အခန်း ၆၉၁
Vol. 47 Ch. 691
691 01
အခန်း ( ၆၉၁ ) သူ့မှာ ရွေးချယ်စရာ မရှိပါ။
ထိုစကားက သူ့ရဲ့ လေးယောက်မြောက် ညီ ချင်ကျင်းဟုန်ရဲ့ သား နှစ်ယောက်အတွက်ဆို ပိုမှန်သည်။ ပြောရရင် သူ့အစ်ကို နှစ်ယောက်ရဲ့ သားတွေက ကလေးဘဝကတည်းက ဖတဆိုးလေးတွေ ဖြစ်ခဲ့တာမို့ သူ့ညီရဲ့ ကလေး နှစ်ယောက်လောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါ။
သူ့ညီကတော့ မိသားစုထဲမှာ အငယ်ဆုံး သားမို့ ကလေးဘဝကတည်းက သခင်ကြီးချန် ဖူးဖူးမှုတ်ထားတာ ခံခဲ့ရသူပင်။ သူက မိသားစုဦးဆောင်သူ နေရာအတွက် အားကောင်းသာ ယှဉ်ပြိုင်သူ တစ်ယောက် ဖြစ်၏။
အခုအချိန်မှာ သူက ဒုက္ခိတ ဖြစ်နေလျှင်တောင် အစတုန်းက သူနှင့် သက်ဆိုင်ခဲ့တဲ့ မိသားစုဦးဆောင်သူ နေရာကို ချင်ဖန်သဲ့က လုယူသွားတာလို့သာ အမြဲတမ်း ခံယူထားကာ ချင်ဖန်သဲ့ကို ပြဿနာများစွာရှာခဲ့လေသည်။
သူ့လွှမ်းမိုးမှုအောက်မှာ သူ့သား နှစ်ယောက်ကလည်း အတွေးတွေ တစ်ထေရာတည်း။ မိသားစုဦးဆောင်သူနေရာကို သူတို့အဖေသာ ပိုင်ဆိုင်သင့်သည်ဟု ထင်ကြသည်။
ချင်ကျင်းဟုန်ကလည်း ကျန်းမာရေးမကောင်းတော့တာမို့ ချင်မိသားစုရဲ့ ရှေ့ရေးအတွက် ထိုနေရာကို ချင်ဖန်သဲ့အား ယာယီ လွှဲပြောင်းပေးထားခဲ့ရသည်။ အခုတော့ သူတို့ အားလုံးလည်း အရွယ်ရောက်နေပြီမို့ ထိုနေရာကို သူတို့မိသားစုဆီ ပြန်လွှဲပြောင်းပေးသင့်နေပြီ ဖြစ်သည်။
မကြာသေးမီက ချင်ဖန်သဲ့ရဲ့ သား ချင်ကျွင်းဝူ အက်ဆီးဒင့်ဖြင့် သေဆုံးသွားချိန်မှာတော့ ထိုအတွေးဟာ ပိုလို့ ခိုင်မာသွားခဲ့သည်။
ပြီးခဲ့တဲ့ နှစ်တွေကတည်းက သူ့ညီ ချင်ကျင်းဟုန်ရဲ့ သား နှစ်ယောက် ဖြစ်တဲ့ သူ့တူတွေဟာ အမြဲတမ်း လှည့်ကွက်တွေကို အကွက်ရွေ့နေခဲ့တာပင်။ သူတို့က ချင်ဖန်သဲ့ကို မိသားစုဦးဆောင်သူနေရာကနေ ကန်ထုတ်ပြီး သူ့နေရာကို လွှဲပြောင်းယူဖို့ မစောင့်နိုင်ကြတော့။
“ အဲ့တော့ သူက သူ့ရဲ့ တစ်ဦးတည်းသော သား သေသွားလို့ မိသားစု စီးပွားရေးလုပ်ငန်းတွေကို အမွေဆက်ခံခိုင်းရအောင် ငါ့ကို လာရှာတာလား။ ”
ဖြစ်နိုင်ချေတွေ အများကြီး လင်းရှောင်ချီ စဉ်းစားမိပေမဲ့ ဘယ်တစ်ခုကိုမှ တိတိကျကျ အတည်မပြုနိုင်ပေ။
“ ဒါပေမဲ့ အဲ့ဒါ အဓိပ္ပာယ်မှ မရှိတာ။ ငါက မိန်းကလေးလေ။ ငါက မိန်းကလေး ဖြစ်နေလို့ ယောက်ျားလေးတွေလောက် မလုပ်နိုင်ဘူးလို့ တွေးနေတာ မဟုတ်ပေမဲ့ သူ့တူတွေနဲ့ သူ့ကုမ္ပဏီ ရာထူးအကြီးပိုင်း ဝန်ထမ်းတွေကတော့ အဲ့လို တွေးမှာ သေချာတယ်။ ငါ တကယ် သူ့ဆီ ပြန်သွားရင်တောင် လက်ရှိ အခြေအနေနဲ့ဆို ဘာမှ အသုံးမဝင်ဘူး။ သူ့မိန်းမ ၊ ဒါမှမဟုတ် တခြား မိန်းမတွေကို သူ့အတွက် နောက်ထပ် သား တစ်ယောက် ထပ်မွေးခိုင်းလို့ ရတာပဲ။ ”
“ သူ့မှာ တခြား ရွေးချယ်စရာ မရှိလို့ပေါ့။ ”
“ ရွေးချယ်စရာ မရှိလို့ ….. ”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို အပြုံးယဲ့ယဲ့ဖြင့် လှည့်ကြည့်လိုက်သည်။ “ သူ့ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူက မရှိတော့ဘူးလေ။ သူ့ကို ထောက်ခံနေတဲ့ မိသားစုထဲက လူကြီးတွေကလည်း အခြေအနေက မဟန်တော့မှန်း နားလည်သွားကြတယ်။ အဲ့ဒါကြောင့် ချက်ချင်းပဲ နောက်တစ်ယောက်ဘက်ကို ကိုင်းကူးသွားခဲ့ကြရော။ ချင်ဖန်သဲ့ရဲ့ အသက်ကလည်း ငါးဆယ်ထဲမှာ ၊ သူ့ဇနီးကလည်း သူ့ထက် အသက် နှစ်နှစ် ၊ သုံးနှစ်လောက် ပိုကြီးတော့ နောက်ကလေး တစ်ယောက် ထပ်ယူဖို့ မလွယ်တော့ဘူး။ ကလေး ထပ်ယူလို့ ရလျှင်တောင် ထိုကလေး အရွယ်ရောက်တဲ့အထိဆို အနည်းဆုံး ဆယ်နှစ် စောင့်ရလိမ့်မယ်။ ချင်ဖန်သဲ့ကလည်း အဲ့လောက်ထိ မစောင့်နိုင်ဘူး။ ”
လင်းရှောင်ချီ မျက်မှောင်ကြုတ်လိုက်၏။ စုယန်ယန် ပြောတာ မှန်တယ် ဆိုတာကိုတော့ သူမ ဝန်ခံရမည်။
“ တခြား စကားနဲ့ ပြောရရင်တော့ သူ ကလေးထပ်ယူချင်ရင်တောင် ယူလို့ မရတော့ဘူး။ ”
“ ယူလို့ မရတော့ဘူး … ” လင်းရှောင်ချီ ကြောင်အသွားသည်။ “ နင် ပြောချင်တာက … ”
“ ဟုတ်တယ် ၊ နင် ထင်တဲ့အတိုင်းပဲ။ ”
ချင်ဖန်သဲ့ရဲ့ ပထမဇနီးက တီမိသားစုရဲ့ အကြီးဆုံး သမီး ဖြစ်၏။ တီမိသားစုက F မြို့တော်မှာ ဆွေကြီးမျိုးကြီး မိသားစု တစ်ခု ဖြစ်ခဲ့ဖူးသည်။ သူတို့က ချင်မိသားစုထက်တောင် ပိုနာမည်ကျော်ကြားခဲ့ပါသည်။
သို့သော်လည်း တီမိသားစုထဲက မိန်းကလေးတီရဲ့ နေရာက နည်းနည်းလေးတော့ ကမောက်မကနိုင်သည်။ သူမက တီမိသားစုကို ဦးဆောင်သူရဲ့ သမီး အကြီးဆုံး ဆိုပေမဲ့ သူမအမေ သေဆုံးသွားတာ ကြာလှပြီမို့ သူမအမေက သူမအတွက် မိထွေး တစ်ယောက် ရှာပေးခဲ့သည်။
နောက်ပိုင်းမှာ ထိုမိထွေးက သား တစ်ယောက် ၊ သမီး တစ်ယောက် မွေးခဲ့သည်။ မောင်လေး ၊ ညီမလေးတွေ ရလာတဲ့အခါ ပထမဇနီးရဲ့ သမီးဖြစ်တဲ့ သူမက သဘာဝကျစွာပင် သိပ်အရေးပေးမခံရတော့။
691 02
အဲ့ဒီအချိန်တုန်းက မိန်းကလေးတီက ချင်ကျင်းဟုန်နှင့် တွဲနေပြီ ဖြစ်ပြီး သူမရဲ့ မျက်လုံးထဲမှာ ချင်ကျင်းဟုန် တစ်ယောက်တည်းသာ ရှိတဲ့ အချိန်ကာလတွေ ဖြစ်သည်။
ထိုကိစ္စတွေရဲ့ နောက်ပိုင်းမှာတော့ ချင်ညီအစ်ကိုတွေက အသေအကျေ အမွေလုရင်း နှစ်ယောက် သေကာ တစ်ယောက်က ဒုက္ခိတ ဖြစ်သွားခဲ့လေသည်။ သူမက ချက်ချင်းပဲ ချင်ကျင်းဟုန်ကို စွန့်ပစ်ပြီး ချင်ဖန်သဲ့ရဲ့ ရင်ခွင်ထဲ ခုန်ပေါက် ဝင်သွားခဲ့၏။
အဲ့ဒီတုန်းက ချင်အိမ်တော်မှာ ချင်ဖန်သဲ့ရဲ့ နေရာကလည်း တည်ငြိမ်မှု မရှိပါ။ သူတို့ နှစ်ယောက် လက်ထပ်ပြီး မိသားစု နှစ်ခုကို ပေါင်းစည်းလိုက်ခြင်းက သေချာပေါက် အရေးပါသည်။ တီအိမ်တော်မှာလည်း မိန်းကလေးတီရဲ့ နေရာက ကမောက်ကမနိုင်နေပေမဲ့ သူမလို လူမျိုးကို ထိန်းချုပ်ရ လွယ်ကူသည်။
ထိုအချိန်မှာ ချင်ဖန်သဲ့ကလည်း သူ့ကိုယ်သူ အရမ်း အထင်ကြီးနေခဲ့တာပါ။ သူ့ကို အိမ်မှာ နေရာ တစ်ခု ရအောင် ကူညီပေးနိုင်မည့် သူမလို မိန်းကလေးမျိုးနှင့် လက်ထပ်ခြင်းက လင်မယား နှစ်ယောက်ကြား သင့်မြတ် အဆင်ပြေတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့ လုံလောက်သည်။ အိမ်က မိန်းမ မသိအောင် အပြင်မှာ ဘယ်လို နည်းလမ်းနဲ့ ပွေရှုပ်မလဲ ဆိုတာကတော့ သူ့အရည်အချင်းပေါ်မှာပဲ မူတည်တယ် မဟုတ်လား။ သို့သော်လည်း ချင်ဖန်သဲ့သည် မိန်းကလေးတီကို အဲ့ဒီလောက် ထင်ရာစိုင်းတတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူမက လင်းရှောင်ချီရဲ့ အမေအကြောင်း အစောကြီးကတည်းက သိနေခဲ့သလို ချင်ဖန်သဲ့ရဲ့ သရုပ်မှန်ကိုလည်း ဖောက်ထွင်း မြင်ပြီးသား။
++++++