အခန်း ၇၁၈
Vol. 48 Ch. 718
အခန်း ( ၇၁၈ ) သူကိုယ်တိုင်ကိုက ယုံကြည်ရလောက်အောင် တော်နေပြီးသားပါ။
စုယန်ယန်ကတော့ ဟောက်ရှောက်ဖုန်းရဲ့ အတွေးတွေကို မသိပါ။ သူ ဘာမှ ပြန်မပြောဘဲ အကြာကြီး ငြိမ်နေတာကို မြင်တော့ မျက်လုံးလှိမ့်ပြီး အပေါ်ထပ်တက်ဖို့ နေရာမှ ထလိုက်၏။
“ ခဏလေး … ”
ဟောက်ရှောက်ဖုန်းက စုယန်ယန်ကို အိပ်မက်က လန့်နိုးလာသလို အမြန် လှမ်းခေါ်သည်။ “ ငါ ဦးလေးနဲ့ ပူးပေါင်းဖို့ မင်းကို လာရှာတာ။ ”
“ ပူးပေါင်းဖို့ … ” အံ့ဩမှုကြောင့် စုယန်ယန် မျက်လုံးပြူးသွားပြီး ဟက်ခနဲ လှောင်ရယ်လိုက်သည်။ “ ကျွန်မတို့က ရှင်နဲ့ ဘာလို့ ပူးပေါင်းရမှာလဲ။ ”
ဟောက်ရှောက်ဖုန်းက လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး အံကြိတ်လိုက်သည်။ “ ဦးလေးက ဟောက်ကော်ပိုရေးရှင်းကို လိုချင်နေတာ မဟုတ်ဘူးလား။ မဟုတ်ရင် သူ ဘာလို့ ဟောက်ကော်ပိုရေးရှင်း ရှယ်ယာရှင် အစည်းအဝေးကို တက်မှာလဲ။ ”
“ ရှင် သေချာ သတင်းရထားတာပဲ။ ” စုယန်ယန် ခပ်တိုးတိုး ရယ်လိုက်သည်။ “ အဲ့တော့ ရှင်က ကျွန်မတို့နဲ့ ဘယ်လို ပူးပေါင်းချင်တာလဲ။ ”
“ မင်းလည်း ငါတို့မိသားစုပြဿနာတွေကို ကြားပြီးလောက်ပါပြီ။ ”
ဟောက်ရှောက်ဖုန်းက စုယန်ယန်ကို တစ်ချက် ကြည့်လိုက်သည်။ သူမက ဘာမှ ပြန်မပြောတော့ သူ့မှာ ဆက်ပြောရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ပါ။
“ ငါ့အဖေက ငါ့အမေနဲ့ အသည်းအသန် ကွာရှင်းချင်နေတယ် ၊ ငါ့ကိုလည်း ဘာအမွေမှ ခွဲမပေးဘဲနဲ့ မောင်းထုတ်ချင်နေတယ်။ ”
ဟောက်ချီဟန်ရဲ့ သွေးအေး ရက်စက်မှုကို စုယန်ယန် အံ့အားသင့်မိပါသည်။ သခင်မဟောက်က ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ဟောက်ရှောက်ဖုန်းကတော့ သူ့သား ဖြစ်နေဆဲပင်။ အခုတော့ သူက သူ့သားကိုတောင် လက်ဗလာနဲ့ မောင်းထုတ်ချင်နေတယ် ဆိုတော့ တကယ်ပဲ မိသားစု သံယောဇဉ်တောင် မရှိကြတော့တာလား။
“ ရှင့်အမေကို သူနဲ့ မကွာရှင်းစေချင်တာလား ၊ ဒါမှမဟုတ် ရှင် လက်ဗလာနဲ့ မောင်းထုတ်မခံချင်တာလား။ ”
“ တစ်ခုမှ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါ အဲ့ပြဿနာကို ဘယ်လိုမှလည်း မဖြေရှင်းတတ်ဘူး။ ”
“ ဒါဆို ဟောက်ချီဟန်ကို ရှင့်အမေနဲ့ ကွာရှင်းလို့ မရအောင် ရှင့်ကို ကူညီပေးစေချင်တာလား။ ”
“ မဟုတ်ဘူး။ ”
“ ဒါဆို … ”
“ သူ ဘယ်လို လူမျိုးလဲ ဆိုတာ ငါ မြင်ပြီးပြီ။ အဲ့ဒါကြောင့် ငါ့ကံတရားကိုလည်း လက်ခံလိုက်ပြီ။ ”
ဟောက်ရှောက်ဖုန်း ထိုစကားမျိုး ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါ။ လွန်ခဲ့တဲ့ နှစ်လ ၊ သုံးလလောက်ကအထိ ဒီသခင်လေးဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းက သူ့ကို အကြွေးတင်နေသလိုမျိုး ထောင်လွှားနေတုန်းပါ။
အခုကျ သူက သူ့ကံတရားကို လက်ခံလိုက်ပါပြီလို့ သူမကို လာပြောနေသည်။ သူ့ကို ဒီအတိုင်းအတာထိ ရောက်သွားအောင် ဟောက်ချီဟန် ဘယ်လောက်တောင် စိတ်ဒုက္ခပေးလိုက်တာပါလိမ့် ၊ ဒါမှမဟုတ် သူ သူမကို လာလိမ်နေတာလား။
“ ရှင် ကိုယ့်ကံတရားကို လက်ခံလိုက်ပြီ ဆိုလည်း ဘာလို့ ကျွန်မဆီ လာသေးလဲ။ ရှင် လိုချင်တာ ဘာလဲ။ ”
“ ငါ မင်းကို ပြောပြီးပြီပဲ ၊ ငါ မင်းတို့နဲ့ ပူးပေါင်းချင်တယ်။ ငါ မင်းတို့ကို ဟောက်ကော်ပိုရေးရှင်းကို ရအောင် ကူညီပေးမယ်။ မင်းတို့ကတော့ ငါ့ကို ဟောက်ချီဟန်ကို သတ်နိုင်အောင် ကူညီပေး။ ”
စုယန်ယန် ဆွံ့အသွားသည်။ သူမ ဟောက်ရှောက်ဖုန်းကို မျိုးတုန်းခါနီး ရှားပါး သတ္တဝါ တစ်ကောင်လို ကြည့်လိုက်မိသည်။
ဟောက်ရှောက်ဖုန်းက သူမအကြည့်ကြောင့် ဒေါသထွက်သွားပုံဖြင့် ကျယ်လောင်စွာ ပြန်ပြောသည်။ “ မင်း ငါ့ကို မယုံတာလား။ ”
“ ရှင့်ကို ဘာလို့ ယုံရမှာလဲ။ ကျွန်မတို့က ရင်းနှီးတဲ့ လူတွေမို့လို့လား။ ”
ဟောက်ရှောက်ဖုန်းက နီရဲသော မျက်နှာဖြင့် ထရပ်လိုက်သည်။ သူ တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ စုယန်ယန်က သူ့ကို ဖြတ်ပြောလိုက်ပါသည်။ “ ပထမဆုံးအနေနဲ့ ပြောရရင် ကိုယ်တိုင်က အရည်အချင်းမရှိလို့ ဟောက်ကော်ပိုရေးရှင်းကနေ အထုတ်ခံလိုက်ရတဲ့ လူ တစ်ယောက်က တခြား လူတွေကို ဟော်ကော်ပိုရေးရှင်းကို ရအောင် ကူညီပေးမယ် ဆိုပြီး ဘယ်သတ္တိနဲ့များ ပြောနိုင်ရတာလဲ။ အဲ့လောက် လွယ်နေရင် ရှင်လည်း အခုလို အခြေအနေ ရောက်သွားမှာ မဟုတ်ဘူးလေ။ ”
ဟောက်ရှောက်ဖုန်းရဲ့ မျက်နှာက မည်းမှောင်သွားပြီး တစ်ခုခု ပြောတော့မလို နှုတ်ခမ်းတွေ တရွေ့ရွေ့ လှုပ်ရှားသွားပေမဲ့ စုယန်ယန်က သူ့ကို ဖြတ်ပြောလိုက်ပြန်ပါသည်။ “ ဒုတိယအနေနဲ့ လူသတ်တယ် ဆိုတာက ဥပဒေကို ဆန့်ကျင်တာပဲ။ ရှင်တို့သားအဖကြားမှာ လူသတ်ချင်ရလောက်တဲ့ထိ ဘယ်လို ပြဿနာတွေ ရှိနေမှန်း ကျွန်မ မသိပေမဲ့ အဲ့ဒါက ရှင့်ကိစ္စပဲ။ ကျွန်မတို့ ဝင်မပါဘူး ၊ ဝင်ပါစရာလည်း မလိုဘူး။ ရှင်တို့မိသားစု ဘာဖြစ်ဖြစ် ကျွန်မတို့နဲ့ မဆိုင်ဘူး။ ”
“ နောက်ဆုံးအနေနဲ့ ပြောရရင် ဟောက်ကော်ပိုရေးရှင်းက ဘယ်လောက်ပဲ အဖိုးတန်နေပါစေဦး ၊ လောလောဆယ် ဟောက်ပိုရေးရှင်းမှာ ပျော့ကွက်တွေ အများကြီး ရှိနေတာ။ ချန်ဟွမ်းက ဟောက်ကော်ပိုရေးရှင်းကို တကယ် လိုချင်ရင် ရှင့်အကူအညီ မပါဘဲနဲ့တောင် သူ လိုချင်တာကို ရအောင် ယူနိုင်တယ် ဆိုတာ ရှင် သိထားသင့်တယ်။ ဒီကမ္ဘာပေါ်မှာ သူ မလိုချင်တာပဲ ရှိတယ် ၊ မရနိုင်တာ မရှိဘူး။ အဲ့ဒါနဲ့တောင် ကျွန်မတို့က ဘာလို့ ရှင်နဲ့ ပူးပေါင်းရမှာလဲ။ ”
ဟောက်ရှောက်ဖုန်းက စုယန်ယန်ရဲ့ ဟောက်ချန်ဟွမ်းကို အမွှမ်းတင်နေသော စကားတွေကို နားထောင်ရင်း ဒေါသတွေ တပွက်ပွက် ဆူပွက်လာကာ တစ်ချိန်တည်းမှာပဲ နည်းနည်းလေး သဝန်တိုမိလေသည်။ “ မင်း သူ့ကို အဲ့လောက်တောင် ယုံတယ်လား။ ”
ဟောက်ရှောက်ဖုန်းကို ပြန်ကြည့်သော စုယန်ယန်ရဲ့ မျက်လုံးထဲမှာ ဝံ့ကြွားဂုဏ်ယူမှုတွေဖြင့် တလက်လက် လျှံကျနေခဲ့သည်။ “ ကျွန်မ သူ့ကို ယုံလား ၊ မယုံဘူးလား ဆိုတာ မေးနေစရာ မလိုဘူး။ သူကိုယ်တိုင်ကိုက ယုံကြည်စရာကောင်းလောက်အောင် တော်နေပြီးသားပဲ။ ”