← Chapters

အခန်း ၆၉၉

Vol. 47 Ch. 699

အခန်း ၆၉၉

Vol. 47 Ch. 699

699 01

အခန်း ( ၆၉၉ ) ကိုယ်ဝန်ပျက်ကျသွားတဲ့ မယားငယ်။

စုယန်ယန်က သူ့ကို မော့ကြည့်လာ၏။ “ ဘာစိတ်ဝင်စားစရာလဲ။ ”

“ ဟောက်ရှောက်ဖုန်းအကြောင်း။ ”

“ ဟောက်ရှောက်ဖုန်း … ” ထိုနာမည်ကို ကြားတော့ စုယန်ယန်လည်း စိတ်ဝင်စားသွားသည်။ “ သူ ဒီတစ်ခေါက် ဘာလုပ်ပြန်လို့လဲ။ ”

“ ဟောက်ချီဟန်က သူ့မယားငယ်ကိုတောင် အိမ်ကို ရဲရဲတင်းတင်းနဲ့ ခေါ်လာတယ်လေ။ သခင်မဟောက်က ဒေါသထွက်သွားပြီး သူနဲ့ ရန်ဖြစ်တယ် ၊ အဲ့လို ရန်ဖြစ်ရင်းနဲ့ ဟောက်ရှောက်ဖုန်းကို တွန်းပစ်လိုက်တယ်။ ”

“ သူ ကလေးပျက်ကျသွားတာလား။ ”

ဟောက်ရှောက်ဖုန်းသည် သူ့ရဲ့ လုပ်ငန်းဆီကရော ၊ အချစ်ဆီကရော ထိုးနှက်မှု နှစ်ရပ်ကို ခံစားနေရ၏။ သူ နည်းနည်းလေး အရွယ်ရောက် ကြီးပြင်းခဲ့ပြီ ဆိုပေမဲ့ အခြေကျပြီးသား ဗီဇ တစ်ခုကို ပြောင်းလဲဖို့ မလွယ်ပါ။ ပြီးတော့ ဟောက်ရှောက်ဖုန်းက အစကတည်းက အကြင်နာတရားရှိတဲ့ လူမျိုး မဟုတ်။ အဲ့တော့ သူ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားပါစေ အရာမရောက်။

သူက ရွယ်ပိုင်လီနှင့် သူ့နေရာကို ခြိမ်းခြောက်နိုင်တဲ့ သူမရဲ့ ဗိုက်ထဲက ကလေးကို အလိုမကျ ဖြစ်နေတာမို့ သဘာဝကျစွာပင် သူမကို ဖွဖွလေး ထိုးလိုက်တာ မဟုတ်ပါ။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်တာလား ၊ မတော်တဆ ဖြစ်သွားတာလား ဆိုတာ ပြောရခက်သည်။

“ သူ့ကလေးက ငါးလလောက် ရှိနေပြီမို့လား။ ”

“ အင်း။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ မျက်နှာ အမူအရာ ပြောင်းလဲသွားတာကို မြင်တော့မှ သူ ဒီအကြောင်း ပြောပြမိတာကို နောင်တရသွား၏။

စုယန်ယန်က ချက်ချင်း ကိုယ့်ကိုယ်ကိုယ် စိတ်ထိန်းလိုက်သည်။ ပြောရရင် သူမကလည်း ကိုယ်ဝန်ဆောင် တစ်ယောက် ဖြစ်၍ ဒီအကြောင်းကို ကြားရတာ သိပ်စိတ်မကောင်းပါ။

သို့သော်လည်း ဒီကလေး မွေးလာလျှင်တောင် သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ့် လူ သိပ်မရှိတာကိုလည်း သူမ နားလည်သည်။ သူက သူ့အမေအတွက် လုပ်ပိုင်ခွင့်နှင့် အာဏာကို လုယူတဲ့ နေရာမှာ အသုံးချသော လက်နက် တစ်လက် ဖြစ်လာရန် ရာခိုင်နှုန်း များသည်။

ဒီကလေးကိုပဲ သူမ သနားသည်။ သူ့မှာ မိဘကို ရွေးချယ်ပိုင်ခွင့် မရှိသလို သူ လုံခြုံဘေးကင်းစွာ မွေးဖွားလာနိုင်ပါ့မလား ဆိုတာကိုတောင် ရွေးချယ်ခွင့် မရှိရှာပေ။

“ ဟောက်ချီဟန် တော်တော်လေး ဒေါသထွက်သွားမှာပေါ့။ ”

“ အင်း။ ” ငါးလသားအရွယ် ကလေး တစ်ယောက်က ဗိုက်ထဲမှာ အလုံးအထည် ပေါ်စပြုနေပြီ ဆိုတာကိုတော့ ဟောက်ချန်ဟွမ်း မပြောဖြစ်လိုက်ပါ။ ကလေးက ယောက်ျားလေး ဖြစ်သည်။

ဟောက်ချီဟန်က နောက်ထပ် ဆက်ခံသူ တစ်ယောက် ရစေရန် ဖောက်ပြန်ခဲ့တာပင်။ အခုတော့ မျှော်လင့်ချက် ရောင်ခြည်လေးတွေကို မြင်ရပြီးမှ အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားသည်။

“ ဟောက်ချီဟန်က သူ့မိန်းမနဲ့ ကွာရှင်းပြီး သူ့မယားငယ်ကို တရားဝင် လက်ထပ်ချင်နေတာ။ ဒီကလေးကိုလည်း တရားဝင် သား ဆိုတဲ့ နေရာကို ပေးချင်လို့လေ။ အခု ကလေး မရှိတော့ပေမဲ့ သူက သူ့မိန်းမနဲ့ ပိုပြီးတော့တောင် ကွာရှင်းချင်လာတယ်။ ” သူ့လက်ရှိဇနီးနှင့် ကွာရှင်းလိုက်ပါက အနာဂတ်မှာ သူ့ကလေးကို မွေးပေးနိုင်မည့် ခပ်ငယ်ငယ် အမျိုးသမီး တစ်ယောက်ကို ရှာဖွေနိုင်လိမ့်မည် ဖြစ်ကာ အတိတ်က ထပ်တလဲလဲ လည်ပတ်နေမှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါ။

“ သခင်မဟောက်ကတော့ ကွာရှင်းဖို့ သဘောမတူဘူးမို့လား။ ”

“ ဟောက်မိသားစုက တုံးပေမဲ့ တစ်ကိုယ်ကောင်းတော့ဆန်ကြတယ်။ ကွာရှင်းဖို့ လက်ခံလိုက်တာနဲ့ သူတို့ ဘယ်လို ကြောက်စရာ အခြေအနေမျိုးကို ရောက်သွားမလဲ ဆိုတာ ကောင်းကောင်း သိတယ်။ ” ဟောက်‌ချန်ဟွမ်းက အဲ့ဒါကို ကြိုသိနေသလိုမျိုး လှောင်ပြုံး ပြုံးလိုက်သည်။ “ ဟောက်ရှောက်ဖုန်းက ဟောက်မိသားစုမှာ ရှိသေးရင် တော်သေးတယ်။ ဒါပေမဲ့ သူက မောင်းထုတ်ခံထားရတယ်လေ ၊ ပြီးတော့ မောင်းထုတ်ခံရတာကလည်း ရှက်စရာကောင်းတဲ့ အကြောင်းပြချက်နဲ့ မောင်းထုတ်ခံရတာ။ ”

တကယ်လို့ သခင်မဟောက်က ဟောက်ချီဟန်နှင့် ကွာရှင်းဖို့ သဘောတူလိုက်ပါက ဟောက်မိသားစုမှာ သူတို့ နှစ်ယောက်အတွက် နေရာရှိမှာ မဟုတ်တော့။

ဟောက်ရှောက်ဖုန်းက စိတ်ထားကောင်းတဲ့ လူမျိုး မဟုတ်တာကြောင့် မရေမတွက်နိုင်လောက်အောင် များတဲ့ လူပေါင်းများစွာကို တိတ်တဆိတ် စော်ကားတိုက်ခိုက်ခဲ့ဖူးသည်။

အရင်တုန်းကတော့ သူက ဟောက်မိသားစုရဲ့ အမွေဆက်ခံသူမို့ ထိုလူတွေက သူ့ကို ဘယ်လောက်ပဲ မကျေနပ်ပါစေ ၊ သွားမထိရဲကြ။

ဒါပေမဲ့ သူ ဟောက်မိသားစုထဲကနေ မောင်းထုတ်ခံလိုက်ရပြီး ဘာကျောထောက်နောက်ခံမှလည်း မရှိဘူး ဆိုလျှင်တော့ သူ နိမ့်ကျနေတုန်းမှာ လူ ဘယ်နှယောက်က သူ့ကို တက်နင်းသွားမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပေ။

“ သခင်မဟောက်က သဘောမတူပေမဲ့ ဟောက်ချီဟန်ကတော့ ကွာရှင်းဖို့ ဆုံးဖြတ်ထားပြီမို့လို့ သူတို့ကို ခြိမ်းတောင် ခြိမ်းခြောက်နေတယ်။ ”

“ ဘာနဲ့ ခြိမ်းခြောက်တာလဲ။ ”

“ ကွာရှင်းဖို့ သဘောမတူရင် ဟောက်ရှောက်ဖုန်းကို တရားစွဲမယ်တဲ့။ ”

“ ဟောက်ရှောက်ဖုန်းကို တရားစွဲမယ် ….. ” စုယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရက်စက်တဲ့ ကျားရိုင်း တစ်ကောင်ကတောင် သူ့သားသမီးတွေကိုတော့ မစားဘူး ဆိုတဲ့ စကားပုံ ရှိပေမဲ့ ဒီမိသားစုအတွက်တော့ ထိုစကားပုံက မှန်ကန်ပုံမရပါ။

“ ဘာပဲပြောပြော ဟောက်ရှောက်ဖုန်း တွန်းလိုက်လို့ အဲ့ဒီ မယားငယ်က ကလေးပျက်ကျသွားတာ ဆိုတော့။ စကားအလှ သုံးပြီး ပြောရရင်တော့ မတော်တဆ ဖြစ်သွားတာ‌ပါပေါ့။ ဒါပေမဲ့ တကယ်တမ်းကျ ရည်ရွည်ချက်ရှိရှိ အဲ့လို ဖြစ်အောင် လုပ်လိုက်တာ။ ”

“ သူက ဟောက်ရှောက်ဖုန်းကို ထောင်ထဲ ထည့်ချင်နေတာလား။ ”

“ သူတို့ကို ကြောက်အောင် လုပ်ချင်ရုံလောက်ပဲ ထင်ပါတယ်။ ဒီသတင်းသာ အပြင်ကို ပြန့်သွားရင် ဟောက်ချီဟန်ပဲ အရှက်ကွဲမှာလေ။ ”

All Chapters