဲ။
ချင်ဖန်သဲ့ရဲ့ အိမ်ထောင်ဦးစီး နေရာကလည်း ခိုင်မာမှုတော့ သိပ်မရှိ။ အရင်တုန်းက ချင်မိသားစုရဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့တဲ့ သူ့အဖေက သူ့သားကို ပျိုးထောင်တဲ့ နေရာမှာ လိုအပ်ချက်တွေ အများကြီး ရှိခဲ့သည်။
ချင်ဖန်သဲ့မှာ အစ်ကို နှစ်ယောက်နှင့် ညီ တစ်ယောက် ရှိပြီး သူတို့ သုံးယောက်လုံးက ထိန်းသိမ်းကိုင်တွယ်ရခက်တဲ့ ခပ်ဆိုးဆိုး လူတွေပါ။
690 02
အရင်တုန်းကတော့ ချင်အိမ်တော်မှာ ချင်ဖန်သဲ့ရဲ့ နေရာက မြင့်လည်း မမြင့် ၊ နိမ့်လည်း မနိမ့်ဘဲ ကိုးရို့ကားရားနိုင်သော အနေအထား တစ်ခုမှာ ရှိခဲ့သည်။ သူ့အရည်အချင်းကလည်း တခြား အစ်ကိုတွေ ၊ ညီတွေနှင့် ယှဉ်လိုက်လျှင် ထင်းထွက်မနေသောကြောင့် ချင်အိမ်တော်မှာ လျစ်လျူရှုအခံရဆုံးနှင့် အသုံးမကျဆုံး သား တစ်ယောက် ဖြစ်လာခဲ့သည်။
ဘယ်သူကမှ သူ့အစ်ကို နှစ်ယောက်နှင့် ညီ တစ်ယောက်ကို ညီအစ်ကိုအချင်းချင်း အသက်သေဆုံးစေတဲ့အထိ ဆက်ခံသူနေရာလုကြလိမ့်မည်ဟု ထင်မထားခဲ့ကြ။ အဆုံးသတ်မှာ သူတို့ထဲမှ တစ်ယောက်က ဒုက္ခိတ ဖြစ်သွားပြီး ကျန်နှစ်ယောက်ကတော့ သေဆုံးသွခဲ့သည်။ ထို့ကြောင့် ညီအစ်ကိုတွေထဲမှာ အရည်အချင်းမရှိဆုံး ချင်ဖန်သဲ့ကပဲ ဖရိုဖရဲ အခြေအနေတွေအပြီးမှာ ဆက်ခံသူနေရာကို ယူခဲ့ရသည်။
သို့သော်လည်း သူ့အစ်ကိုတွေက သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပါ။ အခုတော့ သူ့မှာ ‘ မိသားစုခေါင်းဆောင် ’ ဆိုတဲ့ သူ့နေရာကို မျက်စိကျပြီး သူ့ကို အချိန်မရွေး ကိုက်ဖြတ်ဝါးမျိုဖို့ အဆင်သင့် ဖြစ်နေတဲ့ တူတော်မောင် တစ်အုပ်သာ ကျန်ပါတော့သည်။
++++++