← Chapters

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း ၆၉၄

Vol. 47 Ch. 694

အခန်း ( ၆၉၄ ) အာဏာလုရန် လက်နက်များ။

သူမကို ကာကွယ်ဖို့ လူလွှတ်ပေးမယ် ဆိုတဲ့ ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားသောအခါ ချန်ကျင်းလန်သည် စိတ်အေးသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်လိုက်မိလေသည်။ ပြီးတော့မှ အတွေး တစ်ခုကို တွေးမိသွားပုံဖြင့် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “ နင်ကိုယ်တိုင်ကလည်း သတိထားပြီး နေသင့်တယ်။ ချန်ဟွမ်းရဲ့ လူတွေက သူတို့ကို နင့်နား မကပ်နိုင်အောင် အတတ်နိုင်ဆုံး တားကြမှာပဲ ဆိုပေမဲ့ အချိန်ကြာလာရင် သူတို့က နင့်နား ကပ်နိုင်အောင်လို့ ချန်ဟွမ်းရဲ့ လူတွေကို လာဘ်ထိုးရင် ထိုးနိုင်တာပဲ ၊ လူ့စိတ် ဆိုတာ မယုံရဘူး။ ပြီးတော့ နင့်ရဲ့ စိတ်နေစိတ်ထားရယ် ၊ နင်က အကျပ်ကိုင်တာထက် အနုနည်းနဲ့ ပျော့ပျော့ပျောင်းပျောင်း ချိုချိုသာသာ ပြောတာကို လက်ခံတဲ့ လူ ဆိုတာရယ်ကို သိသွားတာနဲ့ သူတို့က တခြား နည်းလမ်းတွေ သုံးပြီး နင့်ကို စိတ်ယိုင်အောင် လုပ်လိမ့်မယ်။ ”

လင်းရှောင်ချီက နားမလည်သလို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။

“ ပြောရရင် ရုပ်ချောတဲ့ ကောင်လေး တစ်ယောက်နဲ့ နင့်ကို ထောင်ချောက်ဆင်ပြီး မျှားခေါ်တာမျိုးပေါ့။ ”

လင်းရှောင်ချီ : “ … ”

ဟောက်ချန်ဟွမ်း : “ … ”

တိတ်ဆိတ်မှုအလယ်မှာ သုံးယောက်လုံး မျောနေပြီးမှ လင်းရှောင်ချီက တင်းပါးပေါ် လက်တင်ပြီး စုယန်ယန်ကို မေးခွန်းထုတ်လိုက်သည်။ “ ငါက နင့်အမြင်မှာ အဲ့လောက်တောင် အလွယ်တကူ လှည့်စားလို့ ရတဲ့ လူမျိုး ဖြစ်နေတာလား။ ”

“ မဟုတ်လို့လား။ ” စုယန်ယန်က သူမကို ပြန်စိုက်ကြည့်ပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။ “ နင် ရုပ်ချောတဲ့ ကောင်လေးတွေကို သဘောမကျဘူးလို့တော့ လာမပြောနဲ့။ ”

လင်းရှောင်ချီ တစ်ယောက် လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့သွားသလို ခံစားလိုက်ရ၏။ ထိုစကားကို သူမ တကယ်ပဲ မငြင်းဆန်နိုင်ပေ။

“ မြင်လား .. တကယ်လို့ ချင်ဖန်သဲ့က ဟုန်ဟွီကို ပိုက်ဆံပေးပြီး နင့်ကို ချဉ်းကပ်ခိုင်းမယ် ၊ နင့်ကို ချိုချိုသာသာ စကားလေးတွေ ပြောခိုင်းမယ် ၊ ပြီးတော့ နင့်အတွက် တစ်နေ့ကို ထမင်း သုံးနပ် ချက်ကျွေးခိုင်းမယ် ၊ နင့်အလုပ်ကိုတောင် အချိန်မှန် အကြိုအပို့ လုပ်ပေးမယ် ဆိုရင် … ”

ဟုန်ဟွီက တုန်ချမ်းကို လော့ဝေပင်း မရောက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ အမျိုးသား အနုပညာရှင် တစ်ယောက် ဖြစ်၏။

လင်းရှောင်ချီက အိုင်ဒေါတွေကို သည်းသည်းလှုပ် သဘောကျတဲ့ ပရိသတ်မျိုး ဆိုပေမဲ့ ဂဏှာမငြိမ်ဆုံး ပရိသတ်မျိုးပင်။ အခြေခံအားဖြင့် ဇာတ်လမ်းတွဲ တစ်ခု ၊ ဒါမှမဟုတ် ရသစုံ အစီအစဉ် တစ်ခုကို ကြည့်ရုံဖြင့် သူမရဲ့ ခင်ပွန်းတွေ ပြောင်းသွားတတ်သည်။

သူမရဲ့ ပြောစကားအရတော့ မြက်ပင်လေး တစ်ပင်အတွက် သစ်တော တစ်ခုလုံးကို အဆုံးရှုံးမခံနိုင်ပါဘူး တဲ့။

အနုပညာ လောက တစ်ခုလုံးက သူမရဲ့ သစ်တောကြီး ဖြစ်သည်။ တကယ်လို့ သူမသာ ဆန္ဒရှိလျှင် နေရာတိုင်းမှာ ခင်ပွန်းတွေ ရှာလို့ ရသည်။ ဟုန်ဟွီက သူမ အခုတလော စွဲလမ်းနေတဲ့ ခင်ပွန်း တစ်ယောက် ဖြစ်သည်။ သူက အယ်လ်ဘမ် တစ်ချပ် ထုတ်ထားတာ မကြာသေးတာမို့ လင်းရှောင်ချီက သူ့ကို သဘောကျနေတာပင်။

သူမက စုယန်ယန်ရဲ့ စကားကို ကြား‌တော့ နှလုံးသားလေး စတင် လှုပ်ခါသွားသည်။ အဲ့လို ရုပ်ချောတဲ့ ကောင်လေးမျိုးကိုတော့ သူမလည်း လက်ခံနိုင်ပါသည်။

“ မဟုတ်ဘူး မဟုတ်ဘူး။ ငါ့ကို အဲ့လိုမျိုး သွေးဆောင်ဖြားယောင်းလို့ ရတယ်လို့ နင် ပြောနေရင် အဲ့ဒါ နင် ငါ့ကို အထင်လွဲနေတာပဲ။ အနုပညာရှင် အများစုက မျက်နှာကို ရောင်းစားနေတာပဲ ဆိုတာ ငါတို့ သိထားရမယ်။ သူတို့ကို အဝေးကနေပဲ ကြည့်ပြီး အနီးကပ် ချဉ်းကပ်သွားလို့တော့ မရဘူး။ ငါ့က အဲ့လို လူမျိုးကို ချစ်မိသွားမှာတဲ့လား။ ဝေးသေး ၊ ငါက သူ့ရုပ်ရည်ကိုပဲ သဘောကျတာ။ သူ တကယ်ကြီး တီဗီထဲကနေ ထွက်လာပြီး ငါ့ဆီ ရောက်လာတယ် ဆိုရင်တော့ ငါ သူ့ကို စိတ်ပျက်သွားမိလိမ့်မယ် ထင်တယ်။ သူ့ရဲ့ အပေါ်ယံ ဟန်ဆောင်ထားတဲ့ ဂရုစိုက်မှုတွေအောက်မှာ ငါ ကျရှုံးမှာ မဟုတ်ဘူး။ ”

“ ဒါဆို နင် … ”

“ ဒါပေမဲ့ ငါ အားပေးတဲ့ အိုင်ဒေါတွေ အကုန်လုံးကိုသာ တစ်စုတစ်စည်းတည်း ခေါ်လိုက်မယ် ဆိုရင်တော့ ငါ နည်းနည်းလေး စိတ်ယိုင်သွားလောက်တယ်။ ”

စုယန်ယန် တစ်ယောက် ပြောစရာ စကားမရှိတော့ပေ။ ဒီဟာမလေးက ငါ့ကို သူ သဘောကျတဲ့ အိုင်ဒေါတွေ အကုန်လုံးကို ခေါ်ပေးစေချင်နေတာလား။ သူ့ကိုယ်သူ တံဆိပ်ခေါင်းစုတယ်လို့များ ထင်နေတာလား။ စုယန်ယန်သည် လင်းရှောင်ချီကို ဒီလို ပုံစံ ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

လင်းရှောင်ချီက စုယန်ယန်ရဲ့ ဝမ်းနည်းကြေကွဲသွားတဲ့ အကြည့်ကို မြင်ချိန်မှာ လှစ်ခနဲ ပြုံးလိုက်ပြီး သူမဘေးမှာ ဝင်ထိုင်ကာ လက်ကလေးကို ဆုပ်ကိုင်လိုက်၏။ “ နင် စိုးရိမ်နေတာကို ငါ နားလည်ပါတယ်။ ငါ မတုံးပါဘူး။ အရင်တုန်းက သူ မိသားစုကြီး တစ်ခုရဲ့ သမီးနဲ့ လက်ထပ်ပြီး သူ့နေရာကို တည်ငြိမ်အောင် လုပ်ခဲ့တယ် ၊ အခုလည်း ငါ့ကို သူ့သမီးအဖြစ် အသိအမှတ်ပြုပြီးတာနဲ့ ငါ့ကို တခြား လူချမ်းသာ မိသားစုက သား တစ်ယောက်နဲ့ အတင်းအကျပ် လက်ထပ်ခိုင်းလိမ့်မယ်။ ”

သူ တစ်ခုခုကို လိုချင်လျှင် သူ့ဘက်က တစ်ခုခုကို အရင်ဆုံး ပေးရပါမည်။ အဲ့ဒါက သူ့အသိတရားလည်း ဖြစ်နိုင်သည် ၊ ခင်မင်မှုလည်း ဖြစ်နိုင်သည် ၊ ခံစားချက်တွေ … ဒါမှမဟုတ် အိမ်ထောင်ပြုခြင်းလည်း ဖြစ်နိုင်ပါသေးသည်။

စုယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ လင်းရှောင်ချီကို ဒီလောက် ကြိုမြင်တတ်လိမ့်မည်ဟု သူမ မထင်ခဲ့။ ချင်ဖန်သဲ့က သူ့အရင်ဘဝမှာလည်း တကယ်ပဲ အဲ့လို လုပ်ခဲ့တာပင်။ လင်းရှောင်ချီကို သူ့အိမ်သို့ ခေါ်သွားပြီးနောက် သိပ်မကြာလိုက်ဘဲ ခမ်းနားကြီးကျယ်တဲ့ ဧည့်ခံပွဲ တစ်ပွဲကို ကျင်းပကာ လင်းရှောင်ချီနှင့် အသက်ချင်း မတိမ်းမယိမ်းရှိပြီး အရည်အချင်းရှိတဲ့ လူငယ်တွေ အကုန်လုံးကို ထိုဧည့်ခံပွဲသို့ ဖိတ်ကြားခဲ့သည်။

သူ့ပါးစပ်ကတော့ နှစ်ရှည်လများ ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို ပြန်ရှာတွေ့လို့ အထိမ်းအမှတ်အနေဖြင့် ကျင်းပတဲ့ ဧည့်ခံပွဲလို့ ပြောနေပေမဲ့ တကယ်တမ်းကတော့ လင်းရှောင်ချီအတွက် သင့်တော်တဲ့ အိမ်ထောင်ဖက်ကို ရှာဖို့ ကြိုးစားနေတာ ဖြစ်သည်။

ထိုဖြစ်ရပ်က သခင်မချင်ရဲ့ ထိလွယ်ရှလွယ်သော နှလုံးသားထဲမှာ လင်းရှောင်ချီအပေါ် အမုန်းမီးတွေကို တောက်လောင်စေခဲ့ပြီး သူမကို သတ်ဖို့ အဆိုးဝါးဆုံး လုပ်ရပ်တွေ အကုန်လုံးကို ကျူးလွန်တဲ့အထိတောင် ဖြစ်သွားခဲ့လေသည်။

++++++

All Chapters