← Chapters

အခန်း ၇၁၀

Vol. 48 Ch. 710

အခန်း ၇၁၀

Vol. 48 Ch. 710

အခန်း ( ၇၁၀ ) များစွာ ကိုယ်ကျိုးစွန့်ရခြင်း။

သို့ထျန်းယီက ခေါင်းညိတ်လိုက်ပြီး သူ့ရှေ့က ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို တစ်ဇွန်း မြည်းကြည့်လိုက်သည်။

ဒါက ကြည့်ရှုသူ ဆယ်သန်းထဲမှ ကံစမ်းမဲပေါက်သွားတဲ့ ကံထူးရှင်ဆီက လီယွဲ့ သေချာလေး ယူလာတဲ့ ပစ္စည်း ဖြစ်သည်။ ပထမတော့ တစ်ဖက်လူက အင်တင်တင် ဖြစ်နေပေမဲ့ လီယွဲ့ ကမ်းလှမ်းတဲ့ ငွေ ပမာဏက တော်တော်လေး မက်လောက်စရာတည်း။

တစ်ဖက်လူက ခဏလောက် အတွေးများနေခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို သူတို့လက်ထဲ ထည့်ပေးခဲ့လေသည်။

ဟင်းထည့်ထားတဲ့ ဘူးလေး သူတို့ဆီ ရောက်လာသည်နှင့် လီယွဲ့ကိုယ်တိုင် ထိုဘူးကို သွားယူခဲ့ရသည်။ ထိုဘူးက ကံစမ်းပေါက်တဲ့ တစ်ယောက်ရဲ့ လက်ထဲကိုတောင် ရောက်မသွားလိုက်ပါ။ ဘူးကို ရတော့ လီယွဲ့လည်း ကုမ္ပဏီကို မြန်နိုင်သမျှ အမြန်ဆုံး ပြန်ပြေးလာခဲ့သည်။ အထဲက ဟင်း မအေးသေးခင်မှာပဲ ထိုဘူးကို သို့ထျန်းယီရဲ့ စားပွဲပေါ် တင်ပေးလိုက်ပါသည်။

“ ဘော့စ် … ” သို့ထျန်းယီက သူ့ရှေ့က ဘူးလေးကို ဘေးဖယ်လိုက်ချိန်မှာပဲ လီယွဲ့ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး စိတ်လှုပ်ရှားမှုဖြင့် ရင်တုန်လာခဲ့သည်။

သို့ထျန်းယီက သူ့ကို မျက်ခုံးပင့်ပြီး ကြည့်၏။ “ မင်း စားချင်လို့လား။ ”

တကယ်လည်း ဒီဟင်းကို လီယွဲ့ စားချင်နေတာပါ။ ဒီလောက် မွှေးတဲ့ ဟင်းကို မစားချင်တဲ့ လူရယ်လို့ ရှိပါ့မလား။ သို့သော်လည်း သူ သို့ထျန်းယီကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်ရတဲ့ အကြောင်းပြချက်က စားချင်လို့ ခေါ်တာ မဟုတ်ဘဲ သို့ထျန်းယီ ဒီဟင်းကို စားပြီးတဲ့နောက် ဓာတ်မတည့်တဲ့ တုံ့ပြန်မှု တစ်ခုခု ရှိလာမှာကို စိုးရိမ်လို့ ခေါ်လိုက်တာ ဖြစ်သည်။

“ ဘော့စ် အရင်တစ်ခေါက် ကိတ်မုန့်စားတုန်းက အပြင်းစား ဓာတ်မတည့်မှု ဖြစ်တော့မလိုတောင် ဖြစ်သွားခဲ့တာလေ။ ”

သို့ထျန်းယီက အတက်ရောဂါ ခံစားနေရချိန်မှာ သူ့ဝေဒနာက ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့ နာကျင်ရတာထက် ပိုပါသည်။ ချက်ချင်း ဖြုတ်ခနဲ သေသွားရတာထက်တောင် ပိုဆိုးတဲ့ တမြည့်မြည့်နှင့် နာကျင်ခံစားရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့ပါးစပ်ဝင်တဲ့ အစားအသောက်မှန်သမျှကို ပိုပြီး ဂရုတစိုက် ဆင်ခြင်ဖို့ လိုအပ်သည်။

တချို့ သာမန်လူတွေ စားတဲ့ ပုံမှန် အစားအသောက်တွေက သူ့အတွက်တော့ သေစေနိုင်တဲ့ အဆိပ် တစ်ခွက်လိုပါပဲ။

ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူတို့ ယူလာတဲ့ ကိတ်မုန့်ကိုပဲ ဥပမာထားလို့ ရသည်။ သာမန် လူတွေကတော့ ထိုကိတ်မုန့်ကို အရသာရှိပြီး ချိုတယ်လို့သာ ခံစားရမှာ ဖြစ်ကာ စားပြီးရင်း ထပ်စားချင်နေလိမ့်ဦးမည်။

ဒါပေမဲ့ သို့ထျန်းယီအတွက်တော့ ထိုကိတ်မုန့်က အဆိပ် တစ်ခွက်ပဲ ဖြစ်သည်။ သူ ကိတ်မုန့်ကို ပါးစပ်ထဲ ထည့်ပြီး မျိုချရုံပဲ ရှိသေး ၊ ဆိုးဆိုးဝါးဝါး ဓာတ်မတည့်မှုကြောင့် ဆေးရုံပို့လိုက်ရလေသည်။ အကြောင်းအရင်းကတော့ ကိတ်မုန့်ထဲမှာ ကြက်ဥတွေ ပါဝင်နေပြီး သူကလည်း ကြက်ဥတွေနှင့် ဓာတ်မတည့်တာပင်။

‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာမှာ အဓိက ပါဝင်ပစ္စည်း ( ၁၀ ) မျိုးနှင့် အရံ ပါဝင်ပစ္စည်း ( ၂၀ ) ကျော် ပါသည်ဟု ပြောလို့ ရသည်။ ဒီဟင်းလျာမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက အရင်တစ်ခေါက်တုန်းက ကိတ်မုန့်ထက်ပင် အများကြီး ပိုလို့ များပြားရှုပ်ထွေးပါ‌သည်။

သို့ထျန်းယီနှင့် ဓာတ်မတည့်တဲ့ ပါဝင်ပစ္စည်းတွေ ပါနေပါက တစ်ဇွန်းလောက် စားပြီးရုံနှင့် သူ ဆေးရုံရောက်သွားနိုင်ချေရှိသည်။

“ တစ်ယောက်ယောက်ကို အရင်ဆုံး စစ်ဆေးခိုင်းပြီး အန္တရာယ်ကင်းတာကို အတည်ပြုပြီးမှ … ”

လီယွဲ့ရဲ့ စကားမဆုံးသေးခင်မှာပဲ သို့ထျန်းယီက သူ့ကို အပြုံးယဲ့ယဲ့ဖြင့် ဖြတ်ပြောလိုက်သည်။ “ မင်း ငါ သေသွားမှာ စိုးရိမ်နေတာလား။ ”

လီယွဲ့က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဘာမှ ဆက်မပြောရဲတော့ပေ။

“ ဒီကမ္ဘာပေါ်မှာ ငါ့ကို သေစေချင်နေတဲ့ လူတွေ အများကြီးပဲ ၊ ဒါပေမဲ့ ကောင်းကင်ဘုံကတော့ ငါ့ဘဝကို ဂရုစိုက်တဲ့ပုံမပေါ်ဘူး။ သူတို့မှာ ငါ့ကို အချိန် ခဏလေးနဲ့ သေခိုင်းဖို့ စိတ်ကူးမရှိဘူး။ ”

သူတို့ကိုယ်သူတို့ သူ့ထက် အသက်ရှည်ရှည် နေနိုင်လိမ့်မည်ဟု ထင်ထားကြသူတွေ အကုန်လုံး သူ့ထက် အရင် သေသွားခဲ့ကြသည်။ ဟိုးအရင် အချိန်ကတည်းက သေခြင်းတရား ဆိုတဲ့ ချောက်ကမ်းပါးမှာ လမ်းလျှောက်နေရတဲ့ သူကတော့ ဒီနေ့ ဒီအချိန်ထိ ကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်သည်။

ဒီနှစ်ပိုင်းတွေမှာ အလင်းရောင်ကို မမြင်နိုင်တဲ့ ကြွက် တစ်ကောင်လိုပဲ သူ နေခဲ့သည်။ ဖြူဖတ်ဖြူရော်နှင့် မျက်တွင်းတွေ ချောင်ကျနေတဲ့ လူ တစ်ယောက်အဖြစ် ၊ အထိမခံနိုင်လောက်အောင် အားအင် ချိနဲ့ပျော့ညံ့နေတဲ့ လူ တစ်ယောက်အဖြစ် ရှိနေခဲ့သည်။

သူလည်း လူထဲက လူမို့ အသက်ရှင်ချင်ပေမဲ့ ဒီလို ဘဝမျိုးကိုတော့ စိတ်ကုန်နေပြီ ဖြစ်သည်။ သူ တကယ် အသက်ရှင်နေသေးပါလား ဆိုတာ သေချာဖို့အတွက် နာကျင်မှု တချို့ လိုအပ်သည်။

“ တစ်ယောက်ယောက်ကို ဒီဟင်းထဲက ပါဝင်ပစ္စည်းတွေကို စစ်ဆေးခိုင်းထားလိုက်။ ပြီးတော့ မစားခင်နဲ့ စားပြီးနောက်ပိုင်း ငါ့ခန္ဓာကိုယ် အခြေအနေကို မှတ်တမ်းတင်ထား။ ”

သို့ထျန်းယီရဲ့ စကားက သူ့ကို စိတ်ပြောင်းအောင် လာလုပ်လို့ မရဘူး ဆိုတဲ့ အဓိပ္ပာယ် ဖြစ်၏။

လီယွဲ့သည် ခေါင်းညိတ်ပြီး အောက်ထပ်က ဆရာဝန်အဖွဲ့ကို ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ဖုန်းဆက်ပြောရုံသာ တတ်နိုင်သည်။

ထို့နောက် ပင်လယ်ခရု တစ်ဖတ်ကို စားနေတဲ့ သို့ထျန်းယီကို သူ ဘေးကနေ ရပ်ကြည့်နေခဲ့သည်။

သွမ်းသွမ်း သားကြောဖြတ်လိုက်ကတည်းက လင်းရှောင်ချီးရဲ့ သူ့အပေါ် ဆက်ဆံပုံကလည်း သိသိသာသာ ပြောင်းလဲသွားသည်။

ထိုသို့ ပြောင်းလဲသွားမှုရဲ့ အကျိုးဆက်ကတော့ ဟွားဟွားကို စုယန်ယန်ရဲ့ အိမ်သို့ မကြာခဏ ခေါ်လာတာပါပဲ။ သူမက တဖြည်းဖြည်းနှင့် ခွေးလေး နှစ်ကောင်ကို သူတို့ချင်း နှစ်ကောင်တည်း လွှတ်ပေးထားလာတတ်ပြီး သွမ်းသွမ်းကိုလည်း မအော်တော့ပေ။

သွမ်းသွမ်းကတော့ တကယ့်ကို ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ သူ့ဇနီးနှင့် ပြန်လည် ဆုံစည်းနိုင်ဖို့ရာ ကျန်ရှိနေတဲ့ သူ့ဘဝသက်တမ်းရဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုတွေ အကုန်လုံးကို ရင်းလိုက်ရသည်။ ဒီမိသားစုလေးအတွက် သူ အများကြီး ပေးဆပ်လိုက်ရတာပါလား … ။

All Chapters