အခန်း ၇၂၀
Vol. 48 Ch. 720
720 01
အခန်း ( ၇၂၀ ) ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် အက်ဆီးဒင့်တွေ အများကြီး ရှိနိုင်မှာလဲ။
ဧည့်ခန်းထဲမှာ တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။ တစ်လျှောက်လုံး ဘေးမှာ ရပ်နေခဲ့သော ဦးလေးကျန်းပင်လျှင် မယုံကြည်နိုင်မှုကြောင့် မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
စက္ကန့်ပိုင်းလောက် ကြာတော့မှ စုယန်ယန်က စိတ်တည်ငြိမ်သွားပြီး အနည်းငယ် အေးစက်နေသော မျက်လုံးများဖြင့် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “ ရှင် ချန်ဟွမ်းရဲ့ အဖေနဲ့ အမေကြောင်း ပြောနေတာလား။ ချန်ဟွမ်းရဲ့ အဖေနဲ့ အမေက အက်ဆီးဒင့်ကြောင့် ဆုံးသွားတာ မဟုတ်ဘူးလား။ ”
“ ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် အက်ဆီးဒင့်တွေ အများကြီး ရှိနိုင်မှာလဲ။ ”
စုယန်ယန်လို စိတ်ကို ငြိမ်ငြိမ်ထားနိုင်သော လူတောင် ထိုစကားကို ကြားချိန်မှာ နှလုံးခုန်သံမြန်လာခဲ့သည်။
“ ရှင် ပြောချင်တာက ချန်ဟွမ်းရဲ့ အဖေနဲ့ အမေက အက်ဆီးဒင့်ကြောင့် ဆုံးသွားတာ မဟုတ်ဘူး။ သူတို့ကို တစ်ယောက်ယောက် လုပ်ကြံတာ ခံလိုက်ရတာလား။ ဘယ်သူက လုပ်ကြံတာလဲ။ ”
ဟောက်ရှောက်ဖုန်းက စုယန်ယန်ကို ကြည့်ပြီး တဟင်းဟင်း ရယ်လိုက်သည်။ “ မင်း ငါ့ဆီက စကားနှိုက်ဖို့ ကြိုးစားနေတာပဲ။ ငါ့ကို အဲ့လောက် တုံးတယ်လို့ ထင်နေတာလား။ ”
စုယန်ယန်က စိတ်ထဲကနေ “ ဟုတ်တယ် ၊ ငါ့စိတ်ထဲမှာတော့ နင်က အဲ့လောက်ကို တုံးတယ်။ ” ဟု ပြန်ပြောလိုက်သော်လည်း အပြင်မှာတော့ “ ရှင် လိမ်ပြောနေတာလား ၊ အမှန်အတိုင်း ပြောနေတာလား ဆိုတာ ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ ” ဟုသာ ပြန်ပြောလိုက်၏။
“ ငါ လိမ်နေတာလား ၊ အမှန်အတိုင်း ပြောနေတာလား ဆိုတာကို စုံစမ်းဖို့က မင်းနဲ့ ဆိုင်သွားပြီလေ။ ငါ့ပါးစပ်က ထွက်တဲ့ စကားကို မင်း ဒီတိုင်း ယုံလိုက်လိမ့်မယ်လို့တော့ ငါလည်း မထင်ပါဘူး။ ကဲ .. ငါကတော့ ငါ့ရဲ့ ပင်ကို အရင်းခံစိတ်ကို ထုတ်ပြပြီးပြီ ၊ အခု မင်းအလှည့်ပဲ။ ”
ဟောက်ရှောက်ဖုန်းရဲ့ သဘောထားကတော့ အလွန် ရိုးရှင်းပါသည်။ ဒါက သူ့ရဲ့ နောက်ဆုံး ဖဲချပ်မို့ စုယန်ယန်တို့ကိုလည်း လောင်းကြေးက ဘာလဲ ဆိုတာ ပြောပြစေချင်နေတာ ဖြစ်သည်။
သူတို့ နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် သတိထား စောင့်ကြည့်နေကြတာ ဖြစ်သောကြောင့် ဘယ်သူ့ရဲ့ နောက်ဆုံး ဖဲချပ်က ပိုတန်ဖိုးရှိလဲ ၊ ဘယ်သူက ဘယ်သူ့ကို ဘယ်အတိုင်းအတာထိ ကူညီနိုင်လဲ ဆိုတာကို အဓိက မူတည်နေတာပင်။
စုယန်ယန်က ထိုစကားကို ကြားရုံဖြင့် သူ့ကို အရမ်း အများကြီး ကတိမပေးလိုက်နိုင်ပါ။ ဒါပေမဲ့ သူမ ငြင်းလိုက်လို့ ဟောက်ရှောက်ဖုန်းက တစ်ခုခုကို သိသွားရင်ရော …
“ ကျွန်မ တစ်ယောက်တည်းစိတ်နဲ့ ဆုံးဖြတ်ချက်ချလို့ မရဘူး။ ချန်ဟွမ်း ပြန်လာရင် ကျွန်မ သူ့ကို ပြောပြလိုက်ပါ့မယ်။ ပြီးတာနဲ့ ရှင့်ကို ကျွန်မတို့ဘက်က အဖြေပြန်ပြောမယ်။ ”
စုယန်ယန် သူ့ကို ချက်ချင်းကြီး မငြင်းလိုက်ခြင်းကပင် ဟောက်ရှောက်ဖုန်းအတွက် ရလဒ်ကောင်း တစ်ခုပါ။ ဒါပေမဲ့ သူ သူမစကားကို ကြားသည်နှင့် ပါးစပ်အကျင့်ပါနေစွာ ပြောလိုက်မိပါသည်။ “ သူက မင်းကို သည်းသည်းလှုပ် ချစ်တယ် ဆိုပြီး မင်းပဲ ပြောထားတာ မဟုတ်ဘူးလား။ ဒီလို ဆုံးဖြတ်ချက် သေးသေးလေးကိုတောင် မင်းဘာသာမင်း ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိဘဲနဲ့ သူ့ကို မေးနေရသေးတာလား။ ”
“ စကားကို ကြည့်ပြော။ သူ ရှင်နဲ့ ပူးပေါင်းချင်လား ၊ မပူးပေါင်းချင်ဘူးလား ဆိုတာ သူ့ကို မေးရမှာပဲ ၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို ချက်ချင်း ငြင်းလိုက်ရင်တော့ သူ့ကို မေးစရာ မလိုတော့ဘူးပေါ့။ ” စုယန်ယန်က ဟောက်ရှောက်ဖုန်းကို အေးစက်စွာ စိုက်ကြည့်ပြီး သတိပေးလိုက်သည်။ “ ဘယ်သူက ဘယ်သူ့ဆီမှာ အကူအညီတောင်းနေတာလဲ ဆိငတာ မမေ့နဲ့။ ဧည့်သည်ကို ပြန်ပို့ပေးလိုက်ပါ ဦးလေးကျန်း။ ”
ဟောက်ရှောက်ဖုန်းက စုယန်ယန်ရဲ့ စကားကြောင့် ထောင်းခနဲ ဒေါသထွက်သွားသည်။ သူ့ကို ယဉ်ယဉ်ကျေးကျေး နှင်ထုတ်ဖို့အတွက် ဦးလေးကျန်းနှင့် တခြား လူတွေကို မလိုအပ်ပါ။ သူ ချက်ချင်းပဲ ချာခနဲ လှည့်ထွက်လာခဲ့လိုက်၏။
သို့သော်လည်း သူ ဟောက်အိမ်တော်ထဲက ထွက်လာခဲ့ပြီးနောက် အတွေး တစ်ခုကို တွေးမိသွားပုံပေါ်သည်။ သူ ခဏ ရပ်ပြီး ဟောက်အိမ်တော်ကို စူးစိုက် ကြည့်ရင်း သူ့မျက်လုံးထဲမှာ ခံစားချက်များစွာ ယှက်ပြေးသွားသည်။
ဒါပေမဲ့ အဆုံးသတ်မှာတော့ သူ ဘာမှ မပြောဘဲ အမြန် လှည့်ထွက်လာခဲ့လိုက်ပါသည်။
720 02
အိမ်ကို ဟောက်ရှောက်ဖုန်း ရောက်လာပြီး သူ့မိန်းမကို ရှာသွားသော သတင်းကို ဟောက်ချန်ဟွမ်း ကြားသောအခါ အမြန်ဆုံး အိမ်ပြန်ပြေးလာခဲ့လေသည်။
စုယန်ယန်ကတော့ ဟောက်ချန်ဟွမ်း အိမ်စောစောပြန်လာတာကို မအံ့ဩဘဲ ရွှတ်နောက်နောက် အပြုံးလေးဖြင့် “ အလုပ်ရှင်ကိုယ်တိုင်က အလုပ်ဆင်းချိန် မရောက်သေးဘဲနဲ့ အလုပ်ဆင်းလာတယ်။ ဝန်ထမ်းတွေပါ သူ့ကို ကြည့်ပြီး အကျင့်ပျက်သွားရင် ဘယ့်နှယ့် လုပ်မလဲ။ ” ဟု ပြောလိုက်၏။
“ သူတို့ မလုပ်ရဲပါဘူး။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ခေါင်းစခြေဆုံး သေချာ ကြည့်နေသည်။ သူမရော ၊ ကလေးပါ အဆင်ပြေတာ သေချာတော့မှ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး တိတ်တိတ်လေး ချလိုက်ပါသည်။
“ သူတို့ မလုပ်ရဲရင်တောင် ရှင်က အလုပ်ရှင် ဖြစ်ပြီး မကောင်းတာကို ရှေ့ဆောင်လမ်းပြ လုပ်လို့ မရဘူးလေ။ ရှင့်ကို အပြစ်ပေးတဲ့အနေနဲ့ ဒီည ရှင် စားဖိုမှူးနဲ့တူတူ ပေါက်စီ လုပ်ရမယ် ၊ ပြီးရင် အဲ့ပေါက်စီတွေကို မနက်ဖြန်ကျ ကုမ္ပဏီကို ယူသွားပြီး ဝန်ထမ်းတွေကို တောင်းပန်လိုက်။ ”
“ ရတယ်။ ” ဟောက်ချန်ဟွမ်းက ဘာမှ တွေးမနေဘဲ ခေါင်းညိတ်ပြကာ စုယန်ယန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်း၍ သက်ပြင်းရှိုက်လျက် ပြောလိုက်သည်။ “ ဟောက်ရှောက်ဖုန်း မင်းကို လာရှာတယ်လို့ ကြားတော့ ကိုယ် စိုးရိမ်သွားတာ။ ”
“ ဘာကို စိုးရိမ်တာ … ။ အိမ်မှာ လူတွေ အများကြီး ရှိပါတယ် ၊ သူ ကျွန်မကို ဘာလုပ်နိုင်မှာမို့လို့လဲ .. မဟုတ်မှလွဲရော … ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို သေချာ ကြည့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ သူနဲ့ ကျွန်မ နှစ်ယောက်တည်း တွေ့တာကို ရှင် သဝန်တိုနေတာလား။ ”
++++++