← Chapters

အခန်း ၆၉၂

Vol. 47 Ch. 692

အခန်း ၆၉၂

Vol. 47 Ch. 692

692 01

အခန်း ( ၆၉၂ ) မင်း နည်းနည်းလေးမှ စိတ်မဝင်စားတာ သေချာရဲ့လား။

လက်မထပ်ခင်ကတည်းက အခုလိုတွေ ဖြစ်နေလျှင် လက်ထပ်ပြီးတဲ့အခါ ပိုဆိုးလာဖို့သာ ရှိသည်။

တစ်ခါ ဖောက်ပြန်ဖူးတဲ့ လူ တစ်ယောက်အတွက် အကြိမ်ကြိမ် အခါခါ ထပ်ဖောက်ပြန်တာ ၊ ဒါမှမဟုတ် လုံးဝ ထပ်မဖောက်ပြန်တော့တာ .. ထိုနှစ်မျိုးထဲက တစ်မျိုးသာ ဖြစ်နိုင်ခြေရှိတာကို ကောင်းကောင်း သိတဲ့ မိန်းကလေးတီမှာ သိပ်မကြာလိုက်ဘဲ ကိုယ်ဝန်ရလာခဲ့ပြီး ကလေးက ယောက်ျားလေးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့၏။

သူမက ဆုံးဖြတ်ချက်ပြတ်သားစွာပင် လှည့်ကွက်လေးတွေကို သုံးပြီး ချင်ဖန်သဲ့ကို တခြား ဘယ်မိန်းမနှင့်မှ သားသမီး ထပ်မရနိုင်စေရန် လျှို့ဝှက် စွာ ပြုလုပ်ခဲ့သည်။

“ သူမ … သူမက တကယ့်ကို … ” လင်းရှောင်ချီ အံ့အားသင့်နေခဲ့၏။

“ နင် နင့်ရဲ့ အမှိုက်လို အဖေကို သ‌နားနေတာလား။ ”

လင်းရှောင်ချီက သူမကို မျက်လုံးလှိမ့်ပြီး ကြည့်သည်။ “ ဘာကို သနားရမှာပဲ။ သူမ လုပ်တာ တကယ့်ကို တော်တယ်လို့ ငါ ပြောမလို့ဟဲ့။ ”

“ ငါလည်း အဲ့လိုပဲ ထင်တယ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို အဓိပ္ပာယ်ပါပါ လှည့်ကြည့်လိုက်သည်။

“ မင်း ဘာလို့ ကိုယ့်ကို လာကြည့်နေတာလဲ။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး ဒေါသထွက်ချင်ယောင်ဆောင်လိုက်ပါသည်။ “ မင်း ကိုယ့်ကို သူနဲ့ တူတယ်လို့ ထင်နေတာလား။ ”

“ ပြောလို့ မရဘူးလေ။ ” စုယန်ယန် ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်၏။

“ ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ယောက်ျားက အထီးအကျန်ဆုံးပဲလို့ လူတွေက ပြောကြတယ်။ ပြီးတော့ လူ့ဘဝ ဆိုတာ အရှည်ကြီး။ ဘယ်သူက အတိအကျ တထစ်ချကြီး ပြောနိုင်မှာလဲ။ ”

ဟောက်ချန်ဟွမ်း မျက်ခုံးပင့်သွားသည်။ “ တကယ်လို့ ကိုယ် မင်းအပေါ် အမှား တစ်ခုခု ကျူးလွန်မိရင် မင်း ကိုယ့်ကို ဘာလုပ်မှာလဲ။ ”

“ ရှင် ဘယ်လို ထင်လဲ။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ခေါင်းစခြေဆုံး ကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ သခင်မချင်ရဲ့ ပြဿနာ ဖြေရှင်းနည်းက တော်တော်လေး ကောင်းတယ်လို့ ကျွန်မ ထင်တာပဲ။ အတုယူလောက်တယ်။ ”

ဟောက်ချန်ဟွမ်းက ဒေါသထွက်သွားရမည့်အစား စုယန်ယန် အလိုကျ လိုက်ပြောပေးခဲ့ပါသည်။ “ ဟုတ်ပြီ ၊ မင်း ကိုယ့်ကို အပြစ်ပေးချင်တယ် ဆိုရင် ကိုယ် မငြင်းပါဘူး။ ”

သူ့ပုံစံက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဂျစ်တိုက်နေတဲ့ အဆိုးအဆာ ကောင်မလေး တစ်ယောက်ကို ချော့မော့နေသလိုပဲ။ စုယန်ယန်ရဲ့ ပါးလေးတွေ ပန်းရောင်သမ်းသွားပြီး မျက်လုံးလေးတွေ ဝေ့လည်ကြောင်ပတ် ဖြစ်သွားသည်။ “ ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ စကားလေးတွေလဲ။ ”

“ နင်တို့ နှစ်ယောက် တော်လောက်ပြီ။ ” တကယ့်ကို အရေးကြီးတဲ့ ကိစ္စတွေအကြောင်း သူတို့ ပြောနေကြတာလေ ၊ အဲ့ဒါကိုတောင် ဒီနှစ်ယောက်က သူတို့အချစ်အကြောင်း ကြွားလုံးထုတ်နေသေးတယ်။ သူမလို ရည်းစားမရှိတဲ့ စင်ဂယ်လ်လေးအတွက် သည်းခံဖို့ ခက်ခဲလွန်းတယ် … ။

“ အဟမ်း … ” စုယန်ယန်က ချောင်းဟန့်ပြီး “ ပြောရရင် အဖြစ်ကတော့ အဲ့လိုပဲ။ သခင်မချင်က သူ့သားကို အရွယ်ရောက်ပြီး လူကြီးဖြစ်တဲ့ အချိန်ကျမှ အက်ဆီးဒင့်ဖြစ်ပြီး သေသွားလိမ့်မယ်လို့ ထင်မထားလောက်ဘူး။ ”

“ အဲ့ဒါက အက်ဆီးဒင့်လို့ ဘယ်သူ ပြောလို့လဲ။ ”

“ အက်ဆီးဒင့် မဟုတ်ဘူးလား။ ဒါဆို … ”

“ ဘယ်သူ့လက်ချက်လဲ ဆိုတာ စုံစမ်းလို့ မရပေမဲ့ အက်ဆီးဒင့် မဟုတ်တာတော့ သေချာသလောက်ပဲ။ ”

ချင်ကျွင်းဝူ အက်ဆီးဒင့်ဖြစ်တဲ့ နေရာက သိပ်ကို လူပြတ်သည်။ ပြီးတော့ အချိန်ကလည်း ညနက်နေပြီမို့ ရဲတွေရဲ့ အဆုံးသတ် ကောက်ချက်ကတော့ ချင်ကျွင်းဝူ တစ်ယောက် အရက်မူးကာ တောင်တက်လမ်းဘေးမှာ ကာထားတဲ့ လက်ရန်းကို ဝင်တိုက်မိခြင်း ဟူ၍။ တောင်အောက်က စမ်းချောင်းထဲကို ပြုတ်ကျပြီး သူ ပွဲချင်းပြီး သေသွားခဲ့သည်။

သို့သော်လည်း ဟောက်ချန်ဟွမ်း စုံစမ်းထားသလောက်တော့ အဲ့ဒီညတုန်းက ချင်ကျွင်းဝူက ကျောင်းက သူငယ်ချင်းဟောင်းတွေရဲ့ တွေ့ဆုံပွဲကို သွားခဲ့တာ ဖြစ်ပြီး သောက်လည်း သောက်ထားတာမို့ မူးနေခဲ့ပါသည်။ သူ့အတန်းဖော်တွေက သူ့ကို အိမ်ပြန်လိုက်ပို့ပေးရမလားဟု မေးနေပေမဲ့ သူကတော့ ငြင်းဆန်၍ အစားထိုး ဒရိုင်ဘာ တစ်ယောက်ကို ရှာပြီး ထိုတောင်ကို တစ်ယောက်တည်း မောင်းလာခဲ့တာ ဖြစ်သည်။

692 02

တခြား လမ်းကနေ သွားလျှင် အချိန်တိုအတွင်း အိမ်ပြန်ရောက်နိုင်ပေမဲ့ ဒီလမ်းလွှဲကနေ သွားလျှင်တော့ ပုံမှန် ကြာချိန်ထက် အနည်းဆုံး ထက်ဝက်လောက် ပိုကြာပါလိမ့်မည်။

ညသန်းခေါင် အချိန်ကြီးမှာ သူက ဝိုင် တချို့ သောက်ထားတဲ့အပြင် အိမ်ကိုလည်း ပြန်နေကျ လမ်းအတိုင်း ပြန်ရမည့်အစား တောင်တက်လမ်းကို ရွေးချယ်ခဲ့၏။ တကယ်လို့ ဒီသခင်လေးချင်က တုံးအတဲ့ လူသာ မဟုတ်ရင် သူ သတိမထားမိဘဲ အမြင်ချော်ခဲ့မိတဲ့ ကိစ္စ တချို့လည်း သေချာပေါက် ရှိပါလိမ့်မည်။

ဟောက်ချန်ဟွမ်းရဲ့ အတွေးထဲကနေ ချင်မိသားစု ကျရောက်နေတဲ့ အရှုပ်အထွေး ပြဿနာတွေအကြောင်း ထုတ်လို့ မရ။

စုယန်ယန်သည် မျက်ခုံး နှစ်ခု ထိစပ်လုမတတ် မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်မိသားစုရဲ့ ပထမဇနီးကပင် ကိုင်တွယ်ဖြေရှင်းရ ခက်လိမ့်မည်ဟု သူမ ထင်ထားပြီးသားပင်။ ဒီတစ်မိသားစုလုံးပါ ဝင်ပါလာရင်တော့ လင်းရှောင်ချီ တကယ်ပဲ အရှင်လတ်လတ် အစားခံရလိမ့်မည်။

ဟောက်ချန်ဟွမ်းက လင်းရှောင်ချီကို လှည့်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။ “ ချင်မိသားစုမှာ အခြေခိုင်ပြီးသား ပိုင်ဆိုင်မှုတွေတော့ အများကြီး ရှိတယ်။ မင်းက အခုအချိန်မှာ ချင်ဖန်သဲ့ရဲ့ တစ်ဦးတည်းသော သွေးသား။ သူ့မှာ နောက်ကြောင်းပြန်လှည့်စရာ အကြောင်းပြချက်လည်း မရှိတော့ဘူး။ သူ တကယ်ပဲ မင်းကို သူ့အိမ်ကို ခေါ်သွားရင် မင်းကို နောက်ကနေ ထောက်ပံ့ပေးမှာ သေချာတယ်။ ”

“ မင်း သူ့ကို အဖေလို့ အသိအမှတ်မပြုချင်တာ သေချာရဲ့လား။ မင်း သူ့ကို လက်ခံလိုက်တာနဲ့ မင်းရဲ့ ဘဝ တစ်လျှောက်လုံး ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်တဲ့ ပိုင်ဆိုင်မှုတွေ ၊ ရာထူးဂုဏ်ရှိန်တွေကို ရလိမ့်မယ်။ မင်းရဲ့ မိသားစုနောက်ခံတွေ ၊ စည်းစိမ်ချမ်းသာတွေ ၊ ပြီးတော့ လုပ်ပိုင်ခွင့်နဲ့ အာဏာ ဆိုတဲ့ အရာတွေက မင်းကံကြမ္မာကို လုံးဝ ပြောင်းလဲသွားစေလိမ့်မယ်။ မင်း စိတ်ကူးယဉ်ဖူးတဲ့ အရာတွေကိုလည်း အလွယ်တကူ ပိုင်ဆိုင်နိုင်လိမ့်မယ်။ မင်း နည်းနည်းလေးမှ စိတ်မဝင်စားတာ သေချာရဲ့လား။ ”

++++++

All Chapters