← Chapters

အခန်း ၇၁၅

Vol. 48 Ch. 715

အခန်း ၇၁၅

Vol. 48 Ch. 715

အခန်း ( ၇၁၅ ) အလုပ်မှာ လူလာရှာခြင်း။

ချင်ဖန်သဲ့က အစပိုင်း တစ်ကြိမ် ၊ နှစ်ကြိမ် ငြင်းပယ်မှုတွေကိုတော့ စိတ်ထဲ လေးလေးနက်နက် မထည့်ခဲ့ပေ။

သူ့အမြင်မှာ ထိုတုံ့ပြန်မှုတွေက မွေးကတည်းက အဖေကို မမြင်ဖူးခဲ့တဲ့ ကလေး တစ်ယောက်က အခုမှ ရုတ်တရက်ကြီး မြင်လိုက်ရချိန်မှာ ဘယ်လို တုံ့ပြန်လို့ တုံ့ပြန်ရမှန်း မသိတော့တဲ့ ကြောက်အားလန့်အား တွန်းကန်မှုတွေပဲ ဖြစ်သည်။

နောက်တစ်ခေါက် သူတို့ တွေ့တဲ့အခါ သူ့သမီးက သူ့ကို သေချာပေါက် နားလည်သွားပြီး သူ့နောက်ကို လိုက်လာခဲ့လိမ့်မည်။

သို့သော်လည်း အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံရပြီးတဲ့နောက်မှာတော့ ချင်ဖန်သဲ့ရဲ့ စိတ်က ပေါက်ကွဲခါနီး အစွန်းတဲတဲလေးမှာ ရောက်နေခဲ့ပါပြီ။

“ သူ ဘယ်ရောက်သွားတာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ လူ အကောင်လိုက်ကြီးက ဗြုန်းခနဲ ပျောက်သွားတာ ဖြစ်နိုင်လို့လား။ ”

“ အိမ်ရှင် ပြောတာတော့ သခင်မလေးက မနေ့ညတုန်းက အိမ်ပြောင်းသွားတာတဲ့ ဘော့စ်။ အိမ်လခ ကိစ္စတွေကိုလည်း အိမ်မပြောင်းခင်မှာ တစ်ခါတည်း ရှင်းသွားတယ်လို့ ပြောတယ်။ ကျွန်တော် ထင်တာတော့ … သခင်မလေး ပြန်မလာလောက်တော့ဘူး။ ”

ချင်ဖန်သဲ့ရဲ့ မျက်ခုံး နှစ်ခုက တစ်ခုနှင့် တစ်ခု ထိစပ်လုမတတ် တွန့်ချိုးသွားကာ အေးစက်စက် မေးလိုက်သည်။ “ သူ ဘယ်ကို ပြောင်းသွားတာလဲ။ ”

“ ဟို … ” သက်တော်စောင့်တွေက ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။

အဲ့ဒါကို မြင်တော့ ချင်ဖန်သဲ့က ပိုလို့တောင် ဒေါသထွက်သွား၏။ “ မင်းတို့ ဘာတွေ လုပ်နေတာလဲ။ သူ့ကို တောက်လျှောက် စောင့်ကြည့်ပါလို့ မင်းတို့ကို ငါ မှာထားတယ် မဟုတ်ဘူးလား။ အခုတော့ သူ အိမ်ပြောင်းသွားတာတောင် မင်းတို့က ဘယ်နေရာကို ပြောင်းသွားမှန်း မသိဘူး။ ”

“ ကျွန်တော်တို့ ပေါ့လျော့သွားတာပါ။ မနေ့ညတုန်းက သခင်မလေးရဲ့ အိမ်နားမှာ မသင်္ကာစရာ လူ တစ်ယောက်ကို တွေ့တာနဲ့ ကျွန်တော်တို့ အဲ့လူနောက် လိုက်သွားကြတာ။ ကျွန်တော်တို့ ပြန်ရောက်လာတဲ့အထိ သခင်မလေးရဲ့ အိမ်ထဲမှာ မီးတွေ လင်းနေတုန်းပဲ။ အဲ့ဒါနဲ့ ကျွန်တော်တို့ ထင်လိုက်တာက … ”

ချင်ဖန်သဲ့က ထိုစကားကို ကြားလျှင် သူတို့ကို ကန်ပစ်မိတော့မလို ဖြစ်သွားလေသည်။ “ မင်းတို့က ဘာထင်တာလဲ။ သူတို့တွေ အိမ်ထဲမှာ ရှိသေးတယ်လို့ ထင်တာလား။ အဲ့ကောင်တွေ မင်းတို့ကို လှည့်စားသွားတာကွ။ ငါ့မှာတော့ ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး မင်းတို့ကို ငှားထားရတာ ၊ ငါ ပြန်လိုက်ရတာက ဒါမျိုးတဲ့လား။ မင်းတို့က အမှိုက်တွေပဲ ၊ တကယ့်ကို အသုံးမကျတဲ့ အမှိုက်တွေ။ ”

သက်တော်စောင့် ခေါင်းဆောင်က ဘာတစ်ခွန်းမှ ပြန်မပြောရဲဘဲ ခေါင်းငုံ့ထားခဲ့သည်။

ဒါက တကယ်လည်း သူတို့အမှားပါ။ ချင်ဖန်သဲ့က သူတို့ကို အပြစ်ပေးမည် ဆိုလျှင်လည်း အကျိုးဆက်တွေကို ခေါင်းငုံ့ခံရုံသာ ရှိသည်။

ချင်ဖန်သဲ့က မိနစ်ပိုင်းလောက်အထိ အကြီးအကျယ် ဒေါသထွက်နေခဲ့ပေမဲ့ ခဏကြာတော့ နည်းနည်းလေး စိတ်ငြိမ်လာကာ မှုန်မှိုင်းသော မျက်နှာဖြင့် မေးလိုက်သည်။ “ အရင်တုန်းက ငါ မင်းတို့ကို စုံစမ်းခိုင်းထားတာ ဘယ်ကုမ္ပဏီလဲ။ အဲ့ကောင်မလေး အခု အလုပ်,လုပ်နေတဲ့ ကုမ္ပဏီက ဘယ်ကုမ္ပဏီလဲ ဆိုတာ မင်းတို့ စုံစမ်းပြီးပြီလား။ ”

“ စုံစမ်းပြီးပါပြီ။ ” သက်တော်စောင့် ခေါင်းဆောင်က သူ့နဖူးပေါ်က ချွေးစီးတွေကို ပွတ်သုတ်လိုက်သည်။ “ သခင်မလေးက ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခုမှာ အလုပ်,လုပ်နေတာပါ။ ”

ချင်ဖန်သဲ့ရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားသည်။ “ ဖျော်ဖြေရေး ကုမ္ပဏီ .. ဟုတ်လား။ သူက အနုပညာရှင်လား။ ”

“ သခင်မလေးကတော့ အနုပညာရှင် မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ရိုးရိုး ဝန်ထမ်းပါ။ ”

ထိုစကားကို ကြားတော့မှ ချင်ဖန်သဲ့ရဲ့ မျက်နှာက နည်းနည်းလေး ပြန်ကြည်လင်သွားသည်။ သူ အေးစက်စွာ လှောင်ရယ်လိုက်၏။ “ ဖျော်ဖြေရေး ကုမ္ပဏီ သေးသေးလေး တစ်ခုမှာ အလုပ်,လုပ်နေတာတဲ့လား။ သူ့မှာ ဘာတက်လမ်း ရှိမှာလဲ။ ”

ကုမ္ပဏီကြီး တစ်ခုရဲ့ ဥက္ကဌ ဆိုတဲ့ ရာထူးကို နှစ်ပေါင်းများစွာ တာဝန်ယူထားခဲ့ရသော ချင်ဖန်သဲ့သည် သူ့ကိုယ်သူ နေရာ တစ်ခု ရနေပြီဟု ခံယူထားကာ ဖျော်ဖြေရေး ကုမ္ပဏီ အသေးစားလေးလောက်ကို အထင်မကြီးတော့ပေ။ အနုပညာ နယ်ပယ်ထဲက နာမည်မရှိတဲ့ သရုပ်ဆောင်လေးများကို ဆိုလျှင် လူဟုပင် မထင်။

လင်းရှောင်ချီးက မိန်းကလေး ဖြစ်သည်။ တကယ်လို့ သူမသာ အနုပညာရှင် တစ်ယောက် ဖြစ်နေခဲ့ပါက သူ့တူတွေက သူမရဲ့ အလုပ်အကိုင်ကို အခြေတည်ပြီး ပြဿနာတွေ ရုတ်ရုတ်သဲသဲ ဖြစ်အောင် ဖန်တီးလို့ ရသည်။

လင်းရှောင်ချီးက ဝန်ထမ်း တစ်ယောက်သာ ဖြစ်ပြီး အနုပညာရှင် မဟုတ်၍ တော်ပါသေးရဲ့။

သို့သော် အဲ့လို ဆိုရင်တောင် ချင်ဖန်သဲ့ကတော့ ဂရုမစိုက်။ ဖျော်ဖြေရေး ကုမ္ပဏီလေး တစ်ခုမှာ ဝန်ထမ်းလုပ်ရခြင်းက ချင်မိသားစုရဲ့ သမီး အကြီးဆုံး လုပ်ရခြင်းလောက် အဆင့်အတန်းမရှိဘူးဟု ခံစားရသည်။

သက်တော်စောင့်တွေကတော့ စကား တစ်ခွန်းမှ မဟဘဲ ကြွက်တွေလို တိတ်ဆိတ်နေခဲ့ကြသည်။

“ ရှောင်ချီးက ဘယ်အချိန်ဆို အလုပ်ဆင်းနေကျလဲ။ ”

“ သခင်မလေးက အခုတလော ခြောက်နာရီဆို အလုပ်ဆင်းတဲ့ပုံပါပဲ။ ”

“ ခြောက်နာရီ … ။ မင်းတို့တွေ ဒီနေ့ ညနေ ခြောက်နာရီကျ ငါနဲ့ ကုမ္ပဏီ ဝင်ပေါက်မှာ သွားထိုင်နေကြမယ်။ သူ မင်းတို့ဆီကပဲ ထွက်ပြေးလို့ ရရင် ရမယ် ၊ အဖေ ဖြစ်တဲ့ ငါ့ဆီကတော့ ထွက်ပြေးလို့ မရဘူး။ ငါ သူ့ကို ရအောင် မရှာနိုင်ဘူး ဆိုတာ မယုံဘူး။ ”

ချင်ဖန်သဲ့ရဲ့ မျက်နှာက မည်းမှောင်နေကာ သူ့မျက်လုံးထဲမှာ အေးစက်မှု အငွေ့အသက်တွေ ရှိနေခဲ့သည်။

စုယန်ယန်နှင့် တခြား လူတွေ သိတဲ့အတိုင်း လင်းရှောင်ချီးကို သူကိုယ်တိုင် လာရှာရတဲ့ ရည်ရွယ်ချက်က ထင်သလောက် မရိုးရှင်းပါ။

အပေါ်ယံမှာတော့ သမီးကို လာရှာတဲ့ အဖေ တစ်ယောက်နှင့် တူကောင်း တူနိုင်ပေမဲ့ တကယ်တမ်းကတော့ သူက လင်းရှောင်ချီးကို နယ်ရုပ်ကလေး တစ်ရုပ်အဖြစ် … သူ့တူတွေရဲ့ တိုက်ခိုက်မှုကနေ သူ့ကို ယာယီ ကာကွယ်ပေးနိုင်မယ့် ဒိုင်းကာ တစ်ချပ်အဖြစ် အသုံးချချင်နေတာ ဖြစ်ပါသည်။

All Chapters