အခန်း ၇၁၂
Vol. 48 Ch. 712
အခန်း ( ၇၁၂ ) လူချမ်းသာတွေကို ချက်ချင်း မုန်းတီးသွားခြင်း။
လင်းရှောင်ချီးလည်း အိမ်ပြောင်းနေဖို့ တွေးဖူးပေမဲ့ ဟောက်အိမ်တော်မှာ ပြောင်းနေဖို့တော့ တစ်ခါမှ မတွေးဖူးပါ။
ပထမ အကြောင်းပြချက်တော့ ဒါက စုအိမ်တော် မဟုတ်ဘဲ ဟောက်အိမ်တော် ဖြစ်သည်။ သူမက စုယန်ယန်တို့ အချစ်ငှက်ကလေး နှစ်ကောင်ကြားမှာ ခွေးစာနင်ရုံသာမက တစ်ယောက်ယောက်ကသာ သတင်းတွေ ဖြန့်လိုက်လျှင် သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ထိခိုက်စေတဲ့ ကောလဟာလတွေလည်း ထွက်လာနိုင်သည်။
ဒုတိယ အကြောင်းပြချက်ကတော့ သူမ ဟောက်အိမ်တော်မှာ နေ,နေမှန်း ချင်ဖန်သဲ့ သိသွားလျှင် တစ်ယောက်ယောက်ကို ပြဿနာရှာခိုင်းမှာ စိုးရိမ်ရသည်။
ဟောက်မိသားစုက ချင်မိသားစုကို မယှဉ်နိုင်စရာ အကြောင်း မရှိတာမို့ သူ ဟောက်မိသားစုကို ဒုက္ခပေးမှာကို လင်းရှောင်ချီး စိုးရိမ်တာတော့ မဟုတ်ပါ။ ဒါပေမဲ့ စုယန်ယန်က ကိုယ်ဝန်ရှိနေတာမို့ အခြေအနေက ခါတိုင်းလို မဟုတ်ပါ။
ချင်ဖန်သဲ့က ဟောက်မိသားစုကို ဒုက္ခမပေးရဲလျှင်တောင် ရုတ်ရုတ်သဲသဲ အခြေအနေတွေက သူမကို သွေးနုသားနု ကိုယ်ဝန်ဆောင်ထားစဉ်မှာ သွေးလန့်သွားစေပြီး ဗိုက်ထဲက ကလေးကိုရော ၊ မိခင်ကိုရော ထိခိုက်သွားစေလျှင် လင်းရှောင်ချီး တစ်ယောက် တစ်ဘဝလုံး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်တော့မှာ မဟုတ်။
လင်းရှောင်ချီးရဲ့ စစနောက်နောက် စကားကို ကြားတော့ စုယန်ယန်ရဲ့ မျက်နှာက ပေါက်ကွဲထွက်တော့မလို အနီရောင်ပြောင်းသွားခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားကြည့်လိုက်တော့ လင်းရှောင်ချီး စိုးရိမ်နေတာတွေကို သူမ အကြမ်းဖျင်း နားလည်သွား၍ သက်ပြင်း ခပ်တိုးတိုး ချပြီး ပြောလိုက်၏။ “ ဒါဆိုလည်း ဂရုတော့ စိုက်။ ငါ အစ်ကိုကျွင်းရှန့်ကို နင့်ကို အလုပ်လျှော့,ခိုင်းဖို့နဲ့ အိမ်ကို စောစော ပြန်လို့ ရအောင် အလုပ် စောဆင်းခိုင်းဖို့ မှာထားလိုက်မယ်။ ”
ထို့နောက် စုယန်ယန်က အတွေး တစ်ခုကို တွေးမိသွားပုံဖြင့် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ နေပါဦး … နင် ဘယ်မှာ နေလဲ ဆိုတာရော သူ သိလား။ ”
“ အင်း ၊ သိတယ်။ ”
“ သူ နင့်အိမ်အထိ လာပြီး နင့်ကို လာရှာတာလား။ ”
“ အင်း။ ”
စုယန်ယန်ရဲ့ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ “ မဟုတ်သေးဘူး ၊ ဒါကြီးက နင့်အတွက် တော်တော်လေး လုံခြုံမှု မရှိဘူး။ နင် ငါတို့အိမ်ကို ပြောင်းမလာချင်ရင်လည်း ပိုလုံခြုံတဲ့ နေရာကို ငါ ရှာပေးမယ်။ နင် အဲ့မှာ အချိန် တစ်ခုလောက်ထိ ပြောင်းနေပြီး သိုသိုသိပ်သိပ် နေလိုက်။ ဒီအခြေအနေတွေ အကုန်လုံး ပြီးသွားမှ ငါတို့ အဲ့အကြောင်း ထပ်ပြောကြမယ်။ ”
လင်းရှောင်ချီးရဲ့ ရင်ထဲမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ “ အဲ့ဒါဆို နင် အရမ်း အလုပ်ရှုပ်လိမ့်မယ် ထင်တယ်။ ”
“ ဘယ်ကသာ အလုပ်ရှုပ်ရမှာလဲ။ ငါ ချန်ဟွမ်းနဲ့ လက်ထပ်လိုက်တော့ သူက သူ့နာမည်နဲ့ ပိုင်တဲ့ ရှယ်ယာတွေ ၊ ပိုင်ဆိုင်မှုတွေ ၊ အိမ်တွေ ခြံတွေ အကုန်လုံးကို ငါ့ဆီ လွှဲပေးထားတာကို နင် မသိဘူးလား။ A မြို့တော် တစ်မြို့တည်းမှာတင် တိုက်ခန်း ( ၇ ) ခန်း ၊ ( ၈ ) ခန်းလောက် ရှိတယ်။ တိုက်ခန်းတွေ အကုန်လုံးက လူကုံထံ ရပ်ကွက်တွေနဲ့ ခြံလေး ဝင်းလေးတွေ ပါတဲ့ သီးသန့် အဆောက်အအုံလေးတွေမှာ ရှိတာ။ တိုက်ခန်းတွေ အကုန်လုံးကလည်း လောလောဆယ် လူမနေတဲ့ တိုက်ခန်း အလွတ်တွေချည်းပဲ။ ဒါပေမဲ့ ပုံမှန် သန့်ရှင်းရေးလုပ်တော့ အဆင်သင့် ဝင်နေလို့ ရတယ်။ ”
လင်းရှောင်ချီးက စုယန်ယန်ရဲ့ စကားတွေကို ကြားပြီး ချက်ချင်းပဲ မနာလိုဖြစ်သွား၏။ “ … တော်တော့ ၊ ထပ်မပြောနဲ့တော့။ နင် ထပ်ပြောရင် ငါ လူချမ်းသာတွေကို မုန်းမိသွားလိမ့်မယ်။ ”
“ ခွီး … ချင်မိသားစုကို ပြန်မသွားနိုင်ဘူး ၊ ချင်မိသားစုဆီက ပိုက်ဆံ တစ်ကျပ်တောင် မလိုချင်ဘူးလို့ လူမှန်ကြီးလို ပြောခဲ့တာ ဘယ်သူလဲ။ ငါက နင့်ကို ပိုက်ဆံကို အမှိုက်လို သဘောထားတဲ့ လူမျိုးလို့ ထင်ထားတာ ၊ ချမ်းသာတဲ့ လူတွေကို မုန်းလိမ့်မယ်လို့ ထင်မထားဘူး။ ”
“ အဲ့ဒါ တူမှ မတူတာ။ ”
“ ဘာကွာလို့လဲ။ ”
“ ကွာတာပေါ့။ ငါ ရှာထားတဲ့ ပိုက်ဆံကမှ ငါ့ပိုက်ဆံပဲ။ သူများရဲ့ ပိုင်ဆိုင်မှုကို ပိုက်ဆံ တစ်ကျပ်တောင် မလိုချင်ဘူး။ ”
“ တကယ်တော့ ဘာပဲပြောပြော နင်ကလည်း သူတို့မိသားစုဝင်ပဲ။ ပြီးတော့ နင့်အမေက ဟိုးအရင်ကတည်းက သူတို့ဆီက ဘာအထောက်အပံ့မှ ယူခဲ့တာ မဟုတ်ဘူး။ အဲ့တော့ နစ်နာကြေးအဖြစ် သူတို့ဆီက ပိုက်ဆံ နည်းနည်းလောက်ပဲဖြစ်ဖြစ် ယူတာ တရားနည်းလမ်းကျတယ်။ ”
စုယန်ယန်သည် လင်းရှောင်ချီးနှင့် ပထမဆုံး တွေ့တုန်းက သူမတို့ သားအမိ နှစ်ယောက်ရဲ့ အခြေအနေအကြောင်း ပြန်တွေးမိသောအခါ မျက်နှာအေးစက်သွားလေသည်။
အဲ့ဒီတုန်းက လင်းရှောင်ချီးက အသက်လည်း မပြည့်သေးဘဲ နေစရိတ် ၊ စားစရိတ်တွေအတွက် သန့်ရှင်းရေးတို့ ၊ စားပွဲထိုးတို့လို ရရာ အလုပ်တွေကို ဝင်လုပ်နေခဲ့တဲ့ ကာလတွေပင်။ ထိုခေတ်ကာလတုန်းက စားသောက်ဆိုင်တွေမှာ အလုပ် လုပ်ရတာက အရမ်းကြီး မပင်ပန်းသေးသောကြောင့် စုယန်ယန်သည် အသက်မပြည့်သေးတဲ့ ကလေးတွေကို တရားမဝင် အလုပ် လုပ်ခိုင်းခြင်းနှင့် တူသည့် ထိုအချိန်ပိုင်းအလုပ်တွေကို မသိချင်ယောင်ဆောင်နေခဲ့ရလေသည်။
လင်းရှောင်ချီးကြောင့် လင်းရှောင်ချီးရဲ့ အမေက မိဘဆွေမျိုးတွေ အကုန်လုံးနှင့် အဆက်အသွယ်ဖြတ်ကာ သမီးဖြစ်သူကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့သည်။ ကလေး တစ်ယောက်ကို မိန်းမသား တစ်ယောက်တည်း ပျိုးထောင်ရတာက ပင်ပန်းစရာကောင်းရုံသာမက သူမကို စောစောစီးစီး အိပ်ရာထဲ လဲသွားစေခဲ့သည်။ အဲ့လိုနှင့် လင်းရှောင်ချီး ဘွဲ့ရပြီး သိပ်မကြာခင်မှာပဲ လင်းရှောင်ချီးရဲ့ အမေ ကွယ်လွန်သွားခဲ့ပါသည်။
စုယန်ယန်ရဲ့ အမြင်မှာတော့ လင်းရှောင်ချီးတို့ သားအမိဘဝ အခုလို ကြမ်းတမ်းခဲ့ရတာ ချင်ဖန်သဲ့ကြောင့်ပဲ ဖြစ်သည်။
ချင်ဖန်သဲ့ကို လင်းရှောင်ချီး ဆိုးဆိုးဝါးဝါး စကားတွေ ပြန်မပြောတာနှင့်ပင် သူ့ဘက်က တော်တော်လေး ကျေးဇူးတင်ချင်စရာကောင်းနေပါပြီ။ သူမသာ ဆိုရင် သူ့အိမ်ကို လိုက်သွားဖို့ မပြောနဲ့ ၊ သူ့ကို နောက်ကျောကနေ ဓားနှင့် ထိုးပြီး သူတို့မိသားစုဝင် အချင်းချင်း ရန်ပွဲဖြစ်အောင် လုပ်ပြီးနေပါပြီ။