အခန်း ၇၀၆
Vol. 48 Ch. 706
အခန်း ( ၇၀၆ ) နောက်တစ်ခေါက် ဆိုတာ မရှိတော့ပါ။
စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက အမျိုးသား များစွာက သူတို့ရဲ့ လက်တွေကို ချက်ချင်း ကြည့်လိုက်မိကြလေသည်။
သူတို့ အဲ့ဒီလို တွေးမိတာနဲ့တင် တော်တော်လေး ကျေးဇူးတင်စရာကောင်းလှပြီ ဆိုပေမဲ့ ဟင်းလည်း မချက်တတ် ၊ ဆန်နှင့် ပြောင်းကိုတောင် မခွဲခြားတတ်တဲ့ သူတို့က ကိုယ်ဝန်ရှိနေတဲ့ အိမ်က ဇနီးသည်တွေအတွက် ဘယ်လိုလုပ် ဟင်း တစ်ခွက် ချက်ပေးနိုင်မှာလဲ။
ဟင်းချက်ရင်း မတော်တဆ ဟင်းအိုးတူးပြီး မီးထလောင်လို့ သူတို့ရဲ့ မိန်းမနှင့် ကလေးကို သက်သက်မဲ့ ဒုက္ခပေးသလို ဖြစ်သွားရင် ဘယ့်နှယ့် လုပ်မလဲ။
ထိုအတွေးက သူတို့ကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို သေချာ ကြည့်နေတဲ့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်မှာ လေးနက်တဲ့ အမူအရာ တစ်ခု ရှိနေခဲ့သည်။
“ သာမန် လူ တစ်ယောက် ဟင်းချက်တာကို လေ့လာဖို့ အတိုဆုံး အချိန်က ဘယ်လောက်လဲ။ ”
“ ဟမ် … ” ကုရှောက်ယန်သည် အချိန် အတော်ကြာ ကြောင်အနေပြီးမှ ဟောက်ချန်ဟွမ်း သူ့ကို မေးနေတာမှန်း သဘောပေါက်သွား၏။
စုယန်ယန် ခုနတုန်းက ပြောသွားတဲ့ စကားကို ပြန်တွေးမိတော့ ကုရှောက်ယန်ရဲ့ မျက်နှာ ပြန်နူးညံ့သွားသည်။
သူတို့ရဲ့ သခင်လေးက သခင်မလေးအတွက် … ကိုယ်တိုင် ဟင်းချက်ပေးမလို့လား။ ဘုရားရေ ၊ သခင်လေးက သခင်မလေးကို တကယ် ချစ်တာပဲ။
ဒါပေမဲ့ ဟင်းချက်ရင်း မီးဖိုချောင်ကို မီးလောင်အောင် မလုပ်ဘူး ဆိုတာရော သခင်လေး သေချာရဲ့လား … ။
မန်နေဂျာလည်း ဟုတ် ၊ ဒရိုင်ဘာလည်း ဟုတ်တဲ့ ကုရှောက်ယန်က ဟင်းချက်တဲ့ နေရာမှာတော့ သခင်လေးရဲ့ အရည်အချင်းကို မယုံကြည်တာမို့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လျက် လိမ္မာပါးနပ်စွာ ပြောလိုက်ပါသည်။ “ ဟို … အဲ့လိုကြီးတော့ မရှိပါဘူး။ အဓိက,က ကိုယ့်ရဲ့ အရည်အချင်းအပေါ်ပဲ မူတည်တာပါ။ တချို့ လူတွေက နှစ်ရက် ၊ သုံးရက်လောက်နဲ့ ဟင်းချက်တတ်သွားပေမဲ့ တချို့တွေကတော့ နှစ်နှစ် ၊ သုံးနှစ်လောက် ကြာမှ ဟင်းချက်တတ်တာမျိုးလည်း ရှိတယ်။ ”
သခင်လေးလို လူမျိုးအတွက် ဆိုရင်တော့ …။
သူ စိတ်တောင် ကူးမကြည့်ရဲ။ ကျေးဇူးပြုပြီး အန္တရာယ်များတဲ့ ဒီစိတ်ကူးကို လက်လျှော့လိုက်ပါတော့။
ဟောက်ချန်ဟွမ်းက ကုရှောက်ယန်ရဲ့ စကားကို နားထောင်ပြီး အတော်ကြာ တိတ်ဆိတ်သွား၏။ ကုရှောက်ယန်က ထိုကံဆိုးမှုကို ဘယ်လို တားဆီးရင် ကောင်းမလဲ ဆိုတာ စဉ်းစားနေစဉ်မှာပဲ သူ့ဆီကို ဖုန်းကောလ် တစ်ခု ဝင်လာသည်။
ကုရှောက်ယန်က အမြန် ဖုန်းကိုင်လိုက်ကာ တစ်ဖက်က သတင်းတင်ပြတာကို နားထောင်ပြီးနောက် သူ့မျက်နှာက ရုတ်တရက် မည်းမှောင်ကျသွားလေသည်။
“ လူ တစ်ယောက်က သခင်မလေးအကြောင်း စုံစမ်းနေတယ်တဲ့ သခင်လေး။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ ချက်ချင်းပဲ အေးစက်သွားသည်။ “ စုံစမ်းနေတဲ့ လူက ဘယ်သူလဲ။ ”
ဟောက်ချန်ဟွမ်း အိမ်ပြန်ရောက်သောအခါ အမဲရိုး အာဟာရစွပ်ပြုတ်လည်း ပြင်ဆင်ပြီးပြီ ဖြစ်သည်။ ကျကျနန ပြုတ်ထားတဲ့ အမဲရိုးထဲမှ ရိုးတွင်းခြင်ဆီ အဆီအနှစ်တွေက စွပ်ပြုတ် အရည်ထဲမှာ အပြည့်အဝ စိမ့်ဝင်နေ၏။
အပေါ်ယံ အမြုပ်လေးတွေကို ခပ်ယူထားသော နို့နှစ်ရောင် စွပ်ပြုတ်ရည်က ကြက်သွန်နီ ၊ မုန်လာဥနီတို့ဖြင့် ပေါင်းစပ်ကာ စားချင်စဖွယ် မွှေးပျံ့နေသည်။ အဆီများတဲ့ ခံစားချက်ကိုလည်း နည်းနည်းလေးမှ မခံစားရဘဲ သူ့တစ်မျိုးတည်း စားသည် ဖြစ်စေ ၊ ခေါက်ဆွဲနှင့် တွဲဖက် စားသည် ဖြစ်စေ လိုက်ဖက်ညီနေပါသည်။
စုယန်ယန်က လက်ထဲမှာ စွပ်ပြုတ် ပန်းကန်လုံးလေးကို ကိုင်လျက် မီးဖိုချောင်ထဲကနေ ထွက်လာသည်။ သူမ အပြင်ထွက်လာချိန်မှာ ဟောက်ချန်ဟွမ်းကို မြင်သွားတော့ မလုံမလဲ ခံစားချက်ဖြင့် နည်းနည်းလေး လန့်သွား၏။
“ ရှင် ပြန်ရောက်ပြီလား။ ရှင် ပြန်ရောက်တာ အချိန်ကွက်တိပဲ။ နေ့လယ်စာ အဆင်သင့် ဖြစ်ပြီ။ အရင် စားကြရအောင်နော်။ ”
သူမ မလုံမလဲ ဖြစ်နေတာကို သတိထားမိသော ဟောက်ချန်ဟွမ်းက “ မင်းကိုယ်တိုင် ချက်ထားတာလား။ ” ဟု မေးလိုက်သည်။
“ ကျွန်မ အမှားလုပ်မိပါတယ်။ ” စုယန်ယန်က သူမရဲ့ အမှားကို ချက်ချင်း ဝန်ခံလိုက်သည်။ ခေါင်းငုံ့ချလိုက်ပြီး သူ ဆုံးမစာ ခြွေမှာကို စောင့်နေပေမဲ့ နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ သူ သူမအပေါ် သနားကြင်နာစိတ် ဝင်လာမှာကို သိပြီးသားပင်။
ဟောက်ချန်ဟွမ်းက သူမရဲ့ အတွေးတွေကို ဖောက်ထွင်း သိနေသောကြောင့် ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ နောက်ထပ်တစ်ခေါက် ဟင်းချက်စရာ ရှိသေးတယ်မို့လား။ ”
စုယန်ယန်က “ ရှင် ဘယ်လိုလုပ် သိတာလဲ။ ” ဟု အဓိပ္ပာယ်ပါသော မျက်လုံးအဝိုင်းသားဖြင့် သူ့ကို တအံ့အဩ မော့ကြည့်လိုက်မိသည်။ သို့သော်လည်း သူမရဲ့ ဂုဏ်သိက္ခာကိုတော့ တတ်နိုင်သလောက် အဖတ်ဆယ်ဖို့ ကြိုးစားခဲ့ပါသေးသည်။ “ ရှင်ပဲ အဲ့လို ပြောတာပါ ၊ ကျွန်မ မပြောပါဘူး။ ”
ဟောက်ချန်ဟွမ်း ရယ်ရမလား ၊ စိတ်ဆိုးရမလား မသိတော့။ “ ဒါဆို ကိုယ့်ကို ပြော ၊ မင်း ဘာအမှားလုပ်ထားတာလဲ။ ကိုယ် မရှိတုန်း မင်း မီးဖိုချောင်ဝင်တဲ့ အမှားလား။ ”
စုယန်ယန်က အမြန် ပြန်ပြောလိုက်သည်။ “ ဒီတိုင်း ဟင်းချက်ရုံလေးပါပဲ။ ဟင်းချက်ရတာက ကျွန်မအတွက် ငှက်ပျောသီးအခွံနွှာစားရတာလောက်တောင် မခက်ဘူးရယ်။ ဆေးစစ်ချက်တွေကနေတစ်ဆင့် ကျွန်မရဲ့ နေ့စဉ် ကျန်းမာရေး အခြေအနေက ဘယ်လိုလဲ ဆိုတာ ရှင်လည်း သိနေတာပဲ။ ဟင်းလေး နည်းနည်းပါးပါး ချက်ရုံနဲ့ ကျွန်မ ပင်ပန်းမသွားပါဘူး။ ”
ဟောက်ချန်ဟွမ်းက သက်ပြင်းချလိုက်ပြီး သူမကို အပြစ်ပေးသည့်အနေဖြင့် ဖျတ်ခနဲ ငုံ့နမ်းလိုက်ပါသည်။ “ ကိုယ် မင်းကို ဒေါသထွက်ပြီး မီးဖိုချောင် ထပ်မဝင်ဖို့ တားလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကိုယ့်ကို သေချာ အကျိုးအကြောင်း ပြောရင် ကိုယ် မင်းကို မတားပါဘူး။ ”
စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ချက်ချင်း ပြန်ပြောလိုက်၏။ “ ရှင် တကယ် ကျွန်မကို မတားဘူးပေါ့ … ”
ဟောက်ချန်ဟွမ်း : “ … ”
ကဲ .. ကောင်းရော။ သူမက သူ့အကြောင်း ကောင်းကောင်း သိနေတာပဲ။