← Chapters

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း ( ၇၂၆ ) ပုံမှန် မဟုတ်တဲ့ ဆက်ဆံရေး။

စုယန်ယန် အံ့ဩသွားသည်။ လင်းရှောင်ချီးကို လူ တစ်ယောက်ကို ထောင်ထဲ ချက်ချင်း ထည့်ချင်လောက်တဲ့ထိ ဆုံးဖြတ်ချက်ပြတ်သားလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဒါပေမဲ့ တစ်ခု ဆိုးတာက …

“ သိပ်မလွယ်မှာ ငါ စိုးရိမ်တယ်။ ဘာပဲပြောပြော နင်နဲ့ သူနဲ့က သွေးသားတော်စပ်နေတဲ့ သားအဖလေ။ နင် ရဲစခန်းကို ဖုန်းဆက်လိုက်ရင် သူက ပြောစကားနားမထောင်တဲ့ သားသမီးဆိုး တစ်ယောက်နဲ့ ပြဿနာတက်နေတာပါလို့ ပြန်ပြောလိုက်လို့ ရတယ်။ သူ့လုပ်ရပ်က နည်းနည်းလေး တရားလွန်နေရင်တောင် ရဲစခန်းဘက်က အဲ့ဒါကို လက်ခံပေးလို့ ရတယ်လို့ ယူဆလိမ့်မယ်။ နောက်ဆုံးကျ ရဲစခန်းဘက်က ဒီကိစ္စကို မိသားစုပြဿနာလို့ ယူဆပြီး ဖျန်ဖြေပေးဖို့ပဲ ကြိုးစားလိမ့်မယ်။ သူ့ကို ဘာမှ ထိထိရောက်ရောက် အရေးယူမှာ မဟုတ်ဘူး။ ”

အခုခေတ်မှာ မိန်းကလေးတွေ လမ်းပေါ်မှာ လမ်းလျှောက်ရင်း လူကုန်ကူးသမားတွေဆီမှာ အဖမ်းခံရရင်တောင် လူကုန်ကူးသမားတွေက တစ်ဖက် မိန်းကလေးကို သူတို့ရဲ့ ချစ်သူကောင်မလေးနှင့် လူမှားသွားတာပါဟု လိမ်ပြောလေ့ ရှိသည်။

သွေးသားတော်စပ်နေတဲ့ လင်းရှောင်ချီးနှင့် ချင်ဖန်သဲ့တို့သားအဖကိုတော့ ပြောနေစရာပင် မလို။ လူသေဆုံးမှု မဖြစ်သေးသရွေ့ သူ့ကို တရားစွဲဖို့ ၊ ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မည်။

တကယ်တမ်းမှာ လင်းရှောင်ချီးလည်း အဲ့ဒါကို သိပေမဲ့ သိပ်လက်မခံချင်ပါ။ တချို့ မိဘတွေဟာ ကိုယ်နှင့် ဘာမှ သွေးသားမတော်စပ်တဲ့ သူစိမ်းတွေလောက်တောင် ကိုယ့်အပေါ် မကောင်း။

တစ်ဖက်လူက သူမကို အန္တရာယ်ပေးဖို့ ရောက်လာမှန်း သိတာတောင် သွေးသားတော်စပ်နေတယ် ဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုတည်းနှင့် သူတို့ ပြုသမျှ နုရမည့် အခြေအနေကို လုံးဝ ရောက်သွားရသည်။ ဘယ်လောက်တောင် မတရားလိုက်သလဲ။

သို့သော်လည်း သူမ အဲ့ဒီလို မေးခွန်းမျိုး မေးပြီ ဆိုကတည်းက အဖေဖြစ်သူအပေါ် ဘာခံစားချက်မှ မကျန်တော့ဘဲ လက်တုံ့ပြန်ချင်စိတ် တစ်ခုတည်းသာ ကျန်တော့တာ အသိအသာပင်။

“ ကဲပါ … တအားကြီး ဒေါသထွက်မနေနဲ့တော့။ ”

ရဲစခန်းကို ဖုန်းဆက်ပြီး သူ့ကို ထောင်ချလို့ မရပေမဲ့ သူ့ကို ဘာမှ လုပ်လို့ မရတာတော့ မဟုတ်။

“ နင် ဒီနေ့ တော်တော်လေး ကြောက်သွားမှာပဲ ၊ အဲ့ဒါကြောင့် အရင်ဆုံး ကောင်းကောင်း နားလိုက်။ မနက်ဖြန်ကျ ငါတိုဘ အဲ့အကြောင်း တစ်ချက် ပြန်ဆွေးနွေးပြီး နင့်ဒေါသတွေကို စိတ်ဖြေနိုင်အောင် ကူညီပေးမယ် .. ဟုတ်ပြီလား။ ”

“ အင်း။ ”

လင်းရှောင်ချီး တစ်ယောက် ဖြည်းဖြည်းချင်း စိတ်ငြိမ်လာတာကို မြင်တော့မှ စုယန်ယန်လည်း ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်သည်။ “ နင် ဒီတစ်ညတော့ ငါတို့နဲ့ပဲ နေလိုက်ပါ။ မနက်ဖြန်ကျမှ အိမ်ပြန်ရင် ပြန်ပေါ့။ ”

လင်းရှောင်ချီးက ခေါင်းခါပြသည်။ “ ဟင့်အင်း။ ငါ နေရာပြောင်းပြီးပြီပဲ ၊ သူလည်း ငါ အခု ဘယ်မှာ နေ,နေတယ် ဆိုတာ မသိလောက်ပါဘူး။ ပြီးတော့ ဟွားဟွားက အိမ်မှာ ကျန်ခဲ့တာ ၊ ငါ သူ့ကို တစ်ယောက်တည်း စိတ်ချပြီး မထားခဲ့နိုင်ဘူး။ ”

“ အဲ့ဒါဆိုလည်း ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်သည်နှင့် ဟောက်ချန်ဟွမ်းက သူမအကြည့်ကို ချက်ချင်း သဘောပေါက်သွားသည်။ “ ငါ မင်းရဲ့ အိမ်ကို စောင့်ကြည့်ဖို့ လူတွေ ထပ်ငှားထားလိုက်မယ်။ ”

လင်းရှောင်ချီးရဲ့ နှလုံးသားထဲမှာ နွေးထွေးသွားပြီး စုံတွဲလေးရဲ့ ကြင်နာမှုကို ခေါင်းညိတ် လက်ခံလိုက်လေသည်။

သူမ အိမ်ပြန်ဖို့ နေရာမှ ထလိုက်တော့ နျဉ်စစ်ယွမ်ကလည်း ပြိုင်တူ ထရပ်သည်။

“ ကျွန်တော်လည်း ပြန်ပြီး ချီလွေ့ကို ဂရုစိုက်ပေးလိုက်ဦးမယ် ၊ အဲ့ဒါမှ မိန်းကလေးစုအတွက် အလုပ်ရှုပ် သက်သာမှာ။ ”

ဟောက်အိမ်တော်ကနေ ရှေ့ဆင့်နောက်ဆင့် ပြန်သွားသော ဧည့်သည်တွေရဲ့နောက်ကို စုယန်ယန်ရဲ့ အကြည့်က ငြိတွယ်ကပ်ပါသွား၏။

ခပ်လှမ်းလှမ်းကနေ ကြည့်ရသလောက် နျဉ်စစ်ယွမ်က လင်းရှောင်ချီးကို တစ်ခုခု ပြောနေပုံရပြီး သူတို့ နှစ်ယောက်လုံး ခုနတုန်းက ကားထဲကိုပဲ အတူတူ ဝင်သွားခဲ့ကြသည်။

စုယန်ယန် : “ ??? ”

“ ဘာဖြစ်လို့လဲ။ ” ဟောက်ချန်ဟွမ်းက သူတို့ နှစ်ယောက်ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတဲ့ စုယန်ယန်ကို သတိထားမိသွားသည်။

“ နျဉ်စစ်ယွမ်ရဲ့ ကျွန်မတို့ရှောင်ချီးအပေါ် ဆက်ဆံပုံက ပုံမှန် မဟုတ်ဘူးလို့ ရှင် ခံစားရလား။ ”

“ သူတို့ နှစ်ယောက်က သာမန်ဆက်ဆံရေး မဟုတ်ဘူးလား။ ”

“ မဟုတ်ဘူးလေ ၊ ရှင် ဘယ်လို ထင်လဲလို့ မေးတာ။ ”

စုယန်ယန်သည် ခင်ပွန်းဖြစ်သူနှင့် တစ်ယောက်ကို တစ်ယောက် ခဏကြာကြာ စိုက်ကြည့်နေပြီးမှ အဟမ်း အဟမ်းဟု ချောင်းဟန့်ရင်း “ ကျွန်မဘာသာ စိတ်ထင်တာလည်း ဖြစ်နိုင်ပါတယ်လေ။ ” ဟု ပြန်ပြောလိုက်၏။

ပါးစပ်ကသာ ထိုသို့ ပြောလိုက်သော်လည်း စုယန်ယန်ရဲ့ ဆဌမအာရုံကတော့ သူမကို စတင် အချက်ပေးနေပါပြီ။ အရေးပါတဲ့ တစ်စုံတစ်ရာက သူမဆီကနေ ဖြည်းဖြည်းချင်း စွန့်ခွာထွက်သွား‌နေသလို ခံစားရသည်။

ချင်ဖန်သဲ့ရဲ့ လင်းရှောင်ချီးကို ပြန်ပေးဆွဲပြီး C မြို့တော်ကို သူနှင့်အတူ ခေါ်သွားဖို့ အစီအစဉ်ကတော့ မအောင်မြင်ခဲ့ပေ။ ဒီဖြစ်ရပ်အပြီးမှာ သူ့သမီးရဲ့ နှလုံးသားထဲက အဖေဖြစ်သူအပေါ် ထားတဲ့ နောက်ဆုံးလက်ကျန် ချစ်ခင်စိတ်လေးတွေလည်း လုံးဝ ပျောက်ပြယ်သွားပြီ ဆိုတာ သူ သိသည်။

ဟိုတယ်ကို ပြန်ရောက်တော့ အခန်းထဲမှာ ရှိသမျှ ပစ္စည်းတွေ အကုန်လုံးကို ဒေါသပေါက်ကွဲစွာ ပစ်ပေါက်ရိုက်ခွဲမိသည်။ လင်းရှောင်ချီးကို ကာကွယ်ပေးနေတဲ့ သက်တော်စောင့်တွေနှင့် သူမကို ကယ်ထုတ်ပေးသွားတဲ့ လူက ဘယ်သူတွေလဲ ဆိုတာ စုံစမ်းဖို့လည်း သူ့လူတွေကို မှာထားပြီးပြီ။

လင်းရှောင်ချီးက ချစ်သူ မရှိတဲ့ တစ်ကိုယ်တည်းသမား ဖြစ်ပြီး ဒီနှစ်တွေ တစ်လျှောက်လုံးမှာ အမေဖြစ်သူနှင့် သားအမိ နှစ်ယောက်တည်း ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတယ် ဆိုတာကို သူ သေချာ စုံစမ်းထားပြီးသားပင်။ သူမလို လူမျိုးက နောက်ခံအင်အားတောင့်တဲ့ လူတွေနှင့် ပတ်သက်သိကျွမ်းဖို့ ဖြစ်နိုင်ချေ မရှိ။ ရုတ်တရက်ကြီး သူ မချုပ်ကိုင်နိုင်တဲ့ ကိစ္စတွေ ဘယ်လိုလုပ် အများကြီး ပေါ်လာရတာလဲ။ စိတ်ပျက်စရာကောင်းလိုက်တာ … ။

All Chapters