အခန်း ၇၀၇
Vol. 48 Ch. 707
အခန်း ( ၇၀၇ ) အလှည့်စားခံရသလို ခံစားရခြင်း။
ဟောက်ချန်ဟွမ်းသည် သူ့ဇနီးကို ထိပ်တိုက် ရင်ဆိုင်ပြီး ဝမ်းနည်းအောင် လုပ်ရလောက်တဲ့အထိတော့ မတုံးအသေးပါ။ ဦးလေးကျန်ကိုသာ သူမကို ဘေးကနေ အချိန်ပြည့် အဆင်သင့် မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားပြီး သူ့ကို စက္ကန့်မလပ် ပြန်သတင်းပို့ဖို့ မှာထားရုံပဲ သူ တတ်နိုင်သည်။ အဲ့ဒါဆို သူမ အမှန်တကယ် မီးဖိုချောင်မဝင်နိုင်စေရန် နှောင့်ယှက်နိုင်မည့် နည်းလမ်းတွေကို သူ စဉ်းစားလို့ ရပါလိမ့်မည်။
သို့သော်လည်း လောလောဆယ် စုယန်ယန်ကို အရမ်း ပွင့်ပွင့်လင်းလင်းကြီး သွားပြောလို့ မရ။
“ မင်း ဒီနေ့ မီးဖိုချောင်ထဲမှာ ဘယ်လောက် ကြာသွားလဲ။ ”
“ နှစ်နာရီလောက်ပါပဲ။ ” စုယန်ယန်က မမေ့မလျော့ ထပ်ပြောလိုက်သည်။ “ ကြားထဲမှာ ဟင်းချက်လိုက် ၊ ခဏ နားလိုက် ဆိုတော့ ကျွန်မ မပင်ပန်းပါဘူး။ ”
ဟောက်ချန်ဟွမ်းက သူ့ဇနီးရဲ့ သနားစဖွယ် အကြည့်လေးကို စိုက်ကြည့်နေမိသည်။ သူ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်မရဘဲ “ နောက်တစ်ခေါက် ထပ်မလုပ်ဘူးလို့ ကိုယ့်ကို ကတိပေးပါ။ ” ဟု ပြောလိုက်ပါသည်။
စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ဟောက်ချန်ဟွမ်းရဲ့ အင်္ကျီလက်ကလေးကို ဆွဲလိုက်သည်။ သူမ ခပ်တိုးတိုး မေးလိုက်၏။ “ တကယ် မီးဖိုချောင်ထပ်ဝင်လို့ မရတော့ဘူးလားဟင်။ ကျွန်မ အချိန်လျှော့ပြီး တစ်နာရီပဲ သုံးမယ်လေ။ ”
ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်လိုက်မိပေမဲ့ သူ အဲ့လောက် အသည်းမမာပေ။ “ တစ်လကို တစ်ကြိမ်ပဲ။ နောက်ပိုင်း မင်းအတွက် အဆင်မပြေတော့ရင် ဆက်မလုပ်နဲ့တော့ ၊ ရပ်လိုက်။ ”
စုယန်ယန်က တလက်လက် တောက်ပနေသော မျက်လုံးလေးများဖြင့် ဈေးဆစ်ဖို့ ကြိုးစားရှာသည်။ “ တစ်ပတ် တစ်ကြိမ် ဆိုရင်ရောဟင်။ ”
“ နှစ်ပတ် တစ်ကြိမ် … ”
“ ရတယ် ရတယ် ၊ ဒါဆို နှစ်ပတ် တစ်ကြိမ် ဆိုတာ အတည်ဖြစ်သွားပြီနော်။ ”
ဟောက်ချန်ဟွမ်း : “ … ”သူ အလှည့်စားခံလိုက်ရသလို ခံစားလိုက်ရ၏။
ဒါပေမဲ့ နောက်ဆုံးမှာ လုပ်စရာ အလုပ် တစ်ခုခု ရှာတွေ့သွားပုံရတဲ့ စုယန်ယန်ကို မြင်ချိန်မှာ ဟောက်ချန်ဟွမ်းသည် သူ့ပါးစပ်ကနေ ထွက်ကျလာတော့မည့် စကားလုံးတွေကို ပြန်မျိုချပစ်လိုက်ဖို့သာ တတ်နိုင်လေသည်။
ထားလိုက်ပါတော့ ၊ သူမ အိမ်မှာ အဆင်ပြေလောက်ပါတယ်။ မဟုတ်ရင်လည်း သူ သူမကို အချိန်ပြည့် မျက်စိဒေါက်ထောက် စောင့်ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းမယ့် အလုပ်မျိုးတွေ ထပ်မလုပ်ခိုင်းတော့ဘူး။
‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို ချက်ပြုတ်ရတာ အလွန် ကြာသည်။ စုယန်ယန်က တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို နောက်တစ်ခေါက် ပြန်စဖို့ အချိန်ကျပြီဟု တွက်ဆလိုက်၏။
တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ညနေမှာ ပြန်စမည်ဟု ကြိုပြောထားသောကြောင့် သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ စောင့်နေတဲ့ လူ အရေအတွက်ဟာ မနက်တုန်းကနှင့် အတူတူ ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင် မနက်တုန်းကထက်တောင် နည်းနည်းလေး ပိုများလိမ့်မည်။ အများစုက တစ်ဆင့်စကား တစ်ဆင့်နား ပြန်ကြားပြီး ရောက်လာကြတာပင်။
ဟောက်ချန်ဟွမ်းအပါအဝင် မရေမတွက်နိုင်သော ကြည့်ရှုသူများသည် ဖန်သားပြင် တစ်ဖက်ခြမ်းကနေ ထိုဟင်းလျာကို မြည်းစမ်းကြည့်ဖို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြလေသည်။
စုယန်ယန်က ဟင်းအိုးကို မီးဖိုပေါ်ကနေ အရင်ဆုံး ချလိုက်၏။ အကြာကြီး တည်ထားတာကြောင့် အိုး အဝမှာ အုပ်ထားတဲ့ ကြာရွက်တွေက အစိမ်းရောင် မသန်းနိုင်တော့ဘဲ ခြောက်သွေ့ကာ အညိုရောင် ဖျော့ဖျော့ ပြောင်းနေခဲ့ပြီ ဖြစ်သည်။
သူမ ထိုအိုးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ပါဝင်ပစ္စည်း အမယ် အများအပြားနှင့် ဝိုင် ရနံ့ ပြင်းပြင်းတို့ ရောနေသော မွှေးရနံ့က ဟင်းအိုးထဲကနေ လှိုက်တက်လာကာ ပရိသတ်တွေရဲ့ နှလုံးသားနှင့် အစာအိမ်ထဲကို စိမ့်ဝင်လျက် သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။
[ အဟင့် အဟင့် အဟင့် ၊ ဒီဟင်းရဲ့ အနံ့ကို ရတာနဲ့ ငါ့တံထွေးတွေက သုံးမီတာ အကွာလောက်ကို စီးကျသွားပြီ။ ငါ့အမေက ငါ့ကို အိမ်သန့်ရှင်းရေး ကူလုပ်မပေးတဲ့အပြင် ပိုညစ်ပတ်အောင် နှောင့်ယှက်နေတယ် ဆိုပြီး ငါ့ကို ရိုက်သွားတယ်။ တကယ့်ကို သနားစရာ ငါလေးပဲ။ ]
[ ဟဟဟ ၊ အပေါ်က တစ်ယောက် ပြောတာ တကယ် မှန်တယ်နော်။ ငါလည်း ငါ့အမေဆီမှာ အရိုက်ခံရမှာကို စိတ်ကူးကြည့်လို့ ရတယ်။ ]
[ သောက်ကျိုးနည်း မွှေးလိုက်တဲ့ အနံ့။ ဒီဟင်းကို ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ လို့ ဘာလို့ ခေါ်တာလဲ ဆိုတာ မအံ့ဩတော့ဘူး။ ဒီဟင်းနံ့ကို ရရင် ဗုဒ္ဓက တကယ်ပဲ နံရံကျော်တက်လာမှာလား ဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ငါကတော့ နံရံကျော်တက်ပြီး တင်ဆက်သူရဲ့ အိမ်ကို ဖောက်ပြီး ဒီဟင်းပွဲကို အလစ်သုတ်ချင်နေပြီ။ ]
[ ငါလည်း တင်ဆက်သူရဲ့ အိမ်ကို ဖောက်ဝင်ချင်တယ် +၁ ။ ပြီးရင် ကံစမ်းမဲပေါက်မယ့် လူ ရှစ်ယောက်စာ နေရာအတွက် ငါတို့ အသေအကျေ တိုက်ခိုက်နေတုန်း တင်ဆက်သူရဲ့ ယောက်ျားကတော့ အေးအေးဆေးဆေး ထိုင်ပြီး အဲ့ဟင်းကို သူ တစ်ယောက်တည်း ပျော်ပျော်ကြီး စားတေမယ် ဆိုတာ တွေးမိရင် ငါ့နှလုံးသားကို နှစ်ထောင်ချီ ရှာလကာရည်ထဲမှာ အစိမ်ခံလိုက်ရသလို ခံစားရတယ်။ စိတ်ထဲမှာ ချဉ်တူးနေလွန်းလို့ နံရံနဲ့တောင် ခပ်ခွာခွာ နေမိတဲ့အထိပဲ။ ]
[ အားလုံးပဲ တင်ဆက်သူကို ဖမ်းဖို့ အဖွဲ့ ဖွဲ့လိုက်တော့။ ငါတို့ ဒီ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို လုယူနိုင်ရင် တစ်ယောက် တစ်စက်စီပဲ သောက်ရမယ် ဆိုရင်တောင် အဆင်ပြေတယ်။ ]
[ ငါတို့ သေချာ လှုပ်ရှားရင် မရနိုင်တဲ့ အရာ ဆိုတာ မရှိဘူ။ တင်ဆက်သူကို မြန်မြန် ဖမ်းကြမယ်ဟေ့။ ]
ဟောက်ချန်ဟွမ်းက ဟင်းကို အနံ့ရရုံဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြသော လူတွေကို တစ်ချက် ကြည့်လိုက်သည်။ သူတို့က သူ့အပိုင် ဟင်းလျာကို သူ့ဆီကနေ လုယူဖို့တောင် လူစုဖွဲ့နေပါပြီ။ ဟောက်ချန်ဟွမ်းသည် အန္တရာယ်များစွာ မျက်မှောင်ကြုတ်လိုက်ပြီး မီးဖိုချောင်လေးထဲ လျှောက်ဝင်သွားလိုက်၏။
“ ဟင်းချက်လို့ ပြီးပြီလား ကလေးလေး။ ” ရင်းနှီးနေတဲ့ စွဲမက်ဖွယ်ရာ အသံက ဖန်သားပြင် တစ်ဖက်ခြမ်းကနေ ထွက်ပေါ်လာကာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူအပေါင်းအား သူတို့ လုပ်လက်စ အလုပ်တွေကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။