← Chapters

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း ၇၀၅

Vol. 47 Ch. 705

အခန်း ( ၇၀၅ ) အချစ်တွေကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကောင်း။

“ ရှင်တို့ ပင်လယ်မျှော့ရယ် ၊ ဝက် အရွတ်ရယ် ၊ ငါးနှုတ်ခမ်းနဲ့ ငါးဗိုက်သားကို နှစ်နာရီလောက် ပြုတ်ပြီးမှ အိုးထဲ ထည့်ရမယ်။ အိုးထဲကို အမြန် ထည့်ပြီး အိုးအဝကို ချက်ချင်း ပြန်ပိတ်ဖို့လည်း လိုတယ်။ မဟုတ်ရင် အိုးထဲက အမွှေးနံ့တွေ အကုန်လုံး ကျန်တော့မှာ မဟုတ်ဘူး။ ပြီးရင်တော့ နောက်ထပ် နှစ်နာရီလောက် မီးအေးအေးလေးနဲ့ ဆက်ချက်ထားရင် ကျက်ပါပြီ။ ”

“ အချိန်ရတယ် ဆိုရင်တော့ ရှစ်နာရီလောက် ချက်တာ အကောင်းဆုံးပေါ့။ အဲ့ဒါဆို အရသာကလည်း ပိုပြီးတော့ ထိထိမိမိ လေးလေးပင်ပင်နဲ့ ပိုစားကောင်းတယ်။ ”

စုယန်ယန်က အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ “ ကျွန်မကို ဒီဟင်းကို အခုက စပြီး နှပ်ထားမယ် ဆိုရင် ညနေလောက်ဆို စားလို့ ရပြီ။ ကံစမ်းမဲလည်း အဲ့အချိန်မှ နှိုက်လို့ ရတယ်နော်။ ညနေ ( ၆ ) နာရီကနေ ( ၆ ) နာရီ ( ၁၀ ) မိနစ်ကြားမှာ ကျွန်မတို့ တွေ့ကြတာပေါ့။ ”

ပရိသတ်တွေမှာ ငြင်းစရာ အကြောင်းပြချက် တစ်ခုမှ မရှိပါ။ အစားကောင်း စားရဖို့အတွက် စောင့်ရမှာကို သူတို့ မကြောက်ပေ။

ဒီ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဆိုတဲ့ ဂန္တဝင် ဟင်းလျာကို စားဖို့ ခုနှစ်နာရီ ၊ ရှစ်နာရီလောက်ပဲ စောင့်ရမှာပါ။ တစ်နေ့လုံး စောင့်ရမည် ဆိုလျှင်တောင် ကိစ္စမရှိ။

“ ကဲ ၊ အခု ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဆိုတဲ့ ဟင်းလျာလည်း ချက်ပြီးသွားပြီ ဆိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် သင့်တော်တဲ့ ၊ အားပြန်ပြည့်စေတဲ့ ဟင်းလျာ‌တွေကို ချက်ကြည့်ကြမယ်နော်။ ”

စုယန်ယန်ရဲ့ ကြည်လင်သော အသံက လူတိုင်းရဲ့ စိတ်အာရုံကို ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကနေ ပြန်ဆွဲခေါ်လိုက်နိုင်သည်။ “ ပရိသတ်တွေထဲမှာ အိမ်မှာ ကိုယ်ဝန်ဆောင် ရှိတဲ့ ပရိသတ်တွေ ပါခဲ့မယ် ဆိုရင် တချို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ အခက်အခဲ တစ်ခု ရှိကြတယ် ဆိုတာ သိထားသင့်ပါတယ်။ အဲ့ဒါကတော့ ခံတွင်းပျက်ပြီး အစားအသောက်တွေကို အရသာမခံနိုင်တာပါ။ အဆီများတဲ့ အစားအသောက်တွေကို မြင်တာနဲ့ သူတို့ အန်ချင်လာတယ်။ ဒီကာလကို ကနဦး ကိုယ်ဝန်ဆောင်ကာလလို့ ခေါ်ပါတယ်။ ပထမ သုံးလ ပြီးရင်တော့ ကလေးက အမြန် ကြီးထွားလာပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ရဲ့ အစာစားချင်စိတ်ကလည်း ရုတ်တရက် မြင့်တက်လာတတ်ပါတယ်။ ”

“ သန္ဓေသားအတွက်လည်း အာဟာရဖြစ် ၊ မိခင်အတွက်လည်း အာဟာရဖြစ်ဖို့အတွက် မိခင်က ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်တွေနဲ့ တခြား အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို များများ စားပေးရပါမယ်။ ”

စုယန်ယန်က ပထမ ဟင်းလျာ ဖြစ်သည့် အမဲရိုး အာဟာရစွပ်ပြုတ်ကို ပြင်ဆင်လိုက်သည်။ အမဲရိုးတွေကိုတော့ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို မချက်ပြုတ်ခင်ကတည်းက ပြင်ဆင်ထားပြီးသားပင်။

အမွှေးနံ့ ထွက်စေရန်အတွက် ကြက်သွန်နီနှင့် ဂျင်းကို ပါးပါးလေး လှီးပြီး စွပ်ပြုတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ရေနှင့် မုန်လာဥနီတွေကိုလည်း ထပ်ထည့်လိုက်သည်။ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာလိုပင် ဒီ အမဲရိုး အာဟာရဟင်းလျာကလည်း အရိုးထဲက အဆီအနှစ်တွေ စွပ်ပြုတ်အရည်ထဲကို ပျော်ဝင်သွားစေရန် သုံးနာရီလောက် မီးအေးအေးနှင့် ချက်ဖို့ လိုသည်။

“ အမဲရိုးကလည်း ဝက်နံရိုးနဲ့ အတူတူပါပဲ။ ကယ်လ်စီယမ်ဓာတ်တွေ အများကြီး ပါတဲ့အတွက် ကျောက်ကပ်နဲ့ ရိုးတွင်းခြင်ဆီကို အားဖြည့်ပေးနိုင်ပါတယ်။ သန္ဓေသားနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက်လည်း အရမ်းကို သင့်တော်တဲ့ ဟင်းလျာပါ။ အထူးသဖြင့်တော့ နှောင်းပိုင်း ကိုယ်ဝန်ဆောင်ကာလတွေမှာ စားသင့်ပါတယ်။ သန္ဓေသားမှာ အရိုးတွေ ဖွဲ့စည်းဖြစ်ပေါ်လာနိုင်ဖို့အတွက် ကယ်လ်စီယမ်ဓာတ်တွေ အများကြီး လိုအပ်တယ်။ အဲ့အချိန်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အမဲရိုးစွပ်ပြုတ် ၊ ဝက်နံရိုးစွပ်ပြုတ်လိုမျိုး စွပ်ပြုတ်တွေကို များများ သောက်ပေးသင့်တယ်။ ”

အမဲရိုးတွေကို အိုးထဲ ထည့်ပြုတ်ပြီးနောက် စုယန်ယန်သည် ချက်ချင်းပဲ မူရှု ဝက်သားဟင်းကို စတင် ချက်ပြုတ်လိုက်၏။

“ မူရှု ဝက်သားဟင်းမှာ ဝက်သားအပြင် မှို ၊ ပါးပါး လှီးထားတဲ့ ဂေါ်ဖီထုပ် ၊ ပြီးတော့ မျှစ်နဲ့ ကြက်ဥတို့လို ပါဝင်ပစ္စည်းတွေလည်း ပါ,ပါတယ်။ မှိုမှာ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့ အာနိသင် ရှိတာကိုတော့ တစ်ချက် သတိပြုသင့်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်ခါစ ပထမ သုံးလမှာတော့ ဒီဟင်းလျာကို မစားတာ အကောင်းဆုံးပဲ။ သုံးလကျော်သွားရင်တော့ နည်းနည်း စားလို့ ရပါတယ်။ ဒီဟင်းလျာက သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်တယ်လေ။ ”

စုယန်ယန်က ပါးစပ်ကလည်း ပြောရင်း လက်ကလည်း ပါဝင်ပစ္စည်း အမျိုးမျိုးကို အိုးထဲ ထည့်ကာ မွှေကြော်လိုက်၏။ နှစ်မိနစ် ၊ သုံးမိနစ်အတွင်းမှာပင် ဟင်းပွဲ တစ်ပွဲလုံး ချက်ပြုတ်ပြင်ဆင်ပြီးသွားခဲ့သည်။

ထို့နောက် စုယန်ယန်က ဝက်လက်နှင့် သီဟိုဠ်စေ့ ဟင်းလျာ ၊ အဝါရောင် ဆူးတောင် ရှိပြီး ချိုချဉ် အရသာရှိတဲ့ တူနာငါးဟင်းနှင့် ဟင်းရွက်ကြော်တို့ကိုလည်း ချက်ပြုတ်ခဲ့သည်။

အချိန်ကို ငဲ့ကွက်သောအားဖြင့် စုယန်ယန် ဒီနေ့ ဟင်းလျာ နည်းနည်းလေးကိုပဲ ချက်ပြသွားသည်။

သို့သော် အဲ့လို ဆိုလျှင်တောင်မှ ထိုဟင်းလျာတွေက လူတွေရဲ့ အစားလောဘကြီးမှုကို ဆွဲဆောင်နိုင်ဆဲပင်။ ထုတ်ထုတ် ထုတ်ထုတ်လေးနှင့် ဝါးလို့ ကောင်းတဲ့ အနေအထားထိ နှပ်ထားတဲ့ ဝက်လက်ဟင်း ၊ ချိုချဉ် ငါးဟင်းကလည်း မွှေးကြိုင်နေပြီး လတ်လတ်ဆတ်ဆတ် ကြော်ထားတဲ့ ဟင်းရွက်ကြော်ကလည်း အဆင်သင့်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ထားလိုက်ဦး ၊ သာမန် လူတွေတောင် ဒီဟင်းတွေနှင့် ဆိုလျှင် ထမင်း နှစ်ပန်းကန် ၊ သုံးပန်းကန်လောက် အသာလေး စားနိုင်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ မတူညီတဲ့ ကိုယ်လုံးကိုယ်ထည်တွေ ရှိတတ်တာကြောင့် မတူညီတဲ့ လူ အသီးသီးမှာ မတူညီတဲ့ ကိုယ်လုံးကိုယ်ထည်တွေ ရှိနေမှာကိုလည်း စိုးရိမ်သော စုယန်ယန်က သဘာဝ ပါဝင်ပစ္စည်းတွေကိုသာ အသုံးပြု၍ ယနေ့ ဟင်းလျာ အများစုကို ချက်ပြုတ်ထားခဲ့သည်။

နည်းနည်းလေးတော့ ဈေးကြီးပေမဲ့ ပါဝင်ပစ္စည်း အများစုကို ဈေးမှာ ဝယ်လို့ ရပါသည်။

“ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ဟင်းလျာအပြင် ဒီနေ့ ချက်ပြသွားခဲ့တဲ့ ဟင်းလျာလေးတွေက ပါဝင်ပစ္စည်းတွေလည်း အရမ်း ရိုးရှင်းပြီး ချက်ပြုတ်နည်းတွေကလည်း တကယ့်ကို လွယ်ကူပါတယ်။ အိမ်မှာ ကိုယ်ဝန်ဆောင် ဇနီးတွေ ရှိတဲ့ အိမ်ဦးနတ်တွေအတွက် ဒါက ရှင်တို့ရဲ့ အချစ်ကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက တစ်ခါတလေ ရုပ်ပိုင်းဆိုင်ရာအရရော ၊ စိတ်ပိုင်းဆိုင်ရာအရရော အခက်တွေ့နေတတ်ကြပါတယ်။ အဲ့ဒါကြောင့် ရှင်တို့ရဲ့ ဇနီးတွေကို ဆုချီးမြှင့်ပေးနိုင်ဖို့ နည်းနည်းပါးပါး လေ့လာထားပါ။ အဲ့ဒါက ရှင်တို့အတွက်လည်း ကောင်းသလို သူမအတွက်လည်း ကောင်းမှာပါ။ ဒီနည်းလမ်းအတိုင်း သွားရင် သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို တည်ဆောက်ဖို့လည်း အထောက်အကူဖြစ်လာမှာပါ။ ”

All Chapters