← Chapters

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ၇၁၃

Vol. 48 Ch. 713

အခန်း ( ၇၁၃ ) ရိုးသားတဲ့ လူတွေက အမြဲတမ်း အနိုင်ကျင့်ခံရဆုံးပဲ။

စုယန်ယန်ရဲ့ စကားကြောင့် လင်းရှောင်ချီးရဲ့ မျက်နှာမှုန်မှိုင်းသွားပြီး အေးစက်စွာ လှောင်ရယ်လိုက်၏။ “ လူတိုင်း ပိုက်ဆံမက်တယ် ၊ ဒါပေမဲ့ အဲ့ဒီ ပိုက်ဆံတွေရဲ့ နောက်ကွယ်မှာ လူ့အသက် ဘယ်နှချောင်းလောက် စတေးထားရလဲ ဆိုတာ နင် မြင်အောင် ကြည့်ရမယ်လေ။ ပြီးတော့ ငါ ဒီအပူစာတွေကို လက်မခံရင် အနာဂတ်မှာ သူ့ကို ‘ ချင်မိသားစုရဲ့ ဦးဆောင်သူ ’ ဆိုတဲ့ နေရာကနေ ဖယ်ချပစ်နိုင်မှာ မဟုတ်လား။ ”

“ နင် သူ့ကို ဘာမှ ဂရုမစိုက်ဘဲနဲ့ လျစ်လျူရှုထားလို့လည်း ရတယ်။ အဲ့ဒါဆို နင့်အမေအတွက် နင် ကလဲ့စားချေလို့ ရပြီ။ ”

“ လူယုတ်မာ တစ်ယောက်ကို ငါက အဖေ ဆိုပြီး ကြင်ကြင်နာနာ သွားဆက်ဆံနေလို့ မရဘူး။ ငါ သူ့ကို အဖေအဖြစ် လက်ခံပြီး သူ ပေးတဲ့ ပိုက်ဆံတွေကို ယူလိုက်ရင် သူ့ကို ဆက်ရှင်သန်ခွင့်ပေးလိုက်တာနဲ့ အတူတူပဲ။ ငါလည်း သူ့လို သွေးအေးပြီး ရက်စက်တဲ့ လူမျိုး ဖြစ်လာရင် ငါနဲ့ ဘာရန်ငြိုးရန်စမှ မရှိတဲ့ လူတွေကပါ ငါနဲ့ ငါ့ကိုယ်ကျင့်တရားကို တိုက်ခိုက်လိမ့်မယ်။ ငါ သူတို့ကို လျစ်လျူရှုထားလို့ ရပေမဲ့ အဲ့အကြောင်းတွေ တွေးလိုက်တိုင်း စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ” လင်းရှောင်ချီးက သက်ပြင်းရှိုက်ရင်း သက်ပြင်းချသံ တစ်ဝက်ဖြင့် ဆက်ပြောလိုက်သည်။ “ ဒီကမ္ဘာကြီးမှာ ရိုးသားတဲ့ လူတွေက အမြဲတမ်း အနိုင်ကျင့်အခံရဆုံးပဲ။ ”

စုယန်ယန်က ထိုစကားကို ကြားတော့ အံ့ဩသွားကာ မျက်လုံးတွေထဲမှာ အရည်စိုလဲ့လာသည်။

လင်းရှောင်ချီးက ပါးစပ်ကနေသာ ထုတ်မပြောပေမဲ့ တကယ်တော့ သူမရဲ့ အဖေကို လက်ခံလိုက်ရင် ဘာတွေ ပြန်ရမလဲ ဆိုတာ သိသည်။ သူမက ချင်ဖန်သဲ့ကိုလည်း မုန်းသည် ၊ ချင်ဖန်သဲ့ရဲ့ နောက်က ချင်မိသားစုကိုလည်း မုန်းသည်။

ဒါပေမဲ့ အဲ့လို ဆိုရင်တောင်မှ သူမရဲ့ အရင်ဘဝတုန်းကတော့ ကိုယ်ကျိုးအတွက် မနှစ်မြို့စရာကောင်းတဲ့ အရာတွေကို ရင်ဆိုင်ကာ ချင်မိသားစုဆီ ပြန်သွားခဲ့ပြီး သူမ အမုန်းဆုံး နေရာမှာပဲ သေဆုံးသွားခဲ့ရပါသည်။

လင်းရှောင်ချီးက စိတ်သက်သာရာရသွားတဲ့ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီးမှ နှုတ်ခမ်းတွေကို တွန့်ချိုးကာ ပြောလိုက်သည်။ “ အဲ့ဒီ မကောင်းတဲ့ လူက ငါ့ကို မွေးရုံပဲ မွေးပြီး ဒီအရွယ်ရောက်တဲ့အထိ ပစ်စလက်ခတ် ပစ်ထားခဲ့တာ။ အခုမှ လာပြီး သူ့ကို ဂရုစိုက်ပေးစေချင်နေတယ်တဲ့လား။ ငါကတော့ ကိုယ့်ဒုက္ခကိုယ် ရှာမှာ မဟုတ်ဘူး။ ”

စုယန်ယန်သည် သူမရဲ့ စကားကြောင့် ရယ်ချင်သွားသလို စိတ်ထဲက ဒေါသတွေလည်း အတော်လေး ပြေပျောက်သွားသည်။ “ ဟုတ်တယ် ဟုတ်တယ်။ နင် ပြောတာ မှန်တယ်။ သူက နင့်ကို ဒီအရွယ်ထိ ပစ်ထားခဲ့ပြီးတော့ အခုမှ သူ့ကို ဂရုစိုက်ပေးစေချင်နေတာ။ သူ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ အကုန်လုံးကို နင် လိမ်မသွားတာနဲ့တင် ကျေးဇူးတင်သင့်နေပြီ။ ”

ထို့နောက် စုယန်ယန်က စကားလမ်းကြောင်းကို အိမ်ပြောင်းမည့်အကြောင်းသို့ အမြန် ပြန်ပြောင်းလိုက်သည်။ “ နင် အိမ်ပြန်ရောက်ရင် ပစ္စည်းတွေ အကုန်လုံး သိမ်းပြီး သွမ်းသွမ်းကို ခေါ်လာခဲ့လိုက်။ ဘာမှ အများကြီး သယ်မလာခဲ့နဲ့။ ပစ္စည်း အလေးကြီးတွေဆို မယူဘဲ ချန်ထားခဲ့လို့ ရရင် ချန်ထားလိုက်။ ဟိုမှာ ပရိဘောဂတွေလည်း အကုန် အဆင်သင့်ပဲ။ ”

စုယန်ယန်က မျက်မှောင်ကြုတ်ကာ ခဏလောက် စဉ်းစားရင်း နည်းနည်းလေး စိတ်ညစ်သွားသည်။ “ အိုး ၊ အဲ့အိမ်တွေ ဘယ်မှာ ရှိလဲ ဆိုတာကိုလည်း ငါ မေ့နေတာ။ ခဏနေရင် ငါ ချန်ဟွမ်းကို လိပ်စာ‌တွေ ပို့ခိုင်းလိုက်မယ် ၊ နင် အဲ့ထဲက အဆင်ပြေတဲ့ တစ်နေရာကို ရွေးလိုက်ပေါ့။ ဒါပေမဲ့ ငါနဲ့ နီးတဲ့ နေရာကို ရွေးတာကတော့ အကောင်းဆုံးပဲ။ ”

အဲ့ဒါဆို ကိစ္စ တစ်ခုခု ရှိလာခဲ့ပါက သူမတို့တွေ အချင်းချင်း ကူညီပေးနိုင်လိမ့်မည်။

လင်းရှောင်ချီးက ထိုစကားကို ကြားတော့ မနာလိုဖြစ်သွားမိပြန်၏။ ဖြစ်နိုင်ရင် သူမလည်း ဘယ်နေရာမှာ ရှိလို့ ရှိမှန်း မမှတ်မိတော့လောက်အောင် များပြားတဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်ပါသည်။ အမယ်လေး ၊ သူမ စုယန်ယန်ကို အရမ်း မနာလိုဖြစ်နေမိပြီ။

“ ဘာလို့ မိန်းကလေး တော်တော်များများက တစ်နေ့မှာ လူချမ်းသာ မိသားစုနဲ့ လက်ထပ်နိုင်ဖို့ စိတ်ကူးယဉ်ကြတာလဲ ဆိုတာ ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ ” ဘာမှ လုပ်စရာမရှိဘဲ ပျင်းနေတဲ့အခါ ပိုင်ဆိုင်မှုကို ရေတွက်တမ်း ဆော့လို့ ရတာကလည်း အားကျစရာပင်။

သို့သော်လည်း လူချမ်းသာ မိသားစုထဲကို ဝင်ဖို့ ဆိုတာ ထင်သလောက် မလွယ်ပါ။ စုယန်ယန်လို ပင်ကိုယ်ကလည်း ချမ်းသာတဲ့ မိသားစုက လာသူအတွက်တော့ လူချမ်းသာ တစ်ယောက်နှင့် လက်ထပ်ဖို့ လွယ်ကူသေးသည်။ အဆင့်အတန်းချင်း မိုးနှင့်မြေလို ကွာခြားနေလျှင်တော့ ဖြစ်နိုင်ချေမရှိ။ ဒါ့ကြောင့် သူမက စုယန်ယန်လို ကျိကျိတက် ချမ်းသာတဲ့ ခင်ပွန်းဆီမှာ အလိုလိုက်ခံရဖို့ မဖြစ်နိုင်ပေ။ ဘဲရုပ်ဆိုးမလေးက ငန်းဖြူမလေး တစ်ကောင်အဖြစ် ပြောင်းလဲသွားတယ် ဆိုတာ များသောအားဖြင့် နတ်သမီးပုံပြင်တွေမှာပဲ ရှိတတ်တာမျိုး။

“ နင် အားကျနေတာလား။ အားကျရင်လည်း နင့်သမီး ဟွားဟွားကို ငါတို့သား သွမ်းသွမ်းနဲ့ မြန်မြန် လက်ထပ်ခိုင်းလိုက်တော့။ ငါ့သား သွမ်းသွမ်းကို အထင်မသေးနဲ့နော်။ သူက ကိုယ်ပိုင် ဗီလာနဲ့ နေတဲ့ ခွေး။ ငါ နင့်ကို ယောင်းမ မတော်နိုင်ရင်လည်း ဟွားဟွားကိုတော့ ငါ့သားနဲ့ သေချာပေါက် လက်ထပ်ပေးမှ ဖြစ်မယ်။ ”

လင်းရှောင်ချီးရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အနည်းငယ် တွန့်ချိုးသွားသည်။ ခွေးလှောင်အိမ်က ဘယ်လောက်ပဲ ဗီလာလေး တစ်လုံးလို ကြီးကျယ်ခမ်းနားနေပါစေ ၊ ခွေးလှောင်အိမ်က ခွေးလှောင်အိမ်ပါပဲ။ ဒီဟာမလေးက သူမနဲ့ ဟွားဟွားကို အဲ့ဒီ ခွေးလှောင်အိမ်လေး တစ်လုံးနဲ့ လာဘ်ထိုးနိုင်မယ်လို့ ထင်နေတာလား။ ဘယ်လောက်တောင် တုံးလိုက်သလဲ … ။

သို့သော်လည်း ပိုတုံးတဲ့ လူက ဘယ်သူလဲ ဆိုတာကို ခဏအကြာမှာပဲ လင်းရှောင်ချီး တစ်ယောက် သဘောပေါက်သွား၏။

လင်းရှောင်ချီးသည် သွမ်းသွမ်းရဲ့ နွေးထွေးသော ဖိတ်ခေါ်မှုအောက်မှာ သူ့ရဲ့ ဗီလာလေးထဲကို ကျော့ကျော့မော့မော့ ဝင်သွားတဲ့ ဟွားဟွားကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ရလေသည်။ ဟွားဟွားရဲ့ ပုံစံက သူမရဲ့ နေလက်စ အိမ်လေး အကြောင်းတောင် မတွေးနိုင်တော့ဘဲ နယ်မြေသစ် တစ်ခုကို အပိုင်စားရသွားတဲ့ ဝံ့ဝံ့ကြွားကြွား ဘုရင်မ တစ်ပါးလိုပဲ ဖြစ်သည်။

လင်းရှောင်ချီး : “ !!! ”

All Chapters