← Chapters

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း ၇၀၀

Vol. 47 Ch. 700

အခန်း ( ၇၀၀ ) အတွင်းရေး ပြဿနာ။

“ အရှက်ကွဲမှာ .. ဟုတ်လား။ ” စုယန်ယန် တဟက်ဟက် ရယ်လိုက်သည်။ “ သူက သူ့မယားငယ်ကိုတောင် အိမ်ထဲ ခေါ်ပြီးတော့မှ အရှက်ကွဲမှာကို စိုးရိမ်နေတာလား။ ”

ဟောက်ချန်ဟွမ်းသည် လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး စိတ်ပျက်လက်ပျက် ခေါင်းခါပြလိုက်၏။ “ သူက ပြဿနာဖန်တီးဖို့ပဲ သူ့မယားငယ်ကို အိမ်ကို ခေါ်လာခဲ့တာ ၊ ဒါပေမဲ့ သူ ဟောက်ရှောက်ဖုန်းကို တကယ် တရားစွဲလိုက်ရင်တော့ အတင်းအဖျင်းတွေ ပြန့်ကုန်လိမ့်မယ်။ အဲ့သတင်းကို လူတိုင်း သိကုန်လိမ့်မယ်။ သူက သူ့နာမည်ကို အထိခိုက်မခံတဲ့ လူမျိုး ဆိုတော့ သေချာပေါက် အဲ့လိုမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ “ လူတွေက ကိုယ့်ကိုယ်ကိုယ် ပြန်လိမ်ရတာကို သဘောကျကြတယ်နော်။ ”

သူ့လုပ်ရပ်က ရှက်စရာကောင်းမှန်း သိပေမဲ့ ထိုလုပ်ရပ်ကို သူ သေချာ ဖုံးကွယ်ထားနိုင်‌သရွေ့ ဘယ်သူမှ သိမှာ မဟုတ်သလို ဘယ်သူကမှလည်း ဘာမှ ပြောမှာ မဟုတ်ဘူးလို့ ထင်နေဆဲပင်။

ဟောက်ချန်ဟွမ်းက သူမရဲ့ အမူအရာကြောင့် ရယ်ချင်သွားပြီး နှာခေါင်းလေးကို ဆွဲလိမ်လိုက်၏။

စုယန်ယန်က သူ့လက်ကို ဖမ်းကိုင်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ ဒါဆို သူတို့ ဒီတစ်ခေါက် တကယ် ကွာရှင်းကြမှာလား။ ”

“ ကွာရှင်းနိုင်ချေတော့ ရှိတယ်။ ” စုယန်ယန်က နားမလည်ဘဲ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။

သခင်မဟောက်က လူချမ်းသာတွေကိုသာ အထင်ကြီး လေးစားပြီး သူမတို့ထက် နိမ့်ကျတဲ့ လူတွေကိုတော့ အထင်သေး ရှုံ့ချတတ်တဲ့ လူမျိုး ဆိုတာ သူမ ကောင်းကောင်း သိသည်။ သူမက အားနည်းသူကို အနိုင်ကျင့်ပြီး သူမထက် ပိုသာတဲ့ လူတွေကိုတော့ ကြောက်ရွံ့တတ်ပါသည်။ သူမလို လူမျိုးက ဒီနေ့ ဒီအချိန်ထိ ကွာရှင်းမပေးဘဲ တောင့်ခံထားနိုင်တယ် ဆိုတာ ဟောက်ရှောက်ဖုန်းက‌ နောက်ကွယ်ကနေ သူမကို ဦးနှောက်ဆေးနေတာကြောင့်ပဲ ဖြစ်လိမ့်မည်။

အခု ဟောက်ရှောက်ဖုန်းလည်း ဒုက္ခရောက်နေပြီ ဆိုတော့ သခင်မဟောက် ဆက်ပြီး တောင့်ခံနိုင်ပါ့ဦးမလား။

“ ကိုယ်လည်း သေချာတော့ မသိဘူး။ တကယ်တော့ ဟောက်ရှောက်ဖုန်းက တစ်ဖက်လူကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် လုပ်လိုက်တာ ဆိုပေမဲ့ လျှော့လျှော့ပေါ့ပေါ့ ပြောရင်တော့ မတော်တဆ ဖြစ်သွားတဲ့ အက်ဆီးဒင့်ပဲ။ အဲ့အချိန်တုန်းက သူတို့ကလည်း ရန်ဖြစ်နေကြတာ ဆိုတော့ တစ်ယောက်ကို တစ်ယောက် တွန်းမိတယ် ဆိုတာ ပုံမှန်ပဲ။ ”

ဟောက်ချန်ဟွမ်း ပြောချင်တဲ့ အဓိပ္ပာယ်ကို စုယန်ယန် ချက်ချင်း နားလည်လိုက်သည်။ မမွေးဖွားရသေးတဲ့ ကလေးက မွေးကင်းစ ကလေးနှင့် မတူပါ။

မွေးကင်းစ ကလေး သေဆုံးသွားလျှင်တော့ ရည်ရွယ်ချက်ရှိရှိ လူသေစေမှုလို့ ပြောလို့ ရသော်လည်း မမွေးဖွားရသေးတဲ့ ကလေး သေဆုံးပြီး ပျက်ကျသွားလျှင်တော့ မတော်တဆ ဖြစ်သွားတဲ့ အက်ဆီးဒင့်ဟုသာ ပြောလို့ ရသည်။ လူ တစ်ယောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတဲ့ထိ ရိုက်နှက်မှသာ ပြစ်မှုလို့ သတ်မှတ်လို့ ရတာပင်။

ထို့ပြင် အဲ့ဒီအချိန်တုန်းက အကုန်လုံးက အော်ကြီးဟစ်ကျယ် ရုန်းရင်းဆန်ခတ် ဖြစ်နေတာမို့ သူ တမင်သက်သက် လုပ်တာလား ၊ မတော်တဆ ဖြစ်သွားတာလား ဆိုတာ ဘယ်သူမှ မပြောနိုင်ပါ။ တကယ်လို့ ဟောက်ချီဟန်က ဟောက်ရှောက်ဖုန်းကို တရားစွဲချင်လျှင် ဟောက်ရှောက်ဖုန်းကလည်း ရှေ့နေငှားပြီး သူ့ကိုယ်သူ ကာကွယ်ချေပလို့ ရသည်။

တရားဥပဒေရှုထောင့်က ကြည့်လျှင် ရွှယ်ပိုင်လီက ကိုယ်ဝန်သည်မို့ နစ်နာသူ ဖြစ်နေပေမဲ့ လူ့ကျင့်ဝတ်ရှုထောင့်ကနေ ကြည့်လျှင်တော့ သခင်မဟောက်နှင့် ဟောက်ရှောက်ဖုန်းက တရားဝင် ပထမဇနီးနှင့် သားမို့ မယားငယ်ဆီမှာ အနိုင်ကျင့်ခံရတဲ့ နစ်နာသူတွေ ဖြစ်ပါသည်။

ငှးရမ်းထားတဲ့ ရှေ့နေက အရည်အချင်းရှိရင် ရှိသလောက် ဟောက်ရှောက်ဖုန်းနှင့် သူ့အမေအတွက် ဘာမှ စိုးရိမ်စရာ မလိုပေ။

“ အဲ့ဒါဆိုရင်လည်း ဟောက်ရှောက်ဖုန်းနဲ့ သခင်မဟောက် ဘာလို့ ဒီအတွေးမျိုး မတွေးမိတာလဲ။ ” ထိုသားအမိ နှစ်ယောက်လုံး ဦးနှောက် အကန့် တစ်ကန့် လွတ်နေတာ သိသာ၏။

“ သူတို့ မတွေးမိလည်း ကိုယ်တို့ တစ်ယောက်ယောက်ကို လွှတ်ပြီး သူတို့ကို သတိပေးခိုင်းလိုက်လို့ ရပါတယ်။ ”

စုယန်ယန် အံ့ဩသွားသည်။ “ ရှင် သူတို့ကို ကူညီပေးချင်နေတာလား။ ”

“ ပိုပြီး တိတိကျကျ ပြောရရင်တော့ ဟောက်ချီဟန်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ချင်တာပါ။ ”

ကိုယ့်ရန်သူရဲ့ ရန်သူက ကိုယ့်မိတ်ဆွေပဲ ဆိုတဲ့ ဆိုရိုးစကား ရှိသည်။ အဆုံးမရှိတဲ့ အကျိုးအမြတ် ဆိုတာမျိုး မရှိသလို ဘဝ တစ်လျှောက်လုံး ခင်မင်သွားမယ့် မိတ်ဆွေ ဆိုတာမျိုးလည်း မရှိပါ။ ဟောက်ချန်ဟွမ်းပင်လျှင် တချို့ လူတွေကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမှာ လက်သ,နသည်ဟု ခံစားရသောကြောင့် အကောင်းဆုံး နည်းလမ်းက သူတို့ကို အချင်းချင်း ပြန်တိုက်ခိုက်အောင် လုပ်ပေးဖို့ ဖြစ်လေသည်။

“ သူတို့တွေ စကားမတည်ဘဲ ကတိဖျက်သွားတာကို ကြည့်ရမှာ စိတ်ဝင်စားစရာကောင်းတယ်လို့ မင်း မထင်ဘူးလား။ ”

စုယန်ယန် ဆွံ့အသွားသည်။ သူက အရမ်းကို ကောက်ကျစ်ပေမဲ့ ဘာလို့များ စိတ်ချမ်းသာစရာကောင်းလွန်းတယ်လို့ ခံစားနေရတာပါလိမ့်။

“ ဒါပေါ့ ၊ အဲ့လိုပဲ ဖြစ်သင့်တာ။ ” စုယန်ယန် မျက်လုံးလှိမ့်ပြီး တခစ်ခစ် ရယ်လိုက်သည်။ “ အဲ့မယားငယ်ရော အခြေအနေ ဘယ်လိုလဲ။ ပျက်ကျသွားတဲ့ ကလေးက ကိုယ်ဝန်ရင့်နေပြီ ဆိုတော့ တော်တော်လေး အန္တရာယ်များမယ် ထင်တယ်နော်။ ”

“ အန္တရာယ်များတာပေါ့ ၊ ဒါပေမဲ့ ကံကောင်းလို့ အချိန်မီ ဆေးရုံပို့လိုက်နိုင်တော့ အသက်အန္တရာယ်မရှိပါဘူး။ အနာဂတ်မှာ သူမ ကလေးထပ်ယူချင်လည်း ယူလို့ ရသေးတယ်။ ”

အဲ့လို ဆိုရင်တောင် အစတုန်းက ကျန်းမာနေခဲ့တဲ့ သားယောက်ျားလေး တစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းက သူမအတွက် ညှိနှိုင်းမှုတွေ လုပ်ရာမှာ အသုံးချလို့ ရတဲ့ အားသာချက် တစ်ရပ် ဖြစ်လာနိုင်သည်။

ပြင်းထန်တဲ့ အကျိုးဆက်တွေ မရှိပေမဲ့လည်း ဒီဒေါသကို မျိုသိပ်ထားဖို့တော့ မလွယ်လောက်။

ထိုအချိန်မှာ ရွယ်ပိုင်လီကတော့ အကြီးအကျယ် ဒေါသပေါက်ကွဲနေခဲ့လေသည်။ မျက်စိရှေ့ကို ရွှေအခွင့်အရေးကြီး ရောက်လာပြီးမှ ဟိုကောင်စုတ်လေးကြောင့် ဖျက်ဆီးလိုက်ရပြီ။

++++++

All Chapters