အခန်း ၇၂၃
Vol. 49 Ch. 723
အခန်း ( ၇၂၃ ) နီးစပ်သော ဆွေမျိုးများ။
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ပြန်ဖက်ရင်း တိုးလျစွာ သက်ပြင်းရှိုက်လိုက်သည်။ “ ကိုယ့်မိဘတွေရဲ့ သေဆုံးမှုအတွက် သူ့ကို အပြစ်တင်ခဲ့မိတယ်။ သူ့ကြောင့် ကိုယ့်မိဘတွေ သေတာလို့ ထင်ခဲ့တယ်။ နောက်ပိုင်းကျတော့ သူလည်း အဲ့အလုပ်ကနေ ထွက်ပြီး နိုင်ငံခြားကို တစ်ယောက်တည်း ထွက်သွားတယ်။ ကိုယ် သူ့ကို မုန်းသွားပြီလို့ ထင်သွားတာ ဖြစ်မယ် ထင်တယ်။ အဲ့ဒီအချိန်ကတည်းက သူ ပြန်မလာတော့ဘူး။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ဝမ်းနည်းနေသော အကြည့်လေးကို ကြည့်ရင်း သူ့ကိုယ်သူ အပြစ်တင်လိုက်၏။ “ ကိုယ့်ကို ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ လူလို့ မင်း မထင်ဘူးလား။ ကိုယ် သူ့ကို အဲ့ကိစ္စအတွက် အပြစ်တင်တာ လုံးဝ မတရားဘူးလေ … ”
ဟောက်ချန်ဟွမ်းရဲ့ ဦးလေးကို ရန်သူတွေက လက်စားချေချင်တာကြောင့် သူ့မိဘတွေကို လုပ်ကြံလိုက်တယ် ဆိုတာက သိပ်မသေချာ မရေရာဘူး ဆိုတဲ့ အချက်ကို ခဏ ဖယ်ထားလိုက်ဦး ၊ တကယ်ပဲ အဲ့လို ဖြစ်နေရင်တောင်မှ သူ သူ့ဦးလေးကို အပြစ်မတင်သင့်ပါ။
ဟောက်ချန်ဟွမ်းလည်း အဲ့ဒါကို နားလည်တာမို့ တဖြည်းဖြည်း သွေးအေးတည်ငြိမ်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ် နောင်တရသွားခဲ့ပါသည်။
ဒါပေမဲ့ ထိုအချိန်တုန်းက သူ့စိတ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ရှိနေပြီး မျှော်လင့်ချက်ကင်းမဲ့တဲ့ လမ်းဆုံး တစ်ခုဆီ လျှောက်သွားနေမိသလို ခံစားခဲ့ရသည်။
တကယ်လို့ သူ့ဦးလေးသာ ထိုအလုပ်ကို မလုပ်ခဲ့လျှင် ထိုလူတွေကိုလည်း ရန်စမိခဲ့မှာ မဟုတ်။ သူ့မိဘတွေနှင့် သူလည်း ထိုလူတွေရဲ့ ကလဲ့စားချေခြင်းမှာ ပစ်မှတ် တစ်ခု ဖြစ်လာခဲ့မှာ မဟုတ်။
သူ့ဦးလေးကို ဒီကိစ္စအတွက် အပြစ်တင်လို့ မရကြောင်း တဖြည်းဖြည်း နားလည်သွားချိန်မှာတော့ တကယ်လို့ သူ့မိဘတွေသာ သူ့မွေးနေ့ပွဲကို ကျင်းပဖို့ အမြန် ပြန်မလာခဲ့လျှင် ထိုလူတွေနှင့် တွေ့မှာ မဟုတ်ဘူးလို့ ခံစားလာရသည်။
သူ့မိဘတွေရဲ့ သေဆုံးမှုအတွက် သူ့ဦးလေးက တာဝန်ရှိတယ် ဆိုရင် သူကရော တာဝန်မရှိဘဲ နေမတဲ့လား။
စုယန်ယန်က ထိုစကားကို ကြားသောအခါ ဦးလေးကျန်း ပြောခဲ့ဖူးသော စကားကို ချက်ချင်း ပြန်သတိရသွားပြီး ဟောက်ချန်ဟွမ်းရဲ့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။
“ ရှင် မမှားသလို ရှင့်ဦးလေးလည်း မမှားဘူး။ မှားတဲ့ လူတွေက ရှင့်အဖေနဲ့ အမေကို သတ်ခဲ့တဲ့ လူတွေ။ သူတစ်ပါးရဲ့ အမှားအတွက် ရှင့်ကိုယ်ရှင် အပြစ်တင်ပြီး စိတ်ဒုက္ခမပေးပါနဲ့။ အဲ့ဒါက ဟိုလူတွေရဲ့ ဆိုးဝါးယုတ်မာတဲ့ စိတ်ကို ပိုပြီး မိုက်သွေးကြွလာစေရုံပဲ ရှိမှာ ၊ ပြီးတော့ ရှင့်ကို ချစ်တဲ့ လူတွေကိုလည်း ဝမ်းနည်းစေလိမ့်မယ်။ ”
ဟောက်ချန်ဟွမ်းက အကြာကြီး နှုတ်ဆိတ်သွားပြီးမှ ခပ်တိုးတိုး ရယ်လိုက်၏။ “ မင်း ပြောတာ မှန်တယ်။ ”
“ သူ ဒီနိုင်ငံက ထွက်သွားပြီးကတည်းက တစ်ခါမှ ပြန်မလာဘူးလို့ ရှင်ပဲ ပြောတာနော်။ ဒါဆို အရင်တစ်ခေါက်တုန်းက ရှင် ပြောတဲ့ ဟိုတယ်က … ”
“ ကိုယ့်ဦးလေးရဲ့ လုပ်ငန်း အများစုက နိုင်ငံခြားမှာပဲ ရှိတာ မှန်ပါတယ် ၊ ဒါပေမဲ့ ဒီနိုင်ငံမှာလည်း တခြား လုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ ကိုယ် ပြောဖူးတဲ့ ဟိုတယ်က ကိုယ့်ဦးလေးရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှု မဟုတ်ဘူး။ ကိုယ် လော့ပေါင်ကမ်းကို ကာကွယ်ဖို့ လွှတ်လိုက်တဲ့ လူတွေကလည်း ပြောရရင် သူ့လူတွေပဲ။ ”
ဟောက်ချန်ဟွမ်းက စကား ခဏ ရပ်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ “ သူ ဟိုအလုပ်ကနေ အနားယူလိုက်တဲ့နောက်ပိုင်း သူ့လူတွေ တော်တော်များများကိုလည်း နိုင်ငံခြားကို တစ်ခါတည်း ခေါ်သွားတယ် ၊ ဒါပေမဲ့ ကိုယ့်ဘေးမှာ အမြဲတမ်း အဆင်သင့် ရှိပေးနိုင်မယ့် နောက်ထပ် အဖွဲ့ တစ်ဖွဲ့ကိုလည်း လေ့ကျင့်ပေးခဲ့တယ်။ ”
စုယန်ယန် ဆွံ့အသွား၏။ “ ရှင် မသေသေးတာကို ဟိုလူတွေ သိသွားပြီး လက်စားချေဖို့ ပြန်လာမှာကို သူ စိုးရိမ်နေတာလား။ ”
“ … ဟုတ်တယ်။ ”
ဒီတူဝရီး နှစ်ယောက်ရဲ့ ဆက်ဆံရေးက မပြေလည်တာမို့ သူတို့ကြားထဲ သူမ ကြားညှပ်မှာကို စိုးရိမ်မိခဲ့ပေမဲ့ အခုတော့ ကြည့်ရသလောက် ဟောက်ချန်ဟွမ်းရဲ့ ဦးလေးက နိုင်ငံခြားမှာ ပုန်းခိုနေတာတောင်မှ သူ့တူကို အစိုးရိမ်မပျက်ပေ။ အပြစ်တင်ခံခဲ့ရတာတောင်မှ သူ့တူရဲ့ ဘေးကင်းလုံခြုံရေးကို ရှေ့တန်းတင်ထားဆဲ။
ကျန်တစ်ယောက်ကလည်း နောင်တရနေတာ ကြာခဲ့ပြီ ဆိုပေမဲ့ နှစ်တွေ အများကြီး ကြာသွားပြီးနောက် မာနတွေ ပေါင်းစပ်လိုက်သောအခါ အစိုင်အခဲဟောင်းတွေပို ဘယ်လို ချေဖျက်ရမှန်း မသိတော့ပါ။
“ ဒီလို လုပ်ရင်ရော ဘယ်လိုလဲ။ ဦးလေး ပြန်ရောက်ရင် ကိုယ် သူ့ကို ကြိုဆိုတဲ့အနေနဲ့ သူ့အတွက် စားသောက်ပွဲ တစ်ပွဲ ပြင်ဆင်ထားလိုက်မယ်။ အကုန်လုံး ထမင်းအတူ စားရင်း စကားပြောကြမယ်။ မိသားစုကြားထဲမှာ ဘယ်လို အစိုင်အခဲတွေကိုမှ မထားတော့ဘူး။ အချိန်တွေလည်း ကြာခဲ့ပြီ ၊ အရင်တုန်းက ကိစ္စတွေကို မေ့ပစ်လိုက်ဖို့ အချိန်ကျပြီ။ ”
စုယန်ယန်က ရုတ်တရက် မေးလိုက်သည်။ “ ရှင့်အမေနဲ့ ရှင့်ဦးလေးကတော့ ဆက်ဆံရေး အဆင်ပြေမယ် ထင်တယ်နော်။ ”
“ အင်း ၊ သူတို့မောင်နှမကတော့ တစ်ယောက်ကို တစ်ယောက် တော်တော်လေး ချစ်ကြတယ်။ ”
“ ရှင့်အမေသာ ရှိသေးရင်လည်း ရှင်တို့ နှစ်ယောက်ကို အခုလိုမျိုး မြင်ချင်မှာ မဟုတ်ဘူး။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ တောက်ပသွားပြီး “ အင်း … ” ဟု တိုးတိုးလေး ပြန်ပြောလိုက်၏။
“ ဒါဆို ဒီကိစ္စ အဆင်ပြေသွားပြီနော်။ ရှင့်ဦးလေး ဘယ်လို ဟင်းမျိုးတွေကို ကြိုက်တတ်လဲ ၊ အထူးတလည် ကြိုက်တတ်တဲ့ အရသာမျိုး ရှိလား ဆိုတာ သွားမေးကြည့်ထားလိုက်ပါ။ သူ ကြိုက်တဲ့ ဟင်းတွေကို ကျွန်မ ကြိုပြီး ပြင်ထားလိုက်မယ်။ ”