အခန်း ၇၀၁
Vol. 47 Ch. 701
အခန်း ( ၇၀၁ ) ရှေ့တစ်လှမ်း တိုးဖို့ နောက်တစ်လှမ်း ဆုတ်ခြင်း။
ရွှယ်ပိုင်လီသည် ဟောက်ရှောက်ဖုန်းကို ဓားနှင့် ထိုးသတ်ချင်နေသော်လည်း အခုအချိန်မှာ သူမ လက်လွတ်စပယ် ပြုမူလိုက်လျှင် ဟောက်ချီဟန်ရဲ့ မျက်နှာသာပေးမှုကို ဆုံးရှုံးလိုက်ရရုံသာ ရှိလိမ့်မည်ကို သိသည်။
သူမက တစ်လ ၊ နှစ်လအတွင်းမှာပဲ ဟောက်ချီဟန်ရဲ့ နှလုံးသားရဲ့ နှလုံးသားကို မိမိရရ ဖမ်းဆုပ်နိုင်ခဲ့တာကြောင့် သူက ဘယ်လို အကျိုးဆက်ကိုမှ မမူဘဲ သူမကို သူ့အိမ်ကို ခေါ်သွားခဲ့တာ ဖြစ်သည်။
ဟောက်ရှောက်ဖုန်းနှင့် သူ့အမေက ပြဿနာ ဘယ်လို ရှာရမလဲ ဆိုတာပဲ သိပေမဲ့ သူမကတော့ သူမရဲ့ ကိုယ်ပိုင် နေရာကလည်း အရေးကြီးတဲ့ အကြောင်းပြချက်တွေထဲက တစ်ခု ဆိုတာ သိသည်။
ဟောက်ချီဟန်က သူမကို သဘောကျတာ မှန်ပေမဲ့ သူ သဘောကျတဲ့ အဓိက အကြောင်းပြချက်က သူမ လွယ်ထားတဲ့ ကိုယ်ဝန်နှင့် သက်ဆိုင်နေပါသည်။
အခု ကလေးပျက်ကျသွားပြီမို့ ဟောက်ချီဟန်ရဲ့ ဒေါသတွေ အကုန်လုံးက ဟောက်ရှောက်ဖုန်းတို့သားအမိဆီ ဦးတည်သွား၏။
ဒီလို အချိန်မျိုးမှာ သူမက သူ့ကို ဆက်တိုက် နားပူနားဆာ လုပ်ပြီး ဖြေရှင်းချက် အတင်း ပေးခိုင်းနေလျှင် အဲ့ဒါက ဟောက်ချီဟန်ရဲ့ ဒေါသတွေကို သူမဆီ ရောက်လာစေလိမ့်မည်။
သူ့ရင်သွေးကို လွယ်ပေးနိုင်တဲ့ မိန်းမတွေ အများကြီး ရှိပါသည်။ အခု သူမမှာ မှီခိုအားထားစရာ ကလေးလည်း မရှိတော့ပြီမို့ သူ့ရဲ့ မျက်နှာသာပေးမှုကို အဆုံးရှုံးခံလို့ မဖြစ်ပါ။ သူမရဲ့ ကလေးအတွက် လက်စားချေဖို့ကတော့ …။
ရွှယ်ပိုင်လီရဲ့ မျက်လုံးထဲမှာ အေးစက်စက် အငွေ့အသက်တွေ ဖုံးလွှမ်းသွားကာ သူမရဲ့ ဖြူဖျော့ဖျော့ မျက်နှာပေါ်မှာ အမုန်းတရားတွေ ပြည့်နှက်သွားခဲ့လေသည်။
ထို့နောက် ကလစ်ခနဲ မြည်သံနှင့်အတူ လူနာဆောင်တံခါး ပွင့်သွားသည်။
ရွှယ်ပိုင်လီ လန့်သွားကာ ချက်ချင်းပဲ မျက်နှာအမူအရာကို ပြောင်း၍ စိတ်အားငယ်နေသလို ခေါင်းငုံ့ထားလိုက်သည်။
ဟောက်ချီဟန် လူနာဆောင်ထဲကို ဝင်လာချိန်တွင် မျက်တွင်းများ ချောင်ကျလျက် ဖြူဖတ်ဖြူရော် မျက်နှာဖြင့် ဆေးရုံကုတင်ပေါ်မှာ လှဲနေသော အမျိုးသမီးကို မြင်လိုက်ရ၏။ ဝမ်းနည်းမှုဖြင့် ညိုးငယ်နေတဲ့ သူမမျက်နှာလေးက ယောက်ျား တစ်ယောက်ရဲ့ ကာကွယ်ပေးချင်စိတ်ကို အလွယ်တကူ လှုံ့ဆော်နိုင်သည်။ “ လီလေး … ”
ရွှယ်ပိုင်လီရဲ့ ပုံစံက အခုမှ အိပ်မက်က လန့်နိုးလာသလို အယောင်ယောင် အမှားမှား။ သူမ အပြုံး တစ်ပွင့်ကို အားတင်း ပြုံးပြလိုက်သည်။ “ အစ်ကိုဟောက် ရောက်နေတာပဲ။ ”
“ မင်း ဘယ်လို နေသေးလဲ။ ”
“ ညီမ အဆင်ပြေပါတယ်။ ” ရွှယ်ပိုင်လီက စကားပြောနေရင်း ရင်ထဲမှာ အလွန် ဆို့နင့်လာသလို ပုံစံဖြင့် ခဏ ရပ်လိုက်ပြီးမှ တိုးလျလျ အသံလေးဖြင့် ဆက်ပြောလိုက်သည်။ “ ညီမတို့ရဲ့ ကလေးကို ကောင်းကောင်း မကာကွယ်နိုင်တာ ညီမရဲ့ အမှားပါ။ ”
ရွှယ်ပိုင်လီရဲ့ စကားတွေက ဟောက်ချီဟန်ရဲ့ နှလုံးသား စောင်းကြိုးကို တည့်တည့်မတ်မတ် ထိခတ်သွား၏။ သူက ရွှယ်ပိုင်လီကို ပိုလို့တောင် သနားစိတ် ဝင်လာပြီး ဟောက်ရှောက်ဖုန်းတို့သားအမိကိုတော့ ပိုလို့တောင် မုန်းတီးသွားခဲ့လေသည်။
ဟောက်ချီဟန်က ရှေ့တိုးပြီး ရွှယ်ပိုင်လီကို ပွေ့ဖက်ရင်း ခပ်တိုးတိုး နှစ်သိမ့်ပေးလိုက်သည်။ “ အဲ့ဒါ မင်းအမှား မဟုတ်ပါဘူး။ ကိုယ် မင်းကို အဲ့လောက် မြန်မြန်ဆန်ဆန် ခေါ်မသွားခဲ့သင့်ဘူး။ ကွာရှင်းပြီး အဲ့နှစ်ယောက်ကို အိမ်ကနေ မောင်းထုတ်ပြီးတဲ့အထိ စောင့်ပြီးမှ မင်းနဲ့ ကလေးလေးကို အိမ်ကို ခေါ်လာခဲ့သင့်တာ။ ကိုယ် အတွေးတိမ်သွားတယ်။ ”
ရွယ်ပိုင်လီက ဟောက်ချီဟန်ရဲ့ ရင်ခွင်ကို မှီကာ သူ့ရှပ်အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူ့ကို ပျော့ပြောင်းနူးညံ့သော အသံလေးဖြင့် ကာကွယ်ပေးလိုက်သည်။ “ မဟုတ်တာပဲ အစ်ကိုဟောက်ရယ်။ အဲ့လို မပြောပါနဲ့။ အစ်ကိုလည်း ညီမနဲ့ ကလေးကို ပိုကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေစေချင်တယ် ဆိုတာ သိပါတယ်။ ”
“ အခုတော့ ကလေးလည်း မရှိတော့ဘူးလေ။ ကိုယ်က အဲ့လိုမျိုး ဖြစ်စေချင်တာမှ မဟုတ်တာ။ ”
“ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်မတင်ပါနဲ့ အစ်ကိုဟောက်ရယ်။ အစ်ကိုလည်း သခင်လေးဟောက်က အဲ့လို … အဲ့လို လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့မှ ထင်မထားတာ။ ”
ဟောက်ချီဟန်ရဲ့ ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သူမက နစ်နာတဲ့ သူ ဖြစ်နေတာတောင်မှ သူ့ကို နှစ်သိမ့်ပေးနေသေး၏။
သူမက သူ့ရဲ့ ညံ့ဖျင်းပြီး စိတ်ပျက်စရာကောင်းတဲ့ မိန်းမနှင့် တစ်စက်ကလေးမှ မတူဘဲ အလွန် နူးညံ့သိမ်မွေ့ကာ တစ်ဖက်သားအပေါ် သနားငဲ့ညှာစိတ် ရှိသည်။
ဟောက်ချီဟန်သည် သူ လွန်ခဲ့တဲ့ နှစ်လ ၊ သုံးလကတည်းက သူ့မိန်းမနှင့် ကွာရှင်းဖို့ ညှိနှိုင်းနေပေမဲ့ မအောင်မြင်ခဲ့တာကြောင့် ဖြစ်ချင်ရာဖြစ်ဟု ဆုံးဖြတ်ကာ ရွှယ်ပိုင်လီကို သူ့အိမ်ကို ခေါ်သွားခဲ့တာ ဆိုတာကို မေ့သွားသည်။
သူ ဒေါသထွက်လွန်းလို့ စိတ်လွတ်တော့မလိုပါပဲ။ ထိုအခိုက်အတန့်မှာပဲ သူ့ခေါင်းထဲမှာ ဉာဏ်အလင်းပွင့်သွားကာ သားအမိ နှစ်ယောက်ကို စိတ်ပျက်အောင် လုပ်ဖို့ ရွယ်ပိုင်လီကို အိမ်ကို ခေါ်သွားရမယ် ဆိုတဲ့ အတွေးဝင်လာသည်။
သူ့မိန်းမက သူ့ကို ကွာရှင်းမပေးဘူးလား … ။ ရတယ်လေ ၊ ဒီနေ့က စပြီး ဟောက်အိမ်တော်ရဲ့ အိမ်ကြီးရှင်သခင်မ နေရာကို လူစားထိုးသွားမည် ၊ ပြီးတော့ သူ့ရဲ့ အချစ်သစ်လေး ရွှယ်ပိုင်လီကို သူ့လက်ရှိမိန်းမနှင့် တစ်အိမ်ထဲမှာ နေခိုင်းမည်။ သူမက သူ့ကို ကွာရှင်းမပေးဘဲ တင်းခံနေလို့ ရပေမဲ့ သု့နှလုံးသားကိုတော့ အတင်းအကျပ် မရယူနိုင်ပါ။ ဘယ်သူက ဘယ်သူ့ထက် ပိုသည်းခံနိုင်မလဲ ဆိုတာ သူ ကြည့်လိုက်ချင်သေးရဲ့။
သို့သော်လည်း ဟောက်ချီဟန်သည် ဟောက်ရှောက်ဖုန်းအား ရွယ်ပိုင်လီကို သူ့မျက်စိရှေ့မှာတင် ရဲတင်းစွာ တွန်းပစ်ပြီး ကလေးပျက်ကျအောင် လုပ်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
သူ အကြီးအကျယ် ဒေါသထွက်နေမိသည်။ တစ်ဖက်မှာ လူ့လောကထဲ ရောက်လာဖို့ လပေါင်းများစွာ ကြာအောင် စောင့်ခဲ့ရတဲ့ သူ့အငယ်ဆုံးသားလေး မရှိတော့ဘူး ဆိုတဲ့ အတွေးက သူ့ရင်ကို မီးလို လောင်မြိုက်နေသည်။ တခြား တစ်ဖက်မှာတော့ ဟောက်ရှောက်ဖုန်းက ဒီအရွယ် ရောက်လာတာတောင် သူ့အပေါ် အရိုအသေကင်းမဲ့လွန်းသည်ဟု ခံစားရလေသည်။
လက်ရှိအချိန်မှာ ဟောက်ချီဟန်ရဲ့ ဟောက်ရှောက်ဖုန်းအပေါ် အမုန်းတရားတွေက အထွဋ်အထိပ်ကို ရောက်ခါနီးနေခဲ့ပါပြီ။