အခန်း ၇၀၃
Vol. 47 Ch. 703
အခန်း ( ၇၀၃ ) နံရံကျော်တက်လာတဲ့ ဗုဒ္ဓ။
ဟောက်ချန်ဟွမ်းရှေ့မှာတော့ ထိုစကားကို ကုရှောက်ယန် မပြောရဲ။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ပရိသတ်တွေက စုယန်ယန်ရဲ့ အချိန် ကြာမြင့်စွာ ပျက်ကွက်မှုကို မကျေမနပ် ညည်းညူပြောဆိုဖို့ ဟန်ပြင်နေကြဆဲမှာပင် သူမရဲ့ ဖြေရှင်းချက်ကို ကြားလိုက်ရလေသည်။ ဖန်သားပြင်ပေါ်မှာ စက္ကန့်ပိုင်းလောက် ဗလာနတ္ထိ ဖြစ်သွားပြီးမှ ကွန်းမန့်တွေ ဝုန်းခနဲ ပြည့်လျှံတက်လာခဲ့သည်။
[ လခွမ်း ၊ ငါ ဘာတွေ လွတ်သွားတာလဲ။ တင်ဆက်သူမှာ တင်ဆက်သူလေး ရှိနေပြီလား။ ]
[ တင်ဆက်သူရဲ့ အခုနောက်ပိုင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေမှာ ပျော်စရာ သတင်းတွေကို တော်တော်လေး ကြားနေရတယ်။ ပထမတုန်းက တင်ဆက်သူက သူ့ယောက်ျားရဲ့ မွေးနေ့ပွဲကို ကျင်းပပေးမလို့တဲ့ ၊ အခုတော့ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ သတင်းကိုပါ ထပ်ကြေညာနေပြီ။ မိုက်တယ်ဟေ့။ ]
[ တင်ဆက်သူမှာ မျိုးဆက်သစ် တင်ဆက်သူလေးတောင် ရှိနေပြီပဲ။ ငါတို့ကတော့ တင်ဆက်သူက ဘယ်သူလဲ ၊ ဘယ်လို ပုံစံမျိုးလဲ ဆိုတာတောင် အခုထိ မသိရဘူး။ အဟင့် … ]
[ ကျွတ် .. တင်ဆက်သူက ဘယ်လို ပုံစံလဲ ဆိုတာကိုလည်း ငါ သိချင်တယ် ၊ တင်ဆက်သူရဲ့ ယောက်ျားက ဘယ်လို ပုံစံမျိုးလဲ ဆိုတာလည်း သိချင်တယ်။ အဲ့ဒါဆို မျိုးဆက်သစ် တင်ဆက်သူလေးက အနာဂတ်မှာ ဘယ်လို ပုံစံလေး ဖြစ်လာမလဲ ဆိုတာ ငါ စိတ်ကူးကြည့်လို့ ရပြီ။ ]
[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး လူကောင်းနဲ့ တူအောင် နေစမ်းပါ။ မျိုးဆက်သစ် တင်ဆက်သူလေးက အခုမှ သန္ဓေသားလေးပဲ ရှိသေးတာ ၊ လက်လေးတွေ .. ခြေထောက်လေးတွေတောင် သေချာ မဖွံ့ဖြိုးလောက်သေးဘူး။ အဲ့ဒါတောင် မင်းက ဒီစကားမျိုး ပြောနေတယ် ဆိုတော့ တော်တော်ဆိုးဆိုးပဲ။ ]
ကွန်းမန့်ဆက်ရှင်ထဲမှာသာ အဲ့ဒီလို ပြောနေကြပေမဲ့ ပရိသတ်တွေက စုယန်ယန်ရဲ့ လူလုံးထွက်မပြခြင်းနှင့် အသားကျနေပြီ ဖြစ်သည်။
အရေးကြီးဆုံး အချက်ကတော့ အများစုဟာ အရင်တုန်းက Post ကို ယုံကြည်ပြီး သူတို့ရဲ့ တင်ဆက်သူဟာ ထင်ထင်ပေါ်ပေါ် သိပ်မနေတတ်တဲ့ လူချမ်းသာ မိသားစုက မိန်းမပျိုလေး တစ်ယောက် ဖြစ်လိမ့်မည်ဟု ထင်ထားကြသည်။
သူမသာ တကယ်ပဲ မျက်နှာပြလိုက်လျှင် ပြဿနာဖြစ်သွားနိုင်ချေ ရှိသည်။ နောက်ပိုင်းမှာ သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေ ဆက်လုပ်လို့ မရလောက်တော့။ အဲ့ဒီအချိန်ကျရင် နစ်နာရမယ့် လူက သူတို့တွေပဲ မဟုတ်လား။
စုယန်ယန်က သူမရဲ့ ကလေးကိုသာ အာရုံရောက်နေကြသော ကွန်းမန့်ဆက်ရှင်ကို တစ်ချက် ကြည့်လိုက်သည်။ လူတိုင်းက သူမရဲ့ ကလေးအပေါ် စူးစမ်းချင်စိတ်ရော ၊ အကြင်နာတရားပါ ဖြစ်ပေါ်နေမှန်း စုယန်ယန် သိသည်။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေက ချက်ချင်းပဲ အနည်းငယ် ကော့တက်သွား၏။
“ အဟမ်း ၊ ဒါဆို လိုရင်းကိုပဲ သွားလိုက်ကြမယ်နော်။ ကျွန်မတို့ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို အခုပဲ စတင်လိုက်ပါမယ်။ ဟင်းပွဲတွေ အကုန်လုံးကို ကျွန်မရဲ့ ယောက်ျား ပြန်မလာခင် ချက်ပြီးအောင် ကြိုးစားကြမယ်။ ”
ထိုသို့ ပြောပြီးသည်နှင့် ဖန်သားပြင်ပေါ်မှာ စုယန်ယန်ကို အားပေးထောက်ခံသူတွေ ပြည့်နှက်သွားခဲ့သည်။
“ ကျွန်မတို့ ဒီနေ့ ပထမဆုံး ချက်ပြုတ်မယ့် ဟင်းကတော့ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဆိုတဲ့ နာမည်ကျော် ဟင်းလျာပဲ ဖြစ်ပါတယ်။ ဟိုးရှေးတုန်းက ဒီဟင်းလျာရဲ့ မွှေးရနံ့ကို ဖော်ကြူးထားတဲ့ ကဗျာ တစ်ပုဒ် ရှိတယ်။ ‘ ဘုရားစင်မှာ ကပ်လှူထားတဲ့ ဆွမ်းခဲဘွယ်ဘောဇဉ်တွေရဲ့ မွှေးရနံ့ ၊ အသားဟင်းရဲ့ မွှေးရနံ့ ၊ ဗုဒ္ဓရဲ့ ကိုယ်သင်းနံ့ ၊ မေ့ပျောက်ခံထားရတဲ့ ဇင်ဗုဒ္ဓဘာသာရဲ့ ရနံ့ .. စားချင်စိတ်ကို ထိန်းချုပ်မရတော့တဲ့ ဗုဒ္ဓက နံရံကို ကျော်ဆင်းလာခဲ့တယ် ’ တဲ့။ အဲ့လိုနဲ့ ဒီ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ဆိုတဲ့ ဟင်းပွဲလေး ဖြစ်လာခဲ့တာပေါ့။ ”
ပရိသတ်တွေက ထိုကဗျာရဲ့ အဓိပ္ပာယ်ကို သိပ်နားမလည်ဘဲ နားဝေတိမ်တောင်လေး ဖြစ်နေကြလေသည်။
အခြားတစ်ဖက်၌ စုယန်ယန်ရဲ့ ယွီရှန်း ဝက်သား တောက်တောက်ကြော် ကိစ္စကတည်းက စုယန်ယန် ဟင်းချက်ပြတာကို စိတ်ဝင်စားသွားခဲ့ကြသော ရှေးခေတ်လေ့လာသူများသည် ဒီတစ်ခေါက်လည်း အမှတ်တမဲ့ပင် စူးစမ်းချင်စိတ်ဝင်သွားပုံရသည်။ သူတို့က မေးခွန်းမေးရင်း တိတ်တိတ်လေး မှတ်စုတွေ ချမှတ်နေခဲ့ကြပါသည်။
[ ဟင်းအိုးကို ဖွင့်လိုက်တဲ့ အချိန်မှာ မွှေးရနံ့တွေက ဟိုးအဝေးကြီးထိ ပျံ့လွင့်သွားတယ် ၊ အဲ့မွှေးရနံ့ကို အနံ့ခံမိသွားတဲ့ ဗုဒ္ဓက နံရံ တစ်ဖက်ကို ကျော်တက်လာခဲ့တယ် ဆိုတဲ့ အဓိပ္ပာယ်လား။ ]
[ အဲ့လို ပြောလို့ ရပါတယ်။ ] စုယန်ယန်က အစတုန်းကတော့ ကဗျာရဲ့ အဓိပ္ပာယ်ကို တချို့ လူတွေ နားမလည်မှာ စိုးရိမ်နေခဲ့ပေမဲ့ သူမ ရှင်းပြဖို့ ပြင်နေတုန်းမှာပဲ အပြုံးယဲ့ယဲ့ဖြင့် ပြောထားတဲ့ နောက်ထပ် ကွန်းမန့် တစ်ခုကို မြင်လိုက်ရ၏။
[ ရှေးခေတ် ဗုဒ္ဓဘာသာက သက်သက်လွတ်စားတဲ့ ဝါဒနဲ့ ဗုဒ္ဓတရားတော်တွေကိုပဲ ထောက်ခံအားပေးတာ။ သက်သက်လွတ်ဝါဒ ဆိုတာက အသား မစားဘဲနဲ့ အသီးအရွက်တွေကိုပဲ စားတာ ၊ ဒါပေမဲ့ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်း အများစုက အသားတွေချည်းပဲ။ အဓိပ္ပာယ်ကတော့ အဲ့ကဗျာက အကြမ်းဖျင်းအားဖြင့် ဒီဟင်းလျာရဲ့ အနံ့အကြောင်းကိုသာ ဖော်ပြထားတာ။ ဒီဟင်းလျာက သက်သက်လွတ် စားတာနဲ့ အသားကျနေတဲ့ လူတွေရဲ့ ယုံကြည်မှုကို ချိုးဖျက်ပစ်နိုင်တယ်။ ”
ထိုကွန်းမန့် တစ်ကြောင်းတည်းနှင့် လူများစွာရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်နိုင်လိုက်ပုံပေါ်သည်။ သူတို့က လူတွေရဲ့ ယုံကြည်မှုကိုတောင် ချိုးဖျက်နိုင်တယ် ဆိုတဲ့ အရသာရှိလှသည့် ဟင်းလျာကို အနံ့ခံကြည့်ဖို့ မစောင့်နိုင်တော့ပေ။
[ တင်ဆက်သူ တင်ဆက်သူ ၊ ဒီဟင်းပွဲကရော ဒီနေ့ ကံစမ်းမဲထဲမှာ ပါမှာလားဟင်။ ကံစမ်းမဲထဲမှာ ထည့်ပေးဖို့ အနူးအညွှတ် တောင်းဆိုပါတယ်။ ကျွန်တော် အရမ်း စားချင်လို့ပါ။ ]
[ အရှက်မရှိတဲ့ လူတွေကတော့ ကံစမ်းမဲကို မလိုချင်ဘူးလို့ ပြောနေကြတယ်။ လေလံပြိုင်ဆွဲကြရင်ရော ဘယ်လိုလဲ။ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ဟင်းလျာကို စားရဖို့ ငါ့ရဲ့ တစ်နှစ်စာ လခကို အကုန်ခံရမယ် ဆိုလည်း အကုန်ခံမယ်။ ]
[ ပိုးစုန်းကြူးလေးတွေက လက်ပွတ်နေကြပြီး နတ်သမီးလေးတွေကတော့ သူတို့ရဲ့ ဘဝ တစ်သက်တာ ကံကောင်းမှုကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ကံစမ်းမဲနဲ့ အလဲအထပ်လုပ်ချင်နေကြတယ်။ ဒီဟင်းပွဲကို အနံ့ခံရုံပဲ ခံနိုင်ပြီး မစားနိုင်တာ သိပ်ကို နာကျင်စရာကောင်းတယ်။ ]
[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို ဒါပြီးရင် ဆေးဖက်ဝင်ဟင်းလျာတွေ ရောင်းတဲ့ စားသောက်ဆိုင်မှာ သွားဝယ်လို့ ရလား။ တခြား ချက်ပြမယ့် ဟင်းလျာတွေကိုရော ဝယ်လို့ ရမှာလား ဒါမှမဟုတ် ဒါက မင်း ကြိုက်တဲ့ အချိန် အော်ဒါတင်လို့ ရတဲ့ အသားနှပ်ဟင်းလိုမျိုးလား။ ကျေးဇူးပြုပြီး ငါ့ကို ပိုက်ဆံအကုန်ခံဖို့ အခွင့်အရေးလေး ပေးစမ်းပါ။ ]