← Chapters

အခန်း ၇၂၁

Vol. 49 Ch. 721

အခန်း ၇၂၁

Vol. 49 Ch. 721

အခန်း ( ၇၂၁ ) ထောင်ချောက်ဆင်ခံရခြင်း။

သူမက ဟောက်ရှောက်ဖုန်းနှင့် တစ်ချိန်တုန်းက စေ့စပ်ခဲ့ဖူးပါသည်။ သူ့ဘက်က ထုတ်မပြောလျှင်တောင် ထိုအတွေးက သူ့ခေါင်းထဲမှာ တစ်ချိန်လုံး ရှိနေခဲ့တာပါ။

ဟိုးအရင်တုန်းကတော့ ဟောက်ချန်ဟွမ်းသည် သူ့ကိုယ်သူ ချို့ယွင်းချက်တွေ အပြည့်နှင့် လူလို့ ခံယူထားခဲ့တာမို့လို့ သူမကို သဘောကျနေကြောင်း မပြောရဲခဲ့ပေမဲ့ အဆုံးသတ်မှာ သူမဘက်ကပဲ ပထမဆုံး ခြေလှမ်းကို စတင်ခဲ့လေသည်။ အခုတော့ သူက လူကောင်းပကတိ ပြန်ဖြစ်သွားပြီမို့ သဝန်တိုခြင်းလို ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်လည်း ရသွားပါပြီ။

ဟောက်ရှောက်ဟွမ်းက သူ့အတွေးတွေကို စုယန်ယန် သိသွား၍ နည်းနည်းလေး ရှက်သွားသည်။ သူ ချက်ချင်းပဲ စကားလမ်းကြောင်းကို အတင်း ပြောင်းလိုက်၏။ “ မင်းတို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။ ”

“ သူတို့ ရှင့်ကို ပြန်ပြောမပြဘူးလား။ ”

စုယန်ယန် ပြောတဲ့ ‘ သူတို့ ’ ဆိုတဲ့ နာမ်စားက ဦးလေးကျန်းနှင့် အိမ်မှာ ရှိတဲ့ သက်တော်စောင့်တွေကို ရည်ညွှန်းတာ ဖြစ်သည်။

ထိုလူတွေက စုယန်ယန်ကို ကာကွယ်ရုံသာမက စုယန်ယန်ရဲ့ အိမ်က အခြေအနေတွေ အကုန်လုံးကိုလည်း ဟောက်ချန်ဟွမ်းဆီ နေ့တိုင်း တင်ပြရပါသေးသည်။

စုယန်ယန်က သူ သူမကို စိုးရိမ်နေမှန်း သိသောကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ ဘာမှ ထွေထွေထူးထူး မပြောခဲ့။

ဟောက်ချန်ဟွမ်းက ခဏလောက် နှုတ်ဆိတ်သွားပြီးမှ တိုးလျစွာ ပြောလိုက်သည်။ “ ကိုယ်က မင်း ပြောတာပဲ ကြားချင်လို့ပါ။ ”

“ တကယ်တော့ ကျွန်မတို့ စကားတွေလည်း အများကြီး မပြောဖြစ်ပါဘူး။ ဒီတိုင်းပဲ … ” စုယန်ယန်က ဟောက်ရှောက်ဖုန်း ပြောခဲ့တဲ့ အကြောင်းတွေ အကုန်လုံးကို ပြန်ပြောပြပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ “ ဟောက်ချီဟန်က ဟောက်ရှောက်ဖုန်းကို တစ်ခုခု လုပ်ထားတာလား။ သူ့ကြောင့် ဟောက်ရှောက်ဖုန်းက ကျွန်မတို့ဆီ လာပြီး သူနဲ့ ပူးပေါင်းပေးဖို့ တောင်းဆိုတဲ့အထိပဲ။ ”

အမှန်အတိုင်း ပြောရလျှင် ဟောက်ရှောက်ဖုန်း သူတို့ဆီကို ရုတ်တရက်ကြီး ရောက်လာပြီး သူနှင့် ပူးပေါင်းပေးဖို့ တောင်းဆိုတာက သူမကို နည်းနည်းတော့ ထိတ်လန့်သွားစေခဲ့ပါသည်။

ဘယ်အရာက လွဲချော်နေမှန်း မသိပေမဲ့ သူမ အချိန်ကြာမြင့်စွာ စိတ်ဝင်တစား နားစွင့်နေခဲ့တဲ့ ထိုမိသားစုအရှုပ်တော်ပုံရဲ့ အပိုင်းဆက် တချို့ကို လွတ်သွားသလို ခံစားရသည်။

သေချာ စဉ်းစားကြည့်လိုက်တော့လည်း နားမလည်နိုင်စရာ အချက်တွေ အများကြီး ရှိနေ၏။

“ လုပ်ထားတာမှ တော်ရုံတန်ရုံ မဟုတ်ဘူး။ ”

“ တော်ရုံတန်ရုံ မဟုတ်ဘူး … ” စုယန်ယန် မျက်ခုံးပင့်လိုက်မိပါသည်။ “ သူ ဘာလုပ်လို့လဲ။ ”

“ သူ ဟောက်ရှောက်ဖုန်းတို့သားအမိကို အိမ်ပေါ်က မောင်းချပြီး သူတို့ကို သတ်ဖို့ အဖွဲ့ တစ်ဖွဲ့တောင် ငှားလိုက်သေးတယ်။ ”

စုယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဟောက်ရှောက်ဖုန်း သူမတို့ဆီ ရောက်လာကာ သူ့အဖေကို သတ်ပေးဖို့ အကူအညီတောင်းခြင်းကပင် စိတ်လှုပ်ရှားစရာကောင်းလှပြီလို့ ထင်မှတ်ထားခဲ့ပေမဲ့ ဒါကြီးက ပိုပြီးတော့တောင် …

“ သူ ရူးသွားတာလား။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ဟောက်ရှောက်ဖုန်းတို့သားအမိက သူ့မိန်းမနဲ့ သူ့သားပဲလေ။ သူတို့တွေ တစ်ယောက်အပေါ် တစ်ယောက် မိသားစုသံယောဇဉ် မရှိတော့ဘူး ဆိုရင်တောင် ဒီလောက်ကြီးကတော့ … ” ဟောက်ချီဟန်က ကိုယ့်မိန်းမနှင့် ကိုယ့်သားကို ပြန်သတ်ဖို့ စီစဉ်နေတာပါ။

ဟောက်ချန်ဟွမ်းလည်း ထိုကိစ္စကို သိပ်နားမလည်နိုင်ပါ။ ဟောက်ချီဟန်အကြောင်းကို သူ နားလည်သလောက်တော့ ဟောက်ချီဟန်က အဲ့လောက် ရက်စက်တဲ့ လူမျိုး မဟုတ်။ တကယ်လို့ သူသာ အဲ့လောက်ထိ သတ္တိရှိရင် နှစ်တွေ အများကြီး ကြာတဲ့အထိ ဟောက်မိသားစုက တစ်နေရာတည်းမှာပဲ ပိတ်မိနေမှာ မဟုတ်ပါ။

“ နေဦး။ ” စုယန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ “ ဟောက်ရှောက်ဖုန်းက အမှန်အတိုင်း ပြောသွားတာများလား။ သူ့မှာ ဟောက်ချီဟန်ရဲ့ လူသိခံလို့ မရတဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေတွေ တကယ် ရှိနေတာ ထင်တယ်။ ”

“ ဖြစ်နိုင်ချေက အဲ့တစ်ခုပဲ ရှိတယ်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို မော့ကြည့်ပြီး စကားလုံး အသုံးအနှုန်းကို သေချာ သတိထား ရွေးချယ်၍ ဂရုတစိုက် ပြောလိုက်သည်။ “ တကယ်တော့ တခြား ကိစ္စ တစ်ခုအ‌ကြောင်းကိုလည်း သူ ပြောသွားသေးတယ်။ ”

“ ဘာအကြောင်းလဲ။ ”

“ ရှင့်အဖေနဲ့ အမေရဲ့ သေဆုံးမှုနောက်ကွယ်က အမှန်တရားကို သူ သိတယ်တဲ့။ ”

ထိုစကားကို ကြားသည်နှင့် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ မည်းမှောင်သွားသည်။

စုယန်ယန်သည် ရင်ထဲမှာ ထိတ်ခနဲ တုန်လှုပ်သွားပြီး အလောတကြီး မေးလိုက်မိလေသည်။ “ အဖေနဲ့ အမေက အက်ဆီးဒင့်ကြောင့် ဆုံးသွားတာ မဟုတ်ဘူးလား။ ”

“ မဟုတ်ဘူး။ တစ်ယောက်ယောက်က သူတို့ကို ထောင်ချောက်ဆင်ခဲ့တာ။ ”

“ ထောင်ချောက်ဆင်ခဲ့တာ .. ဟုတ်လား။ ဘယ်သူ လုပ်တာလဲ။ ”

ဟောက်ချန်ဟွမ်း ခေါင်းခါပြလိုက်၏။ အဲ့ဒီတုန်းက သူ့မိဘတွေ တစ်ယောက်ပြီး တစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကာ တစ်မိသားစုလုံး ငရဲခန်း ဖြစ်ခဲ့ရသည်။ သူကိုယ်တိုင်ကလည်း ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိနေတာမို့ သူ့မိ‌ဘတွေရဲ့ သေဆုံးမှုက အက်ဆီးဒင့်လား ၊ လုပ်ကြံမှုလား ဆိုတာ စုံစမ်းဖို့ အင်အား မရှိခဲ့။

သူ နည်းနည်းလေး သက်သာလာပြီး ဒီကိစ္စက ထင်သလောက် မရိုးရှင်းမှန်း သိသွားချိန်မှာတော့ ခြေရာလက်ရာတွေ အကုန်လုံးလည်း လက်စဖျောက်ခံလိုက်ရပြီ ဖြစ်ကာ လက်ဆုပ်လက်ကိုင်ပြစရာ ဘာသက်သေမှ မကျန်တော့ပါ။

All Chapters