အခန်း ၇၁၆
Vol. 48 Ch. 716
အခန်း ( ၇၁၆ ) မင်းမှာ ကိုယ်ဝန်ရှိနေတာလား။
သူ့မှာ နောက်ထပ် အကြံ တစ်ခုလည်း ရှိသေးသည်။ သူ့က လင်းရှောင်ချီးကို သူ့ကို ကူညီပေးမယ့် အကူအညီ တစ်ရပ်အဖြစ် အသုံးချချင်နေတာပါ။
သူ့မှာ တရားဝင် လက်မထပ်ရသေးခင် ရထားတဲ့ သမီး တစ်ယောက် ရှိတယ် ဆိုတာကို ချင်ဖန်သဲ့ ပထမဆုံး သိသွားတုန်းက စိတ်ပျက်သွားသလို နည်းနည်းလေးလည်း ဝမ်းသာသွားခဲ့သည်။
ကလေးထပ်မမွေးနိုင်တော့ဘူးလို့ လူတိုင်း ထင်နေတဲ့ သူ့မှာ သွေးသားရင်းချာ သမီး တစ်ယောက် ရှိနေသေးတဲ့အတွက် ဝမ်းသာသည်။ လင်းရှောင်ချီးက သားယောက်ျားလေး မဟုတ်ပေမဲ့ သမီးမိန်းကလေးကလည်း သူ့အတွက် အမြတ်ထွက်နိုင်သောကြောင့် မဆိုးပါ။ သမီးမိန်းကလေးတွေက ထိန်းချုပ်ရ လွယ်သည် ၊ ပြီးတော့ အလွယ်တကူ ပြဿနာရှာတတ်မှာလည်း မဟုတ်။ ကိစ္စ တစ်ခုခု ရှိလာရင်လည်း သူမက ကိုယ့်ကိုယ်ကိုယ်ပဲ မှီခိုရမည် ဖြစ်ကာ အတောင်အလက် စုံလာပြီး သူ့ထိန်းချုပ်မှုအောက်ကနေ ဖောက်ထွက်သွားမှာကို စိုးရိမ်စရာ မလိုပေ။
အရေးအကြီးဆုံးကတော့ သူမကို မိသားစုကြီး နှစ်ခု မဟာမိတ်ဖွဲ့ရန် တစ်ဖက်မိသားစုက သားဖြစ်သူနှင့် အိမ်ထောင်ချပေးလို့ ရသလို သူ့မျိုးနွယ်ကိုလည်း အားကောင်းသန်မာအောင် လုပ်လို့ ရသည်။
ချင်ဖန်သဲ့သည် လင်းရှောင်ချီးအတွက် C မြို့တော်က အရည်အချင်းရှိတဲ့ လူငယ်လေးတွေ အများကြီးထဲမှ သင့်တော်တဲ့ အိမ်ထောင်ဖက် တစ်ယောက်ကို ရွေးချယ်ထားပြီးပြီပင်။ သူတို့ နှစ်ယောက် လက်ထပ်လိုက်ရင် သူ့မျိုးနွယ်ကလည်း များစွာ သန်မာလာလိမ့်မည်။ နောက် တစ်နှစ် ၊ နှစ်နှစ်အတွင်းမှာ သူ့မြေးလေးလည်း မွေးလာလိမ့်ဦးမည်။
သူက အခုမှ အသက် ငါးဆယ်ထဲ ဝင်ခါစပဲ ရှိသေးတာမို့ လက်ရှိ ရာထူးကို နောက် ( ၁၀ ) နှစ် ၊ နှစ် ( ၂၀ ) လောက်ထိ အေးအေးဆေးဆေး ဆုပ်ကိုင်ထားလို့ ရသည်။
အချိန်ကျလာတဲ့အခါ ကုမ္ပဏီကို သူ့တူတွေအစား သူ့မြေးလေးလက်ထဲ လွှဲပြောင်းပေးလိုက်လို့ ရသည်။
လင်းရှောင်ချီးက သူမရဲ့ အမှိုက်လို အဖေနှင့် တစ်ခါမှ မတွေ့ဖူးပေမဲ့ သားအဖတွေပဲမို့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်း ပြောပြသည့် အချက်အလက်တွေကို နားထောင်ကြည့်ရုံဖြင့် ချင်ဖန်သဲ့ရဲ့ အတွေးတွေကို အကြမ်းဖျင်း နားလည်သွားပြီ ဖြစ်သည်။
သူ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရယူထားရတဲ့ ပိုင်ဆိုင်မှုတွေကို လင်းရှောင်ချီးထံ လွှဲပြောင်းပေးဖို့ ဆိုတာ လုံးတ မဖြစ်နိုင်ပါ။ သူက မိန်းမတွေကို ယောက်ျားတွေထက် နိမ့်ကျတယ်လို့ ထင်တဲ့ ပုံသေကားကျ မဟာဖိုဝါဒီသမား တစ်ယောက်။
သူ့သားသာ အသက်ရှင်နေသေးလျှင် လင်းရှောင်ချီးကို သူ့မိသားစုရှေ့သို့ ခေါ်သွားပြီး သမီးအဖြစ် အသိအမှတ်ပြု လက်ခံဖို့ ဆိုတာ မဖြစ်နိုင်။ အနာဂတ်မှာ ကုမ္ပဏီကို လင်းရှောင်ချီးက မွေးတဲ့ သူ့မြေးလက်ထဲ လွှဲပြောင်းပေးဖို့ကပင် သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေ၏။
ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ။ ဒီဘဝမှာ သူက ကလေးမှ ထပ်မမွေးနိုင်တော့တာ … ။ လင်းရှောင်ချီးသာ မရှိရင် သူ့မှာ လက်ကျန်ဘဝအတွက် မျှော်လင့်ချက်လည်း လုံးဝ မရှိတော့ပါ။
အဲ့လို ဆိုရင်တောင်မှ သူ့မျက်လုံးထဲမှာ လင်းရှောင်ချီးပဲဖြစ်ဖြစ် ၊ ဟို စိတ်ကူးယဉ် မြေးလေးပဲဖြစ်ဖြစ် နှစ်ယောက်လုံးက သူ လိုအပ်တဲ့အချိန်မှသာ ထုတ်သုံးဖို့ စီစဉ်ထားတဲ့ နယ်ရုပ်လေးတွေပါပဲ။ အစကတည်းက သူတို့ရဲ့ သားအဖဆက်ဆံရေးကို စိတ်ထဲ ထည့်ဖို့ နေနေသာသာ သူတို့ကို မိသားစုလို့တောင် တစ်ခါမှ မသတ်မှတ်ဖူးပေ။
စုယန်ယန်သာ သူ့အတွေးတွေကို သိသွားလျှင် သူမရဲ့ သူငယ်ချင်းကို သူ ထိခိုက်အောင် မလုပ်နိုင်စေရန် သူ့မျက်နှာကို ဟင်းချက်တဲ့ အိုးကြီးဖြင့် ဖြတ်ရိုက်လိမ့်မည်။
ဟောက်ချန်ဟွမ်းက ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာရှင် အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ဘာစကားမှတော့ မပြောသော်လည်း သူ့မျက်နှာ အမူအရာကို အကဲခတ်ရသလောက် စိတ်ချမ်းသာနေပုံပေါ်ပါသည်။ သူ စိတ်ချမ်းသာတာက ဟောက်ချီဟန် သေချာပေါက် စိတ်မချမ်းသာဘူး ဆိုတဲ့ အဓိပ္ပာယ်ပင်။
စုယန်ယန်က ထိုမိသားစုရဲ့ ကံဆိုးခြင်းကို ဟာသ တစ်ခုလို သဘောထားနေတာ ဖြစ်သည်။ ထိုမိသားစုရဲ့ အရှုပ်တော်ပုံတွေအကြောင်း လူတွေ မကြာခဏ ပြောနေတာကို သူမ ကြားရတတ်သည်။ သို့သော်လည်း သူမ မမျှော်လင့်ထားခဲ့တာက …
“ ဟောက်ရှောက်ဖုန်းက ကျွန်မနဲ့ တွေ့ချင်တယ်တဲ့လား။ ”
“ ဟုတ်ကဲ့ ၊ လူကြီးမင်းဟောက်က အခု အောက်ထပ်မှာ ရောက်နေတယ်။ သခင်မလေးနဲ့ မတွေ့ရမချင်း မပြန်ဘူးလို့ ပြောတယ်။ သခင်မလေး သူ့ကို မောင်းထုတ်ချင်လား။ ”
ဟောက်ချန်ဟွမ်းကြောင့် ဦးလေးကျန်းကလည်း ဟောက်ချီဟန်တို့မိသားစုအပေါ် အမြင်မကြည်လင်ပါ။ ပြီးတော့ စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းတို့ကြားက ပြဿနာတွေကိုလည်း သူ သိတာမို့ ဒီလူကို ပိုလို့တောင် သတိထားသည်။
ဒါပေမဲ့ သူ ဟောက်ရှောက်ဖုန်းကို ဘယ်လောက်ပဲ မုန်းတီးပါစေ ၊ သခင်မလေးရဲ့ ခွင့်ပြုချက်ကို အရင် မတောင်းဘဲ သူ့ကို မောင်းထုတ်လို့ မရပေ။ ထို့ကြောင့် စုယန်ယန်ရဲ့ သဘောထားကို လာမေးတာ ဖြစ်သည်။
စုယန်ယန်က ကိုယ်ဝန်ရှိနေမှန်း သိသာစွာ ပူထွက်နေတဲ့ သူမရဲ့ ဗိုက်လေးကို လက်ဖြင့် ပွတ်သပ်လိုက်သည်။ တစ်ချက်လောက် စဉ်းစားကြည့်ပြီးတော့ “ ကျွန်မ သူနဲ့ ဆင်းတွေ့လိုက်ပါ့မယ် … ” ဟု ခပ်တိုးတိုး ပြောလိုက်၏။
ဦးလေးကျန်း စိုးရိမ်သွားသည်။ “ ဒါပေမဲ့ သခင်မလေးက … ”
“ လူ နှစ်ယောက် ၊ သုံးယောက်လောက်ကိုပါ ခေါ်ထားလိုက်ပါ။ သူ့ကို ကျွန်မနား အကပ်မခံနဲ့။ ”
ဦးလေးကျန်းက နားလည်သွားပြီး ချက်ချင်းပဲ စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်သည်။
စုယန်ယန် အောက်ထပ်ကို ဆင်းလာခဲ့တော့ လူ တော်တော်များများ ရှိနေခဲ့သည်။ သက်တော်စောင့် လေး ၊ ငါးယောက်က သူမရှေ့မှာ ရပ်နေခဲ့ပြီး သူတို့က ဟောက်ရှောက်ဖုန်းကို စက္ကန့်မလပ် စောင့်ကြည့်နေတယ် ဆိုတာ ပြောစရာ မလိုပေ။
ဟောက်ရှောက်ဖုန်းကတော့ ထိုကိစ္စကို ဒေါသထွက်နေဖို့ အချိန်မရှိဘဲ သူ့အာရုံတွေ အကုန်လုံးက စုယန်ယန်ရဲ့ ဗိုက်ဆီ စုပြုံကျရောက်သွားခဲ့သည်။
“ မင်းမှာ ကိုယ်ဝန်ရှိနေတာလား။ ”