← Chapters

အခန်း ၇၀၄

Vol. 47 Ch. 704

အခန်း ၇၀၄

Vol. 47 Ch. 704

အခန်း ( ၇၀၄ ) ကျွန်မရဲ့ ယောက်ျားကို လာဘ်ထိုးမယ်။

ဟင်းပွဲတွေကို မချက်ပြုတ်ခင်ကတည်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ပရိသတ်များသည် ကံစမ်းမဲအတွက် စတင် ပြင်ဆင်နေခဲ့ကြပြီး ထိုဟင်းလျာကို ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်မှာ ရောင်းချဖို့လည်း ဆုတောင်းနေခဲ့ကြပြီ ဖြစ်သည်။

ဟိုးအစကတည်းကနေ အခုချိန်ထိ စုယန်ယန်က ခဏ ခဏ တိုက်ရိုက် မထုတ်လွှင့်တတ်သလို တခြား တင်ဆက်သူတွေလောက်လည်း ဝီရိယမရှိပေမဲ့ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုတွေရဲ့ အရည်အသွေးကတော့ ထိပ်တန်းပင်။ ဘယ်တော့မှ လျော့သွားတာမျိုး မရှိ။

ဟင်းလျာတွေကို ချက်မပြမီ ဟင်းလျာတွေအကြောင်း ကြိုတင် ရှင်းပြခြင်းက ရှည်လျားထွေပြားလွန်းသည်ဟု ခံစားရလျှင် ထိုလူက မျက်နှာကို ဖြတ်ရိုက်ခံရသင့်ပါသည်။

အချိန်ကြာလာတော့ သူတို့လည်း စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပုံစံနှင့် အသားကျလာကြသည်။ သူတို့က မေးခွန်းတွေ ရှည်ရှည်ဝေးဝေး မေးမနေဘဲ လိုရင်းတိုရှင်းကိုသာ တန်းသွားကြတော့၏။

“ ဟမ်း … ” စုယန်ယန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ ဒါဆို ကျွန်မ ဟင်းလျာ တစ်မျိုးကို စချက်ပြပါတော့မယ်။ ကျွန်မရဲ့ ခင်ပွန်းကို လာဘ်ထိုးတဲ့နေရာမှာ ဒီဟင်းပွဲကို သုံးမှာပါ ၊ ကျွန်မ မီးဖိုချောင်ထဲ ခိုးဝင်တာကို သူဒေါသမထွက်အောင်လေ။ ဒီနေ့ စာမေးပွဲကို ကျွန်မ အောင် ၊ မအောင် ဆိုတာက ဒီဟင်းပွဲအပေါ်မှာပဲ မူတည်တယ်။ ”

[ ငါ အရမ်း မနာလိုဖြစ်နေမိပြီ။ ငါ့ကိုယ်ငါ သူတစ်ပါးအပေါ် တော်တော်လေး မနာလိုတတ်တဲ့ လူပါလားလို့ ခံစားရတိုင်း တင်ဆက်သူက ငါ့ကို ပိုပြီး မနာလိုစိတ်ဝင်အောင် လုပ်နေကျ။ ]

[ မင်းတင် မဟုတ်ဘူး ၊ ငါလည်း မနာလိုတယ်။ တင်ဆက်သူရဲ့ ယောက်ျားက အရင်ဘဝတုန်းက လူသားမျိုးနွယ် တစ်ခုလုံးကို ကယ်ခဲ့တာ ဖြစ်ရမယ်။ သူက တင်ဆက်သူကို သူ့မျိုးဆက်လေး မွေးပေးအောင် လုပ်နိုင်တဲ့အပြင် ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကိုတောင် ချက်ပေးအောင် လုပ်နိုင်တယ်။ ငါ ငိုနေပြီ ၊ အဟင့် အဟင့် … ]

[ တင်ဆက်သူက ထိန်းထိန်းသိမ်းသိမ်းလေး စကားပြောသင့်တယ်။ မဟုတ်ရင် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက သနားစရာ တစ်ကိုယ်တည်းသမားလေးတွေ အကုန်လုံး ခွေးစာနင်ပြီး သေကုန်လိမ့်မယ်။ ]

[ ဒီနေ့က စပြီး တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ သူမရဲ့ ကလေးအကြောင်းကိုပဲ ကြွားလို့ ရမယ် ၊ သူမယောက်ျားအကြောင်းကိုတော့ ကြွားလို့ မရဘူး ဆိုတဲ့ စည်းမျဉ်းကို ချမှတ်ဖို့ ငါ အကြံပြုတယ်။ ဒီစည်းမျဉ်းကို တင်ဆက်သူ ဖောက်ဖျက်ရင် သူမက ငါတို့အတွက် နောက်ထပ် ဟင်းပွဲ တစ်ပွဲ ထပ်ချက်ကျွေးရမယ် ၊ ဒါမှမဟုတ် ကံစမ်းမဲပေါက်တဲ့ လူအရေအတွက်ကို တစ်ယောက် တိုးပေးရမယ်။ ]

လက်တွေ့ အမှန်တရားက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှ ပရိသတ်တွေက တော်တော်လေး ထူးဆန်းတဲ့ လူထူးလူဆန်းတွေဖြစ်ကြောင်း အတည်ပြုပေးလိုက်လေသည်။

တခြား အမျိုးသမီး တင်ဆက်သူတွေရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းသာ ဆိုပါက ‘ ကျွန်မ‌ရဲ့ ယောက်ျား ’ ဆိုတဲ့ စကားလုံးကို နေ့တိုင်း သုံးပြီး ဘယ်လောက် ချစ်ကြောင်းတွေ မကွယ်မဝှက် ထုတ်ကြွားနေလျှင် ပရိသတ် တစ်ဝက်ကျော်လောက်ကို ဆုံးရှုံးလိုက်ရမှာပင်။

အခြားတစ်ဖက်၌ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ပရိသတ်တွေကတော့ အားကျ မနာလိုဖြစ်ရသည် ဆိုလျှင်တောင် ထိုအဖြစ်အပျက်နှင့် အသားကျနေခဲ့ပါပြီ။ သူတို့က ကွန်းမန့်ဆက်ရှင်ထဲမှာ ဒီနေ့ ထိုဟင်းပွဲကို စုယန်ယန် ချက်ပြခြင်းအား ကြည့်ရတော့မည် ၊ ကံကောင်ရင် စားခွင့်တောင် ရနိုင်သေးသည်ဟု ကြွေးကြော်နေခဲ့ကြ၏။

မျက်နှာကြီး တစ်ခုလုံး ပြိုတော့မည့် မိုးနှယ် မည်းမှောင်နေခဲ့ပြီး အိမ်ကို ချက်ချင်း ပျံပြေးသွားချင်နေသော ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ စကားကို ကြားတော့မှ သူ့မျက်နှာ ပြန်ကြည်လင်သွားသည်။ သူ့ဆီက ဖြာထွက်နေတဲ့ အလွန် ကျောချမ်းစရာကောင်းသော အရှိန်အဝါတွေပင် သိသိသာသာ လျှော့ကျသွားပါသည်။

‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာက မချက်ပြုတ်ရသေးတဲ့ ပါဝင်ပစ္စည်း အစိမ်းတွေ အများကြီး လိုအပ်သည်။ ပြီးတော့ ထိုပါဝင်ပစ္စည်း အများစုကို အတိုင်းအတာ တစ်ခုထိ ပြင်ဆင်စရာတွေ ရှိသေးသောကြောင့် ဟင်းချက်ခြင်းရဲ့ ကနဦး အဆင့်က ပျင်းစရာကောင်းတတ်သည်။

စုယန်ယန်က ပါဝင်ပစ္စည်း အစိမ်းတွေကို ပြင်ဆင်ရင်း တစ်ချိန်တည်းမှာပဲ အကုန်လုံးကို မမေ့မလျော့ ရှင်းပြနေခဲ့သည်။ “ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ဟင်းလျာကို မချက်ပြုတ်ခင် ငါးမန်းဆူးတောင်ကို အရင်ဆုံး ရေစိမ်ထားဖို့ လိုပါတယ်။ ဟင်းမချက်ခင် နှစ်ရက်နဲ့ တစ်ညလောက် ကြိုပြီး ရေစိမ်ထားရပါမယ်။ ပြီးရင်တော့ အဲ့ဒီ ရေစိမ်ထားတဲ့ ငါးမန်းတောင်ကို အချိန် တစ်ခုထိ အိုးထဲမှာ အလုံပိတ်ပြီး နှပ်ထားရပါမယ်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုက အချိန်လည်း အကန့်အသတ်ရှိတော့ အကုန်လုံး ပြင်ဆင်ထားပြီးသား ငါးမန်းတောင်ကိုပဲ ကျွန်မ သုံးသွားမှာ ဖြစ်ပါတယ်။ ”

စုယန်ယန်က ပြင်ဆင်ထားတဲ့ ငါးမန်းတောင် ပန်းကန်ကို ယူပြီး အညှီနံ့ ပျောက်သွားစေရန် ရှောက်ရည် နည်းနည်း ညှစ်ထည့်လိုက်သည်။

ရှေးခေတ်မှာတုန်းက ငါးမန်းတောင်မှာ မာကျူရီ ( အဆိပ်အတောက်ဓာတ် တစ်မျိုး ) ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ စားဖို့ မသင့်တော်ပေ။

မာကျူရီဓာတ် အများစုက ရေထုညစ်ညမ်းခြင်းကြောင့် ဖြစ်လာတာ ဖြစ်သည်။ ယနေ့ခေတ်တော့ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အများကြီး အာရုံစိုက်ခဲ့လာကြပြီမို့ ငါးမန်းတောင်ထဲမှာလည်း မာကျူရီဓာတ် မရှိသလောက် နည်းသွားပါပြီ။ ထို့ကြောင့် စားရတာ အလွန် အရသာရှိပြီး အန္တာရာယ်လည်း ကင်းသည်။

“ ပင်လယ်မျှော့နဲ့ ကမာကောင်တွေကိုလည်း အချိန် တစ်ခု ကြာအောင် ရေစိမ်ထားဖို့ လိုပါတယ်။ ငါးနှုတ်ခမ်းတွေကိုလည်း ရေနဲ့ ပြုတ်ရတယ် ၊ ပြီးတော့ အညှီနံ့ ပျောက်အောင်လို့ ကြက်သွန်မြိတ်ရယ် .. ဂျင်းရယ် .. ဝိုင် နည်းနည်းရယ်ကိုပါ ထည့်ပြုတ်ရတယ်။ ပင်လယ်ခရုတွေကိုလည်း ကြိုပြီးတော့ အပူချိန် ပြင်းပြင်းမှာ အငွေ့ခံ ပေါင်းထားဖို့ လိုပါတယ်။ ”

ဟောက်ချန်ဟွမ်းနှင့် ပရိသတ်တွေက ပါဝင်ပစ္စည်း တစ်ခုချင်းကို ထုတ်ယူရင်း မီးဖိုချောင်ထဲမှာ ချာလပတ်ရမ်းနေသော စုယန်ယန်ကို ကြည့်နေခဲ့ကြသည်။

စုယန်ယန် တစ်ယောက် ခြေထောက်နှင့် မြေကြီး မကပ်နိုင်တော့တဲ့အထိ အလုပ်ရှုပ်နေခဲ့ပြီး ကြည့်ရှုသူတွေ အကုန်လုံးလည်း သူမကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ပါသည်။

ကနဦး ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ဖို့အတွက်ပင် သူမ တစ်နာရီကျော် အချိန်ယူလိုက်ရသည်။

စုယန်ယန်သည် နောက်ဆုံးတော့ ထိုပါဝင်ပစ္စည်းတွေကို အိုး တစ်လုံးထဲ ထည့်၍ အိုးအဝကို ကြာရွက်များဖြင့် ပိတ်ကာ အပေါ်ကနေ ပန်းကန်လုံး အသေးလေးဖြင့် ဖိထားလိုက်၏။ ထို့နောက် ထိုအိုးကို မီးဖိုပေါ်မှာ မီးအေးအေးလေးဖြင့် ချက်နေလိုက်သည်။ စုယန်ယန်လည်း အဲ့ဒီတော့မှ စိတ်အေးသွားတဲ့ သက်ပြင်းလေး ချနိုင်သလို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ပရိသတ်တွေလည်း စိတ်အေးသွားပါတော့သည်။

All Chapters