အခန်း ၇၀၂
Vol. 47 Ch. 702
အခန်း ( ၇၀၂ ) စိတ်ပုံမှန် မဟုတ်တဲ့ ဟောက်ချန်ဟွမ်း။
“ သူက ဘယ်သူ့သားလဲ။ ” ဟောက်ချီဟန်က အေးစက်စွာ လှောင်ရယ်ရင်း ကျိန်ဆဲလိုက်သည်။ “ အစ်ကို့မှာ သူ့လို မိုက်ရိုင်းတဲ့ သားမျိုး မရှိဘူး။ ”
“ အဲ့လိုမျိုး ဒေါသကို ရှေ့တန်းတင်ပြီး မပြောရဘူးလေ အစ်ကိုရဲ့။ ဘာပဲပြောပြော … သူက ငယ်သေးတယ်။ ငယ်သေးတော့ ဘာနားလည်ဦးမှာလဲ။ ဒါပေမဲ့ ….. ဒါပေမဲ့ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ညီမတို့ရဲ့ ကလေးကတော့ သူ့ရဲ့ သွေးသားရင်း ညီလေး ဖြစ်နေတုန်းပဲ။ ” ရွှယ်ပိုင်လီက ပြောရင်း မျက်ရည်တွေ ကျလာပြန်ကာ သနားစရာ ပုံစံလေးဖြင့် ဆက်ပြောနေခဲ့သည်။ “ ညီမ အများကြီး နာကျင်ခံစားခဲ့ရပေမဲ့ အစ်ကိုတို့ နှစ်ယောက်ရဲ့ သားအဖ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် ညီမဘက်က အထိခိုက်ခံရမယ် ဆိုလည်း အထိခိုက်ခံသွားမှာပါ။ ”
သူမက သခင်မဟောက်ဆီကိုလည်း အပြစ်လွှဲချလိုက်သည်။ ဟောက်ရှောက်ဖုန်းက ငယ်သေးလို့ ဒီကိစ္စတွေကို နားမလည်ဘူး ဆိုရင် ဘယ်သူက နားလည်သင့်တာလဲ … ။ သေချာတာပေါ့ ၊ သူ့ရဲ့ အမေ သခင်မဟောက်ပဲ။
ဟောက်ချီဟန်က သူ့သား ဟောက်ရှောက်ဖုန်းဟာ ကလေး တစ်ယောက် မဟုတ်တော့ဘူး ဆိုတာရယ် ၊ ဟောက်ရှောက်ဖုန်းရဲ့ စိတ်နေစိတ်ထားရယ်ကို ကောင်းကောင်း သိနေတာမို့ သူ ဒီလို လုပ်ရပ်မျိုး လုပ်တာ သိပ်မထူးဆန်းကြောင်း နားလည်တာတောင် ရွှယ်ပိုင်လီရဲ့ စကားအတိုင်း သခင်မဟောက်ကို အပြစ်တွေ အကုန်လုံး ပုံချလိုက်၏။
သခင်မဟောက်သာ ရွယ်ပိုင်လီကို နောက်ကနေ တိုက်ခိုက်ဖို့ သူ့ကို မြှောက်မပေးခဲ့ရင် အခုလိုတွေ ဖြစ်လာမှာ မဟုတ်။ ဟောက်ရှောက်ဖုန်းက သူမရဲ့ သား ၊ ပြီးတော့ သူမကိုယ်တိုင်ပဲ ပြုစုပျိုးထောင် သင်ကြားပေးခဲ့တာပါ။ ဒါ့ကြောင့် ဟောက်ရှောက်ဖုန်းက မကောင်းတဲ့ လုပ်ရပ် တစ်ခုခု လုပ်ခဲ့လျှင် အဲ့ဒါက သူမကြောင့်ပါပဲ။
ဟောက်ချီဟန်က ဟောက်ရှောက်ဖုန်းကို ဘာမှ သုံးစားမရတဲ့ သား တစ်ယောက် ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ သခင်မဟောက်ကို အစကတည်းက ဒေါသထွက်နေပြီးသားမို့ လက်ရှိအချိန်မှာ ထိုအမျိုးသမီးအပေါ် မြူမှုန်လောက် ခံစားချက်လေးတောင် မရှိတော့ပေ။
“ ညီမ သူတို့ကို ဘာမှ ဖာဖာထေးထေး ပြောပေးနေစရာ မလိုဘူး။ သူတို့သားအမိ နှစ်ယောက်လုံးက လူစိတ်မရှိတဲ့ ဟာတွေ။ သူတို့ ညီမကို ကိုယ်ဝန်ပျက်ကျအောင် လုပ်တာကလည်း လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းလင်းလင်းကြီးပဲ။ စိတ်မပူနဲ့ ၊ အစ်ကိုတို့ကလေးနဲ့ ညီမအတွက် အစ်ကို တရားမျှတမှု ရအောင် လုပ်ပေးမယ်။ ”
ရွှယ်ပိုင်လီရဲ့ မျက်လုံးလေးတွေက လက်ခနဲ တောက်ပသွားကာ ဟောက်ချီဟန်ရဲ့ ရင်ခွင်ထဲ ဝင်၍ “ ဟုတ် ” လို့ တိုးတိုးလေး ပြောလိုက်လေသည်။
ဟောက်ချီဟန်တို့ မိသားစုက သူတို့အချင်းချင်း တိုက်ခိုက်ရင်း အလုပ်များနေကြပေမဲ့ စုယန်ယန်ကတော့ သူမရဲ့ ကိုယ်ဝန်ကိုသာ သေချာလေး ဂရုစိုက်ရင်း အလုပ်များနေခဲ့သည်။ ဒါက သူမ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ဖူးတာ ဆိုပေမဲ့ ချင်ရွှယ်ရူကို အရင်က ဂရုစိုက်ပေးခဲ့တာမို့ ဘာအခက်အခဲမှ သိပ်မရှိ။ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲမှု အဆင့်ဆင့်ကိုလည်း သိတာကြောင့် အရမ်းကြီး မစိုးရိမ်မိပါ။
ဟောက်ချန်ဟွမ်း ၊ သူမရဲ့ မိသားစုနှင့် ဦးလေးကျန်းကတော့ သူမထက်တောင် ပိုအစိုးရိမ်ကြီးနေခဲ့ပါသည်။ သူတို့ရဲ့ မရမက တိုက်တွန်းမှုအောက်မှာ သူမရဲ့ မူလတုန်းက သင်လက်စ အတန်းတွေကို အွန်လိုင်းကပဲ ဆက်သင်ခဲ့ရ၏။
ထိုကြောင့်ပဲ စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ သတိထား စောင့်ကြည့်နေသော မျက်လုံးတွေအောက်မှာ တစ်နေ့ တစ်နေ့ အိပ်လိုက် ၊ လမ်းလေး ဘာလေး နည်းနည်းပါးပါး လျှောက်လိုက် လုပ်ဖို့သာ တတ်နိုင်သည်။ သူမက နောက်ဆုံး အတန်းချိန်ကို သင်ပြီးသွားတိုင်း စားသောက်ဆိုင်ရဲ့ ဆေးဖက်ဝင် ဟင်းလျာ မီနူးကို တစ်နာရီလောက် အချိန်ပေး ရေးဆွဲလေ့ ရှိသည်။
တစ်ခါတရံမှာတော့ ဟောက်ချီဟန်နှင့် သူ့မိသားစုကြားက ရန်ပွဲတွေအကြောင်း ဟောက်ချီဟန် ပြောပြတာကို သူမ နားထောင်တတ်သည်။ ပြီးတော့ သူမရဲ့ ဗိုက်ထဲက ကလေးကို သူ့အဖေ ပြောပြတဲ့ လောကကြီးရဲ့ မကောင်းတဲ့ အခြမ်းအကြောင်း နားထောင်ခိုင်းသည်။
သားသမီးကို ဒီလိုမျိုး သင်ပေးတဲ့ ထူးထူးဆန်းဆန်း သင်ကြားပို့ချနည်းတွေ များများစားစားတော့ ရှိမှာ မဟုတ်။ သူမ ဘာတွေ လျှောက်လုပ်နေမိတာပါလိမ့်။
ဟောက်ချန်ဟွမ်း အလုပ်သွားချိန်မှာတော့ စုယန်ယန်က မီးဖိုချောင်ထဲ ဝင်ပြီး အချိန် ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စတင်ဖို့ အခွင့်အရေး ရလာခဲ့သည်။
“ ကျွန်မတို့ မတွေ့ရတာ တော်တော်လေး ကြာပြီနော်။ ကျွန်မရဲ့ ယောက်ျားက ကျွန်မ ပင်ပန်းမှာကို စိုးရိမ်နေလို့ မီးဖိုချောင်ထဲ ပေးမဝင်တာနဲ့ ဟင်းချက်မပြဖြစ်တာပါ။ ဒါပေမဲ့ ဒီနေ့တော့ သူလည်း အိမ်မှာ မရှိတော့ ကျွန်မ တိတ်တိတ်လေး တိုက်ရိုက်ထုတ်လွှင့်ဖို့ အခွင့်အရေး ရလာခဲ့တယ်။ အကုန်လုံး ဒါကို ကျွန်မအတွက် လျို့ဝှက်ပေးထားကြပါနော်။ သူ သိသွားလို့ မဖြစ်ဘူး။ ရှူး … ”
ဟောက်ချန်ဟွမ်း တစ်ယောက် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ဆော့ဖ်ဝဲကို ဖွင့်လိုက်ချိန်မှာပဲ ရင်းနှီးနေတဲ့ သတိပေးချက် အသံလေးကို ကြားလိုက်ရ၏။
ရှေ့ခန်းမှာ ကားမောင်းနေတဲ့ ဒရိုင်ဘာ ရှောင်ကူလည်း ထိုအသံကို ကြားလိုက်သည်။ သူ ခပ်တိုးတိုး ချောင်းဟန့်ပြီး စကားလုံး အသုံးအနှုန်းကို သေချာလေး ရွေးချယ်၍ ပြောလိုက်ပါသည်။ “ တကယ်တော့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက်အတွက် ဆိုရင် ပုံမှန်လေး လေ့ကျင်ခန်း လုပ်တာကလည်း မိခင်နဲ့ ကလေးရဲ့ ကိုယ်ကျန်းမာရေး ၊ စိတ်ကျန်းမာရေးအတွက် ထိရောက်ပါတယ်။ ”
ဟောက်ချန်ဟွမ်း ဒါကို မသိတာလား … ။ ဘယ်ဟုတ်မလဲ ၊ သူ သေချာပေါက် သိတာပေါ့။ သိရက်သားနဲ့ အတွေးလွန် ၊ အစိုးရိမ်လွန်နေတာပါ။
“ မီးဖိုချောင်ထဲမှာ မီးတွေ ရှိတယ် ၊ လျှပ်စစ်တွေ ရှိတယ် ၊ ရေတွေလည်း ရှိတယ် ၊ ဓားကလည်း ထက်လွန်းတယ် ၊ ဟင်းချက်တဲ့ အိုးကလည်း အလေးကြီးပဲ ၊ ဂုံးတို့ ဘာတို့လို ပင်လယ်စာတွေ ချက်ရင်လည်း အခွံကို ပလာယာနဲ့ ခွာရသေးတယ်။ ”
သူ့စကားအရ ဆိုရင် ( ၁ ) စကွဲယားမီတာ ကျယ်ဝန်းတဲ့ ဒီမီးဖိုချောင်လေးထဲမှာ အန္တာရာယ်တွေချည်း ပြည့်နှက်နေသလိုပါပဲ။
ကုရှောက်ယန်သည် သူ့ရဲ့ သခင်လေးဟာ စိတ်ပုံမှန် မဟုတ်တော့ဘူးလို့ ခံစားလိုက်ရလေသည်။