← Chapters

အခန်း ၇၀၈

Vol. 48 Ch. 708

အခန်း ၇၀၈

Vol. 48 Ch. 708

အခန်း ( ၇၀၈ ) တစ်ယောက်ကို တစ်ယောက် ဖမ်းဆီးခြင်း။

[ တင်ဆက်သူရဲ့ ယောက်ျားလား။ ]

[ ငါ အဲ့အသံကို ဘယ်နှခေါက်ပဲ ကြားကြား ၊ ညို့အားပြင်းတဲ့ ဒီအသံ ဩဩလေးမှာ အကြိမ်ကြိမ် အခါခါ ကျရှုံးသွားရတယ်။ ]

[ သူ တင်ဆက်သူကို ‘ ကလေးလေး ’ လို့ ခေါ်လိုက်တိုင်း ငါ ကြက်သီးတွေ ထပြီး ရင်တွေ ခုန်လာတယ်။ စိတ်တွေလည်း ထကြွလာသလိုပဲ။ ]

[ အပေါ်က တစ်ယောက်ရေ ၊ ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေးတော့ လေးစားမှုရှိစမ်းပါ။ ဒီတိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ မသင့်တော်တဲ့ စကားတွေ ပြောနေရင် စီမံခန့်ခွဲရေးအဖွဲ့က နင့်ကို ချက်ချင်း ဘလော့ခ်လိုက်မှာကို မကြောက်ဘူးလား။ ]

[ ဒီနေ့ ဒီအချိန်ထိ ငါတို့က တင်ဆက်သူကို မနာလိုဖြစ်နေရတုန်းပဲနော် ၊ အဟင့် အဟင့်... ]

[ ဒီအသံ … ဒီအသံ …. ။ ဒီညို့အားပြင်းတဲ့ အသံကို ကြားတိုင်း ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ နင်တို့က တင်ဆက်သူကို ဖမ်းလိုက် ၊ ငါကတော့ တင်ဆက်သူရဲ့ ယောက်ျားကိုပဲ ဖမ်းလိုက်မယ်လေ။ ဘယ်လိုလဲ ၊ ဟဲဟဲ … ]

အဲ့ဒီလို အတွေးပိုင်ရှင်တွေ အများကြီး ရှိပါသည်။ ပြောရရင် ဒီနေ့ခေတ်မှာ စွဲလမ်းမှု ပုံစံ အမျိုးမျိုး ရှိသည်။ တခြား စွဲလမ်းမှုတွေနှင့် ယှဉ်လျှင် အသံကို စွဲလမ်းတာက ပုံမှန်ပါပဲဟု ပြောလို့ ရ၏။

[ ငါတို့က တင်ဆက်သူရဲ့ အိမ်ထဲကို ဖောက်ဝင်ဖို့ သဘောတူထားပေမဲ့ နင်တို့က ငါတို့ကို တိတ်တိတ်လေး သစ္စာဖောက်လိုက်တာပဲ။ ငါတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို သစ္စာဖောက်ပြီး တင်ဆက်သူနဲ့ သူ့ယောက်ျားရဲ့ အချစ်ကို ထိုင်ကြည့်ရတာ တန်လို့လား။ ]

[ ဘာကို သစ္စာဖောက်တာလဲ။ ဒါကလည်း တင်ဆက်သူတို့ လင်မယားကို ဖမ်းတာပဲ မဟုတ်ဘူးလား။ ဒီအကြံက လုံးဝ ပြီးပြည့်စုံတယ်။ နင်က နင် လိုချင်တာကို ဖမ်းလိုက် ၊ ငါကတော့ ငါ လိုချင်တာကိုပဲ ဖမ်းလိုက်မယ်။ ငါတို့တွေ တစ်ယောက်ကို တစ်ယောက် မနှောင့်ယှက်ဘဲ နေကြမယ်လေ ၊ အဲ့အစား အချင်းချင်း ကူညီပေးလို့တောင် ရသေးတယ်။ ]

[ အပေါ်က တစ်ယောက်က ဉာဏ်ကောင်းလိုက်တာ။ စကားပြောတဲ့ နေရာမှာ ရွေးချယ်ရတဲ့ စကားလုံး အသုံးအနှုန်းတွေက အံ့ဩစရာကောင်းတယ်။ တူညီတဲ့ စကားလုံးတွေကပဲ အဓိပ္ပာယ်တွေ အများကြီး ကွဲထွက်သွားနိုင်တယ်။ ဒါဆို ငါတို့တွေ တင်ဆက်သူတို့လင်မယားကို ဖမ်းပြီး အများပိုင် အချစ်ဇာတ်လမ်းလေး ဖန်တီးကြမလား။ အဲ့ဒါကို တွေးကြည့်ရုံနဲ့တင် ငါ နည်းနည်းလေး စိတ်လှုပ်ရှားသွားတယ်။ ]

[ ခွီး ၊ နင်တို့ ပြောတဲ့ စကားတွေကို နားထောင်ပြီး ငါလည်း နည်းနည်းလေး စိတ်ပါလာပြီ ( ဂဏှာမငြိမ်ဖြစ်နေတဲ့ Jpg လေးဖြင့် ) ။ ]

“ ကဲ ကဲ ၊ ကံစမ်းမဲရလဒ်တွေလည်း ခဏနေ သိရတော့မယ်နော်။ ” စုယန်ယန်က ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို တစ်ယောက်စာ ဘူးလေးတွေထဲ ခွဲထည့်ရင်း ကံစမ်းမဲအတွက် တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်နေခဲ့သည်။ ထို့နောက် သူမ ခေါင်းမော့လိုက်ချိန်မှာ သူမရဲ့ ခင်ပွန်းကို ဖြတ်ခုတ်ချင်ကြောင်း ပြောနေကြတဲ့ ကွန်းမန့်တွေ ပြည့်နေသော ဖန်သားပြင်ကို မြင်လိုက်ရလေသည်။

သူမ ခဏတာ ဆွံ့အသွား၏။ တစ်ချိန်တည်းမှာ ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ နင်တို့ လက်လျှော့လိုက်ကြတော့။ ငါ့ယောက်ျားက အရမ်း စိတ်ခိုင်တယ်။ နင်တို့ သူ့ကို လုယူလို့ မရဘူး။ ”

သူမ ထိုသို့ ပြောလိုက်သောအခါ လူအုပ်ကြီးက မနာလိုဖြစ်သွားရပြန်ပါသည်။

ကံကောင်းစွာဖြင့် ထိုလူတွေရဲ့ စိတ်က စုယန်ယန်ရဲ့ ယောက်ျားကို ဘယ်လို လုယူရမလဲ ဆိုတာ တွေးနိုင်လောက်တဲ့ အခြေအနေမှာ ရှိမနေပါ။

တစ်ယောက်စာ ဘူးလေးတွေထဲမှာ ခွဲထည့်ထားတဲ့ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာက မွှေးကြိုင်သင်းပျံ့နေသည်။ နှာခေါင်းထဲ ရောက်လာတဲ့ အမွှေးနံ့က အသားရနံ့ ဆိုပေမဲ့ ဆီပြန်ဟင်းတွေလို အဆီများတဲ့ ခပ်အီအီ ရနံ့မျိုး မဟုတ်ဘဲ မွှေးပျံ့နေကာ အနံ့ရရုံနှင့် သွားရည်ယိုချင်စရာ ဖြစ်သည်။

သုံးထားတဲ့ ပါဝင်ပစ္စည်းတွေ အများကြီးက အရသာ တစ်ခုနှင့် တစ်ခု ပေါင်းစပ်စိမ့်ဝင်သွားသော်လည်း အံ့ဩစရာကောင်းစွာပင် အရသာမျိုးစုံ ပေါင်းပြီး အရသာပျက်သွားတာမျိုး မရှိပေ။ တစ်ဇွန်း ခပ်စားလိုက်တိုင်း ပါးစပ်ထဲမှာ အရသာ မျိုးစုံ စိမ့်ဝင်ပျံ့နှံ့ကာ ပါးစပ်ထဲက အရသာဖုလေးတွေကို လှုံ့ဆော်ခံလိုက်ရသလို ခံစားရသည်။ တကယ့်ကို စွဲမက်ဖွယ် အရသာပါပဲ။

ဟောက်ချန်ဟွမ်းရဲ့ စကားတွေကြောင့် အာရုံပြောင်းသွားသော ကြည့်ရှုသူများသည် ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို စားရနိုင်ရေးအတွက် နောက်တစ်ကြိမ် ပုန်ကန်ထကြွခဲ့ကြလေသည်။ သူတို့က တညီတညာတည်း အော်ဟစ်ကာ တင်ဆက်သူရဲ့ အိမ်ကို ဖောက်ထွင်းဝင်ရောက်မည့် အဖွဲ့နှင့် ပေါင်းစည်းလိုက်ကြသည်။ အချစ်သစ်ကို ပြတ်ပြတ်သားသား စွန့်ပစ်ပြီး အချစ်ဟောင်းဆီပဲ ပြန်သွားခဲ့ကြ၏။

ယောက်ျားလေး ကြည့်ရှုသူတွေက ထိုအဖြစ်အပျက်ကို ကြည့်ကာ အံ့ဩသွားကြသည်။

[ … မိန်းမတွေက တကယ့်ကို စိတ်အပြောင်းအလဲမြန်တဲ့ သတ္တဝါတွေပဲ။ ]

[ … စက္ကန့်တိုင်းမှာကို ပြောင်းလဲနေကြတာ။ ]

“ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာမှာ ပါဝင်ပစ္စည်း အမယ်တွေ အများကြီး ပါတဲ့အတွက် အာဟာရဓာတ်တွေလည်း ပြည့်ဝတယ်။ အဲ့ဒါကြောင့် ခုခံအားစနစ်‌ကို အားကောင်းစေပြီး နုပျိုစေတယ် ၊ အစာခြေလမ်းကြောင်းကို အားဖြည့်ပေးတယ် ၊ အသားအရေကို လှပစေတယ် ၊ ဒါတင် မကဘူး … အဟမ်း အဟမ်း ၊ တချို့ အမျိုးသား ရောဂါတွေကိုလည်း ကာကွယ်ကုသပေးပါတယ်။ သွေးအားကောင်းစေပြီးတော့ တခြား အာနိသင်တွေလည်း အများကြီး ရှိပါတယ်။ ”

အမျိုးသားတွေရဲ့ ဝေဒနာကို သေချာ ပြောပြနေသော စုယန်ယန်ရဲ့ မျက်နှာလေးက ပန်းသွေးရောင်လေး အနည်းငယ် သန်းနေခဲ့သည်။

သို့သော်လည်း ဖန်သားပြင် တစ်ဖက်ခြမ်းက တစ်စုံ‌တစ်ယောက်က “ သွေးအားကောင်းစေတယ် ” ဟူသော စကားကို ကြားချိန်မှာ လက်လှုပ်ရှားမှုတွေ ချက်ချင်း ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်သွားကိုတော့ စုယန်ယန် မသိခဲ့ပေ။

“ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း ဒီဟင်းလျာကို နည်းနည်းတော့ စားနိုင်ပါတယ် ၊ ဒါပေမဲ့ ဒီထဲမှာ ခန္ဓာကိုယ်တွင်း အအေးဓာတ်ကို အားပေးတဲ့ ပါဝင်ပစ္စည်းတွေ ပါလို့ အရမ်း အများကြီးတော့ စားလို့ မရဘူး။ ဒီဟင်းလျာကို စားတာက မိခင်အတွက်ရော ၊ သန္ဓေသားအတွက်ရော အကျိုးမရှိဘူး။ ပြီးတော့ ဒီဟင်းလျာက အရမ်း အာဟာရဓာတ် ပြည့်ဝလွန်းတဲ့အတွက် အများကြီး စားတာက သန္ဓေသားကို အလွန်အကျွံ ကြီးထွားပြီး အဝလွန်စေပါလိမ့်မယ်။ ”

“ တချို့ လူတွေက ကိုယ်ဝန်ရှိနေတဲ့ အချိန်မှာ ဒီဟင်းလျာကို စိတ်ကြိုက် ကြိုက်သလောက် စားလို့ ရတယ်လို့ အထင်မှားတတ်ကြတယ်။ သူတို့ ဗိုက်တင်းပြီး မစားနိုင်တော့ရင်တောင် ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားပေးပြီး စားတတ်ကြတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ဗိုက်ထဲမှာ ကလေးရော ရှိတော့ နှစ်ယောက်စာ ပိုစားနိုင်လိမ့်မယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့ တကယ်တော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဒီဟင်းလျာကို အထိန်းမကွပ်မရှိ စားရင် သန္ဓေသားကို အဝလွန်စေပါလိမ့်မယ်။ ဒါက မိခင်ကို ကိုယ်ဝန်ဆောင်ကာလအတွင်း အများကြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမကဘူး ၊ ကလေးမွေးတဲ့အခါမှာလည်း အရမ်း အန္တရာယ်များစေပါတယ်။ ”

All Chapters