← Chapters

အခန်း ၇၁၁

Vol. 48 Ch. 711

အခန်း ၇၁၁

Vol. 48 Ch. 711

အခန်း ( ၇၁၁ ) ငါ မျက်စိမကန်းချင်ဘူး။

“ နင် အခုရက်ပိုင်း တော်တော်လေး စားကောင်း သောက်ကောင်းနေတဲ့ ပုံပဲနော်။ ” လင်းရှောင်ချီးက လွန်ခဲ့တဲ့ နှစ်လ ၊ သုံးလတုန်းကထက် နည်းနည်းလေး ပိုပြည့်လာတဲ့ စုယန်ယန်ရဲ့ နှင်းဆီသွေးရောင်လွှမ်းသော မျက်နှာလေးကို ကြည့်ရင်း အလွန် မနာလိုဖြစ်သွားမိသည်။

စုယန်ယန်က သူမကို မျက်လုံးလှိမ့်ပြီး ကြည့်လိုက်၏။ “ နင် ကြိုက်လို့ တော်သေးတာပေါ့။ အခုရက်ပိုင်း ငါ အိမ်မှာ နေရတာ အရမ်း ပျင်းနေတာဟယ် .. ငါ အပျင်းပြေအောင်လို့ နင် ငါနဲ့ လာအဖော်လုပ်ပေးမယ် ဆိုရင်တော့ နင် နေ့တိုင်း ငါနဲ့တူတူ စားရ သောက်ရမယ် ၊ အလ္လာပ သလ္လာပ စကားလေးတွေ ပြောလို့ ရမယ် ၊ ပြီးတော့ လစာလည်း ပုံမှန်အတိုင်း ရဦးမယ်။ ငါ့ကို အဖော်လုပ်ပေးတဲ့ နင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ငါက ချန်ဟွမ်းကိုလည်း နင့်အတွက် အန်ပေါင်း ပေးခိုင်းဦးမယ်။ ”

“ နင်က အဲ့လောက် စိတ်ထားကောင်းလို့လား။ ” လင်းရှောင်ချီးရဲ့ မျက်လုံးလေးတွေ နည်းနည်း အရောင်တောက်လာပြီး စိတ်ဝင်စားသွား၏။

“ ဒါပေါ့ ၊ ငါက အဲ့လောက်ကို စိတ်ထားကောင်းတယ်။ နင် ဘယ်လို လုပ်မှာလဲ။ ဒီနေ့ပဲ နေ့တွင်းချင်း အိမ်ပြောင်းလာမလား။ ”

လင်းရှောင်ချီးက အတွေးတွေဖြင့် ခဏတာ ငြိမ်သက်သွားပေမဲ့ နောက်ဆုံးမှာတော့ ပြိုင်ဘက်ကင်းသော တည်ငြိမ်မှုမျိုးဖြင့် ခေါင်းခါ‌ပြသည်။

“ ဘာလို့လဲ။ ငါ့ကို အဖော်လုပ်ပေးရတာက ရုံးခန်းထဲမှာ ထိုင်ပြီး အလုပ်တွေ လုပ်ရတာထက် ပိုလွတ်လပ်တယ် မဟုတ်ဘူးလား။ ”

“ နင်က ကိုယ်ဝန်သည်မို့လို့ အိမ်မှာ သက်သောင့်သက်သာလေး နေလို့ ရတာလေ ၊ ငါက ကိုယ်ဝန်သည်မှ မဟုတ်တာ။ ဘာလို့ နင့်အိမ် လာပြီး နင့်လို စားလိုက် ၊ သောက်လိုက် လုပ်နေရမှာလဲ။ ပြီးတော့ ငါ နင်နဲ့ စားလိုက် ၊ သောက်လိုက် လုပ်နေရင် နင် ကလေး‌မွေးတဲ့ အချိန်ကျ ငါက ပေါင် ( ၁၈၀ ) လောက် ရှိတဲ့ ဝတုတ်မကြီး ဖြစ်သွားလောက်ပြီ။ ငါ ပိန်ပိန်လေးတုန်းကတောင် ရည်းစားမရတာ ၊ ငါ ဝတုတ်မကြီး ဖြစ်သွားလို့ကတော့ ဘယ်သူမှ ငါ့ကို လိုချင်တော့မှာ မဟုတ်ဘူး။ ငါ့ကို ပြောစမ်း ၊ နင့်အကြံ ဒါ အကုန်ပဲလား။ ”

လင်းရှောင်ချီးက ဝမ်းနည်းနေသော အမူအရာလေးဖြင့် ပြောလိုက်သည်။ “ နင်က အရမ်း ရက်စက်တာပဲ။ ”

“ ခွီး … ” လင်းရှောင်ချီးရဲ့ စကားကြောင့် စုယန်ယန်က ဒေါသထွက်သွားပြီး ရယ်မောလိုက်၏။ “ ဒါဆိုလည်း နင် ဘာလို့ ရည်းစားမထားသေးလဲ။ နင့်ကို ငါ့အစ်ကိုနဲ့ မိတ်ဆက်ပေးမယ်လို့ ငါ ပြောနေတာ ဘယ်နှခေါက် ရှိပြီလဲ။ ငါ့ကို အမြဲတမ်း ငြင်းနေတာ ဘယ်သူလဲ။ အခုကျမှ နင်က ဘယ်သူမှ နင့်ကို မလိုချင်ဘူး ဆိုပြီး လာပြောနေတယ် ၊ ဟွန်း...။ ”

စုယန်ယန်က စကားနှင့် ပြောရုံဖြင့် မလုံလောက်ဘူးဟု ခံစားရသောကြောင့် လင်းရှောင်ချီးရဲ့ ပါးဖောင်းဖောင်းလေး နှစ်ဖက်ကိုပါ လိမ်ဆွဲပစ်လိုက်လေသည်။

လင်းရှောင်ချီးက စက္ကန့်ပိုင်းလောက် ရုန်းကန်နေခဲ့ရပြီး စုယန်ယန်ရဲ့ လက်တွေကို ဖြုတ်ချပစ်ကာ လိမ်ဆွဲခံလိုက်ရသော သူမရဲ့ မျက်နှာလေးကို ပွတ်နေခဲ့သည်။

“ နင် အခုတလော အခြေအနေ ဘယ်လိုလဲ။ ဟိုလူ … နင့်ကို ထပ်လာရှာသေးလား။ ”

လင်းရှောင်ချီးက ငြိမ်ကျသွားပြီးမှ သက်ပြင်းရှိုက်ရင်း “ လာရှာတယ်။ ” ဟု ပြန်ပြောသည်။

“ ဒါဆို … ”

“ ငါ သူ့ကို အဖေလို့ အသိအမှတ်မပြုချင်ဘူးလို့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ သူ့အိမ်ကို မလိုက်ချင်ဘူး ဆိုတာလည်း တစ်ခါတည်း ထည့်ပြောလိုက်တယ်။ ”

“ သူကရော ဘာပြန်ပြောလဲ။ ”

“ ဘာပြန်ပြောနိုင်မှာလဲ ၊ ကျေနပ်တဲ့ ပုံတော့ ‌မပေါ်ဘူးပေါ့။ သူ ဒေါသထွက်သွားမှန်း ငါ သိတယ် ၊ ဒါပေမဲ့ သူ့ပုံစံကတော့ အဲ့ဒေါသကို ထိန်းပြီး ငါ့ကို သေချာ ပြန်စဉ်းစားပါဦးလို့ပဲ ပြောတယ်။ ”

တကယ်လို့ စုယန်ယန်သာ လင်းရှောင်ချီးအား သူမရဲ့ အဖေနှင့် ပတ်သက်သော အချက်အလက်တွေကို ရှာမပေးခဲ့လျှင် ထိုလူရဲ့ သရုပ်မှန်ကို လင်းရှောင်ချီး ဒီလောက် မြန်မြန် မြင်နိုင်ခဲ့မှာ မဟုတ်။

သို့သော်လည်း သူ့အကြံအစည်တွေ အကုန်လုံးကို လင်းရှောင်ချီး သိသွားကတည်းက တချို့ လူတွေဟာ သိုးရေခြုံထားတဲ့ ဝံပုလွေတွေ ဖြစ်ကြောင်း နားလည်သွား၏။

ဟန်ဆောင်ကောင်းတဲ့ လူတွေဟာ အချိန် တစ်ခု ကြာပြီးတဲ့နောက် အမြဲတမ်း မျက်နှာဖုံးကွာကျသွားတတ်သည်။ တစ်ခုတည်းသော ကွာခြားချက်ကတော့ ထိုလူက အခြေအနေကို သေချာ သတိထားတတ်လား ၊ ဉာဏ်ကောင်းလား ဆိုတာပါပဲ။

“ အဲ့ဒီနောက်ပိုင်း ငါ သူနဲ့ ထပ်မတွေ့တော့ဘူး။ သူ ငါ့ကို လာမရှာတော့တာမျိုး မဟုတ်ဘူး ၊ ငါ့ကို ကာကွယ်ပေးဖို့ လူကြီးမင်းဟောက် လွှတ်ထားတဲ့ လူတွေက သူ့ကို ငါ့ဆီ မလာနိုင်အောင် တားထားတာ။ ” လင်းရှောင်ချီးက အနည်းငယ် မျက်လွှာချပြီး အေးစက်စက် ပြောလိုက်သည်။ “ ငါ သူနဲ့ မတွေ့တာ ကြာပြီ ၊ တွေ့ချင်စိတ်လည်း မရှိဘူး။ သူ့ကို မြင်တိုင်း ဒီနှစ်တွေ တစ်လျှောက်လုံး ငါ့အမေ ဘယ်လောက်တောင် ပင်ပန်းခဲ့တယ် ဆိုတာပဲ ပြန်သတိရတယ်။ သူကတော့ ပြဿနာတွေ အကုန်လုံးကို ဖန်တီးခဲ့တဲ့ တရားခံ ဆိုပေမဲ့ တကယ့်ကို အပူအပင် ‌အကြောင့်အကျကင်းတဲ့ ဘဝမှာ နေ,နေတယ် ၊ သူ့ဘဝက လိုလေသေးမရှိ ပြီးပြည့်စုံနေတယ်။ သိပ်ရွံစရာကောင်းတာပဲ။ ”

“ ကဲပါ ၊ ဒေါသမထွက်နဲ့တော့နော်။ ကောင်းကင်ဘုံက အန်တီလင်းရဲ့ ဝိညာဉ်ကလည်း နင့်ကို ကိုယ့်ဘဝနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် နေပြီး အဲ့လူဆီမှာ အသုံးချမခံရဖို့ သေချာပေါက် မျှော်လင့်နေမှာပဲ။ သူ့ကြောင့်နဲ့ နင် စိတ်အနှောင့်အယှက်ဖြစ်ရတာ မတန်ဘူး။ ”

“ ဟုတ်တယ် ၊ လုံးဝ မတန်ဘူး။ ”

“ နင် ငါ့အိမ်ကို ပြောင်းလာရင်ရော ဘယ်လိုလဲ။ ” စုယန်ယန်က လင်းရှောင်ချီး တစ်ယောက်တည်း နေတာကို စိုးရိမ်နေဆဲ ဖြစ်သည်။ “ ဘာမှ ဆုံးရှုံးစရာ မရှိတော့တဲ့ လူတွေ စိတ်လွတ်သွားရင် ပိုကြောက်စရာကောင်းတယ်။ ချင်ဖန်သဲ့ ချောင်ပိတ်မိသွားရင် ဘာတွေ လုပ်မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ”

လင်းရှောင်ချီးက စုယန်ယန်ရဲ့ စကားကြောင့် ငြိမ်သွားသည်။ ထို့နောက် သူမ လေးလေးနက်နက် မျက်နှာကို ပြင်ယူကာ လက်တခါခါနှင့် ပြောလိုက်၏။ “ ရတယ် ရတယ် ၊ တော်ပြီ။ နင့်အိမ်ကို ပြောင်းလာရမယ်တဲ့လား … ငါ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမကန်းချင်ဘူး။ ”

All Chapters