အခန်း ၆၉၃
Vol. 47 Ch. 693
693 01
အခန်း ( ၆၉၃ ) ဆုံးဖြတ်ရခက်သော အခြေအနေ။
ချန်ဟွမ်းရဲ့ စကားကြောင့် သူတို့ နှစ်ယောက်လုံး ကြောင်အသွားကြသည်။
အရင်ဆုံး သတိဝင်လာတဲ့ လူက စုယန်ယန်ပါပဲ။ “ ချန်ဟွမ်း … ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သော်လည်း သူမ လိုချင်တဲ့အတိုင်း ဘာမှ မပြောဘဲ ငြိမ်မနေပါ။ သူ့မျက်လုံးတွေက လင်းရှောင်ချီ တစ်ယောက်တည်းကိုပဲ စူးစိုက် ကြည့်နေပြီး သူ ဒေါသထွက်နေတာလား ၊ ပျော်နေတာလား ဆိုတာကို ဘယ်သူမှ ခန့်မှန်းမရ။
စက္ကန့်လောက် ကြောင်အနေပြီးနောက် လင်းရှောင်ချီ တဖြည်းဖြည်း စိတ်တည်ငြိမ်လာခဲ့သည်။ “ ဟုတ်တယ် ၊ ရှင် ပြောတာ မှန်ပါတယ်။ ကျွန်မ သူ့ကို အဖေလို့ လက်ခံလိုက်တာနဲ့ သာမန် လူတွေ အကုန်လုံး စိတ်ကူးယဉ်နေတဲ့ ဘဝကို အလွယ်တကူ ပိုင်ဆိုင်ရလိမ့်မယ်။ စည်းစိမ်ချမ်းသာ ၊ မိသားစုနောက်ခံ ၊ ရာထူးဂုဏ်ရှိန် ၊ အရာအားလုံးပေါ့။ ဒါပေမဲ့ အဲ့ဒါတွေကို ပိုင်ဆိုင်ရတော့ရော ဘာလုပ်ရမှာလဲ။ အဲ့ပစ္စည်းတွေက တကယ်လည်း မက်မောစရာကောင်းပေမဲ့ ပိုင်ဆိုင်ရတာ သိပ်ကို ပူလောင်လွန်းတယ်။ ပိုပြီး အရေးကြီးတာကတော့ အဲ့ဒါတွေက အစကတည်းက ကျွန်မပစ္စည်းတွေမှ မဟုတ်တာ။ ”
လင်းရှောင်ချီက စုယန်ယန်နှင့် သူမရဲ့ ခင်ပွန်းကို ကြည့်ပြီး ပြုံးလိုက်၏။ “ နင် ပြောသလိုပဲ ချင်မိသားစုက အရမ်း ရှုပ်ထွေးပြီး ပြဿနာများလွန်းတယ်။ ရှုပ်ထွေးလွန်းလို့ ငါ့ဘဝနဲ့ငါ ရိုးရိုးရှင်းရှင်း နေရတာကို အသားကျနေတဲ့ ငါ အဲ့လို ဘဝမျိုးကို စိတ်ကူးယဉ်ကြည့်လို့ မရဘူး။ ငါ့အတွက်လည်း သေချာပေါက် အန္တာရာယ်များမှာပဲ ၊ ငါ့အမေရဲ့ အသက်ပါ ပတ်သက်နေတယ် ဆိုတာကိုတော့ ထည့်ပြောမနေနဲ့တော့။ ”
လင်းရှောင်ချီ ထိုစကားကို ပြောနေချိန်မှာ သူမရဲ့ ခံစားချက်တွေက နည်းနည်းလေး အေးစက်နေပုံပေါ်၏။ သူမက ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိလိုက်ဘဲ သူမကိုယ်သူမ ထွေးပွေ့ထားလိုက်သည်။ “ ရှင် ထင်သလိုပဲ ချင်မိသားစုရဲ့ သခင်လေးက အက်ဆီးဒင့်ဖြစ်ပြီး သေသွားတာ မဟုတ်ဘူး ဆိုရင် ရှင် ပြောတဲ့ မက်မောစရာ ပိုင်ဆိုင်မှုတွေအောက်မှာ လူ ဘယ်နှယောက်ရဲ့ အရိုးတွေ ၊ သွေးတွေ နစ်မြုပ်နေမလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ”
“ အဲ့ပစ္စည်းတွေမှာ ကျွန်မအမေရဲ့ သွေးတွေလည်း စွန်းထင်းနေနိုင်တယ် ဆိုတာကို တွေးမိတိုင်း ကျွန်မ သူ ပေးတဲ့ လက်ဆောင်တွေ ၊ သူ ပေးတဲ့ ပိုက်ဆံတွေကို စိတ်ဖြောင့်လက်ဖြောင့် စိတ်အေးလက်အေး သုံးနိုင်မယ်လို့ ရှင် ထင်လို့လား။ ”
သူမရဲ့ တုံ့ပြန်စကားကို ကြားတော့မှ ရှောက်ချန်းကျယ်ရဲ့ မျက်နှာက ကြည်လင်သွားကာ “ မင်း နားလည်လို့ တော်သေးတာပေါ့။ ” ဟု ခပ်တိုးတိုး ပြောလိုက်လေသည်။
လင်းရှောင်ချီကို ကူညီပေးဖို့ တောင်းဆိုတဲ့ စုယန်ယန်ရဲ့ တောင်းဆိုချက်ကို သူ မငြင်းပေမဲ့ မကူညီပေးခင်မှာ သူမဘက်က ရှင်းလင်းပြတ်သားတဲ့ အဖြေ တစ်ခုကို ပေးရပါမည်။
ရှောက်ချန်းကျယ်သည် သူ့ဇနီးကို ကိုယ်ဝန်ဆောင် ကာလကြီးမှာ တခြား လူတွေရဲ့ လုံခြုံရေးကို စိတ်ပူပြီး သူတို့ ဘေးကင်းလုံခြုံစေရန် အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ နောက်ဆုံးမှာ ဘာမှ မတတ်နိုင်တဲ့ အခြေအနေမျိုးကိုသာ ကြုံရပြီး သူမကိုယ်သူမ အပြစ်တင်မဆုံးမှာမျိုး မဖြစ်စေချင်ပါ။
“ မင်း ဆုံးဖြတ်ချက်ချပြီးပြီ ဆိုတော့ အခုကတည်းက စိတ်ပိုင်းဆိုင်ရာအရလည်း ကြိုပြင်ဆင်ထားသင့်တယ်။ မင်းက အခုအချိန်မှာ ချင်ဖန်သဲ့ရဲ့ နောက်ဆုံးကျန်တဲ့ အသက်ကယ် ကောက်ရိုးမျှင်လို့ ပြောလို့ ရတယ် ၊ အဲ့တော့ သူကလည်း မင်းကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာ မဟုတ်ဘူး။ ပြီးတော့ သူ မင်းကို လာရှာတယ် ဆိုကတည်းက မင်းကို သူ့အိမ်ကို ခေါ်သွားပြီး နောက်လာမယ့် မိသားစု ရန်ပွဲတွေမှာ လက်နက်အဖြစ် အသုံးချချင်နေတယ် ဆိုတာ မင်း သိထားရမယ်။ ”
“ ငါတို့ ဒီကိစ္စကို လျှို့ဝှက် ထားလို့ မရဘူး။ မကြာခင် သခင်မချင်နဲ့ ချင်ဖန်သဲ့ရဲ့ တူတွေလည်း ဒီသတင်းကို ကြားသွားမှာပဲ။ အဲ့ဒီအချိန်ကျ မင်း သူနဲ့ ပြန်လိုက်ဖို့ လက်မခံရင်တောင် သူတို့က မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးတော့မှာ မဟုတ်ဘူး။ ”
လင်းရှောင်ချီရဲ့ မျက်နှာ အမူအရာ ပြောင်းလဲသွားသလို စုယန်ယန်ရဲ့ နှလုံးခုန်သံလည်း စည်းချက် တစ်ချက် လွတ်သွား၏။
တစ်အိမ်ထဲမှာ ငယ်ငယ်လေးကတည်းက အတူတကွ ကြီးပြင်းလာကြတဲ့ ချင်ဖန်သဲ့ရဲ့ သွေးသားရင်းချာ ညီအစ်ကိုတွေတောင် တစ်ယောက်ကို တစ်ယောက် ရန်သူတွေလို တိုက်ခိုက်ရင်း သေတဲ့ လူက သေ ၊ ဒဏ်ရာရတဲ့ လူက ဒဏ်ရာရ ဖြစ်ကုန်ကြတာပါ။
ပြီးတော့ လင်းရှောင်ချီက ကလေးဘဝကတည်းက သူတို့နှင့် ဘာအဆက်အဆံမှ မရှိခဲ့တဲ့ သူစိမ်း တစ်ယောက်။ သူမမှာ သူတို့အပေါ် ဘာခံစားချက်မှ မရှိပေမဲ့လည်း သူတို့ လိုချင်မက်မောနေတဲ့ ပစ္စည်းတွေအတွက်တော့ သူမက ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေနိုင်၏။
ဟောက်ချန်ဟွမ်း ပြောတဲ့ စကားက အမှန်ပဲ ဆိုရင် လင်းရှောင်ချီဟာ ရှေ့တိုးရခက် ၊ နောက်ဆုတ်ရခက်တဲ့ အခြေအနေမှာ ပိတ်မိနေတာ ဖြစ်လေသည်။
ဟောက်ချန်ဟွမ်းရဲ့ သတိပေးစကားကြောင့် စုယန်ယန်က နောက်ထပ် အတွေး တစ်ခုကို တွေးမိသွားသည်။ “ ချင်ဖန်သဲ့က အဲ့အကြောင်းကို သိလို့ နင့်ကို လာရှာတာလည်း ဖြစ်နိုင်တယ်။ ”
လင်းရှောင်ချီရဲ့ မျက်နှာက ထိုစကားကို ကြားချိန်မှာ ပိုလို့တောင် ရှုံ့မဲ့သွား၏။
“ ဘာပဲဖြစ်ဖြစ် ငါကတော့ သူ့ကို အဖေလို့ လက်ခံမှာ မဟုတ်ဘူး ၊ သူနဲ့ ချင်မိသားစုထဲကို လိုက်သွားဖို့ ဆိုရင်တော့ ပိုပြီးတော့တောင် ဖြစ်နိုင်ချေ မရှိသေးတယ်။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဟောက်ချန်ဟွမ်းကလည်း ထိုအကြည့်ကို ချက်ချင်း သဘောပေါက်သည်။ “ ချင်ဖန်သဲ့က မင်းကို ခဏ ခဏ လာရှာလိမ့်မယ်။ မင်း တစ်ယောက်တည်း နေတာ မလုံခြုံဘူး။ ငါ မင်းကို ဘယ်သူမှ မသိအောင် ကာကွယ်ပေးဖို့ လူတွေ လွှတ်ထားပေးမယ်။ အဲ့ဒါဆို မင်းရဲ့ နေ့စဉ်ဘဝနဲ့ အလုပ်မှာလည်း ထိခိုက်မှာ မဟုတ်ဘူး။ ”
စုယန်ယန်ရဲ့ ဆန္ဒ တစ်ခုတည်းကြောင့်သာ ဟောက်ချန်ဟွမ်း ဒီလိုတွေ လုပ်ပေးနေတယ် ဆိုတာ လင်းရှောင်ချီ နားလည်ပါသည်။ သူမက သူနှင့် ရင်းနှီးတဲ့ လူလည်း မဟုတ်သောကြောင့် ကျေးဇူးသိတတ်စွာပင် “ ကျေးဇူးတင်ပါတယ်။ ” ဟု ပြောလိုက်သည်။