အခန်း ၆၉၇
Vol. 47 Ch. 697
697 01
အခန်း ( ၆၉၇ ) ဒေါသထွက်သွားပြီဆို ယုန်လေး တစ်ကောင်ကတောင် တစ်ဖက်လူကို ပြန်ကိုက်မှာပဲ။
ထိုကိစ္စကို သဘောမကျတဲ့ လူရယ်လို့ မရှိပါ။ ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတဲ့ လူက လော့ပေါင်ကမ်း ဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့ထဲမှာလည်း နာမည်ကျော်တွေ အများကြီး ရှိသည်။
သူတို့တွေ လော့ပေါင်ကမ်းကို စိတ်တိုင်းကျအောင် လုပ်နိုင်ပါ့မလား ဆိုတဲ့ တစ်ချက်တော့ ရှိပေမဲ့ နာမည်ကြီး စီနီယာ အနုပညာရှင် များစွာနှင့် တွဲဖက် သရုပ်ဆောင်ရခြင်းက ( ဘာမှ အရေးမကြီးတဲ့ အရန်ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရလျှင်တောင် ) သူတို့ အိမ်ပြန်ရောက်တဲ့အခါ သူငယ်ချင်းတွေကို ဆယ်နှစ်လောက် ကြွားလုံးထုတ်လို့ ရပါသည်။
ပြီးတော့ သူတို့က သရုပ်ဆောင်အဖြစ် အသက်မွေးဖို့ ဆုံးဖြတ်ပြီးပြီမို့ သူတို့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေကို အမြဲတမ်း ထက်မြည့်နေအောင် လေ့ကျင့်ဖို့က သရုပ်ဆောင် တစ်ယောက်ရဲ့ အခြေခံ အရည်အချင်း ဖြစ်၏။
ထုတ်လုပ်ရေးအဖွဲ့ အသေးလေးထဲမှာ အဓိက ဇာတ်လိုက် ၊ ဒါမှမဟုတ် အရေးကြီးတဲ့ ဇာတ်ပို့သရုပ်ဆောင် နေရာကို ရဖို့ လွယ်ပေမဲ့ ဝါရင့်သမ္ဘာရင့် သရုပ်ဆောင် အကျော်အမော်တွေ ရိုက်ကူးရေးလုပ်နေတာကို အခုလို အနီးကပ် ကြည့်ဖို့ကတော့ ကြုံတောင့်ကြုံခဲ ရှားရှားပါးပါးပင်။
ဒါက သူတို့ကို သရုပ်ဆောင် သင်ပေးတဲ့ ဆရာက သရုပ်ဆောင်နည်းတွေ ရာချီ ၊ ထောင်ချီ သင်ကြားပို့ချပေးနေတာထက် အများကြီး ပိုထိရောက်သည်။
စုယန်ယန်က နာမည်စာရင်းကို ဆက်ဖတ်နေရင်း ရင်းနှီးနေတဲ့ နာမည် တစ်ခုကို မြင်သွားသည်။
“ ယို့ယွီရှစ် … ” ဒီတစ်ယောက်က ရှိုးပွဲ တစ်ပွဲမှာ ထိခိုက်ဒဏ်ရာရပြီးတော့ ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းသွားတဲ့ တစ်ယောက် မဟုတ်လား ဆိုတဲ့ အတွေးက စုယန်ယန်ရဲ့ ခေါင်းထဲကို ရောက်လာသည်။ သူမက တုန်ချမ်းနှင့် စာချုပ်ဖျက်သိမ်းပြီးတဲ့နောက် You မိသားစုရဲ့ ဒုတိယ သမီးလေးဘဝကို ပြန်သွားခဲ့တာ ဖြစ်သည်။ အခုတော့ မျှော်လင့်မထားစွာဖြင့် …
“ ယို့ယွီရှစ်က ညီမတို့ရဲ့ ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းထားတာ မဟုတ်ဘူးလား။ ”
ရှားကျွင်းရှန်က စုယန်ယန်ရဲ့ မေးခွန်းကြောင့် အံ့ဩမသွားပါ။ သူ အမှန်အတိုင်းပဲ ပြန်ဖြေလိုက်၏။ “ မဟုတ်ဘူး ၊ သူ ထိခိုက်ထားတဲ့ ဒဏ်ရာတွေ သက်သာသွားတာနဲ့ ပြန်ရောက်လာတယ်။ စာချုပ်ဖျက်သိမ်းမယ့် အကြောင်း တစ်ခါမှ မပြောဖူးဘူး။ ”
“ စာချုပ်သက်တမ်းက ဘယ်လောက် ရှိတာလဲ။ ”
“ အဲ့တုန်းက အစ်ကို သုံးနှစ်စာချုပ် ချုပ်ခဲ့တာ။ အခု စာချုပ်သက်တမ်းပြည့်ဖို့ တစ်နှစ် ကျန်သေးတယ်။ ”
စုယန်ယန်က တွေးတွေးဆဆလေး ရေရွတ်လိုက်သည်။ “ သူက ရုပ်ရှင်သရုပ်ဆောင် ဖြစ်ချင်တယ်တဲ့လား။ ”
“ အင်း ၊ အစ်ကို သူ့မန်နေဂျာနဲ့ စကားပြောပြီးသွားပြီ။ သူ့ကို ကြည့်ရတာ နာမည်ကျော် ဆယ်လီ တစ်ယောက် ဖြစ်ဖို့ ၊ အဆိုတော် တစ်ယောက် ဖြစ်ဖို့ထက် သရုပ်ဆောင်ပိုင်းကို ပိုစိတ်ဝင်စားတယ် ထင်တယ်။ ”
ဒီလိုမျိုး လမ်းကြောင်းပြောင်းသွားခြင်းက ကုမ္ပဏီက အနုပညာရှင်တွေမှာ ဖြစ်နေကျ ဆိုပေမဲ့ အကျိုးသင့် အကြောင်းသင့် ပြောရလျှင်တော့ ဒီလောက်ကြီး မစောသင့်။ ဘာပဲပြောပြော အနုပညာရှင် တစ်ယောက်ကို လိုအပ်တာတွေ လေ့ကျင့်သင်ကြားပေးတဲ့ နေရာမှာ အကုန်အကျခံထားရတဲ့ အရင်းအနှီးတွေ အများကြီး ရှိသည်။ သူမဘက်က အလျင်စလို လမ်းကြောင်းပြောင်းလိုက်လျှင် ကုန်ခဲ့ရတဲ့ အချိန်တွေ အလကား ဖြစ်ရုံသာမက ရင်းနှီးထားတဲ့ ငွေတွေလည်း အလကား ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ထိုစကားကို ရှားကျွင်းရှန် စကြားတုန်းက သဘောမတူခဲ့ပေ။ သို့သော်လည်း ယို့ယွီရှစ်က ယို့မိသားစုရဲ့ ဒုတိယ သမီး တစ်ယောက် ဖြစ်တယ် ဆိုတာကို တွေးမိသွားချိန်မှာတော့ သူ ဘာမှ မပြောဘဲ သူမရဲ့ ဆန္ဒအတိုင်း လွှတ်ပေးထားလိုက်တော့၏။
“ အိုး ၊ ဟုတ်သားပဲ။ ” ရှားကျွင်းရှန်က ပြောနေရင်း တခြား တစ်ခုကို တွေးမိသွားပုံပေါ်သည်။ “ အခု လောလောဆယ်တော့ ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲနဲ့ အတွဲအဖက် သီချင်းအဖြစ် သီချင်း နှစ်ပုဒ်ကို အစ်ကိုတို့ ရွေးရမယ်။ အဲ့သီချင်းတွေကို ဟုန်ဟွီနဲ့ ယွင်လော့ရှန်းက ဆိုပေးလိမ့်မယ်။ ”
697 02
“ ယွင်လော့ရှန်း … ” ထိုနာမည်ကို စုယန်ယန် ရင်းနှီးသလို ခံစားနေရသည်။
သေချာ စဉ်းစားကြည့်လိုက်တော့မှ သူမက အရင်တစ်ခေါက်တုန်းက ရှိုးပွဲမှာ ဝမ်ကျင့်ဖျင် ဆွဲချတာကို ခံရပြီး အဆင့်သတ်မှတ်ခြင်းဇယားထဲကနေ ထုတ်ပယ်ခံရမလိုတောင် ဖြစ်ခဲ့တဲ့ ကောင်မလေးမှန်း ပြန်သတိရသွားသည်။ ထုတ်လုပ်ရေးအဖွဲ့ကို သူမလေး ပြန်ရောက်လာနိုင်ခဲ့တာ ယို့ယွီရှစ်ကြောင့် ဖြစ်သည်။
သနားစရာ ကောင်မလေးက အသက်ငယ်သေးသလို ရှက်လည်း ရှက်တတ်ပေမဲ့ ကြိုးစားချင်စိတ်တော့ ရှိပါသည်။
ယို့ယွီရှစ် ထိခိုက်ဒဏ်ရာရပြီး ရှိုးပွဲကနေ နှုတ်ထွက်သွားချိန်မှာ သူမက နောက်ဆုံး ရွေးချယ်ထားတဲ့ အဖွဲ့ကို ဖွဲ့စည်းထားသော လူတွေဆီကို အပြေးအလွှား ရောက်လာခဲ့သည်။ အဲ့ဒီနောက်ပိုင်းမှာ ရိုက်ကူးတဲ့ အပိုင်း တချို့မှာ သူမလေးက ဝမ်ကျင့်ဖျင်ကို မကြာခဏ ပြဿနာရှာလေ့ရှိသည်ဟူ၍လည်း စုယန်ယန် ပြန်ကြားထားသည်။
သူမလေးကို မြင်,မြင်ချင်းတုန်းက စုယန်ယန်ရဲ့ စိတ်ထဲမှာ လူကြောက်တတ်တဲ့ ယုန်ကလေး တစ်ကောင်ကို သွားမြင်သည်။ ထုတ်လုပ်ရေးအဖွဲ့ထဲက သူမလေးရဲ့ ဟီးရိုးဆန်ဆန် လုပ်ရပ်တွေအကြောင်း ကြားရတုန်းကဆို အံ့ဩစွာ ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။ ဒေါသထွက်သွားပြီဆို ယုန်လေး တစ်ကောင်ကတောင် တစ်ဖက်လူကို ပြန်ကိုက်မှာပဲ။
ရှားကျွင်းရှန်က သူမအကြောင်း ပြောတော့ စုယန်ယန်လည်း ယို့ယွီရှစ်က သူမအတွက် ဘယ်လို ရပ်တည်ပေးခဲ့တယ် ဆိုတာကို တစ်ဆက်တည်း သတိရသွားသည်။
အခုတော့ သူတို့ နှစ်ယောက်လုံးက ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ထဲမှာ ဖြစ်သွားပါပြီ။ တစ်ယောက်က သရုပ်ဆောင် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဇာတ်လမ်းတွဲထဲမှာ သုံးမယ့် သီချင်းတွေကို သီဆိုဖို့ တာဝန်ယူထားသူ … ။ ဒါ တိုက်ဆိုင်မှု သက်သက်ပဲ ဆိုတာကို သူမ မယုံကြည်ပေ။
“ ယွင်လော့ရှန်းနဲ့ ဟုန်ဟွီ … သူတို့ နှစ်ယောက်က အနေအထားချင်း တော်တော်လေး ကွာတယ်နော်။ ”
“ လက်တွေ့ကျကျ ပြောရရင်တော့ ယွင်လော့ရှန်းရဲ့ လက်ရှိ အနေအထားနဲ့ဆို ဒီသီချင်းကို ဟုန်ဟွီနဲ့ တွဲဆိုဖို့ ဆိုတာ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အဓိက အချက်က ဒီသီချင်းက သူကိုယ်တိုင် ရေးထားတဲ့ သီချင်း ဖြစ်နေတာပါ။ ”
“ သူကိုယ်တိုင် ရေးထားတာ … ”
“ ဟုတ်ပါတယ်။ သီချင်းစာသားတွေရော ၊ သီချင်း အစအဆုံး အကုန်လုံးကို သူမကိုယ်တိုင်ပဲ ရေးထားတာပါ။ ကုမ္ပဏီက ဂီတဆရာက ဘေးကနေ ဝိုင်းကူပေးပေမဲ့ သီချင်း စာသားတွေကိုတော့ သူကိုယ်တိုင်ပဲ ရေးထားတာ။ ”
အဲ့ဒီတော့မှ စုယန်ယန်သည် ယွင်လော့ရှန်းက ရှိုးပွဲမှာတုန်းက နောက်ဆုံးအဆင့်ကို ရခဲ့တယ် ဆိုတာ ပြန်သတိရသွား၏။ အကြောင်းကတော့ သူမက တခြား လူတွေထက် အဆို ၊ အကပိုင်းမှာ အားနည်းပြီး တေးရေး အပိုင်းမှာ အရည်အချင်းရှိနေလို့ပါပဲ။
++++++