← Chapters

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း ၇၂၇

Vol. 49 Ch. 727

အခန်း ( ၇၂၇ ) ဦးလေး ရောက်ရှိလာခြင်း။

ချင်ဖန်သဲ့သည် လင်းရှောင်ချီးမှာ သူမကို ကာကွယ်ပေးနိုင်တဲ့ သူငယ်ချင်းတွေ ရှိနေလိမ့်မည်ဟု မထင်ဘဲ နှစ်ပေါင်းများစွာကြာအောင် ကိုယ့်အားကိုယ်ကိုးခဲ့ရတဲ့ ကောင်မလေး တစ်ယောက်ဟာ ဘယ်သူ့ကိုမှလည်း တော်ရုံတန်ရုံ အကူအညီတောင်းမှာ မဟုတ်ဘူးလို့သာ ထင်ထားခဲ့တာ ဖြစ်သည်။

သူမနှင့် စုယန်ယန် ခင်မင်လာတာ ကြာခဲ့ပြီ ဆိုပေမဲ့ သူမအမေ ရုတ်တရက် ရောဂါထ၍ အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်ချိန်မှာပဲ စုယန်ယန်ကို ရှားရှားပါးပါး တစ်ခေါက်လေးသာ အကူအညီတောင်းဖူးသည်။

သို့သော် ကံမကောင်းစွာဖြင့် သူမ စုယန်ယန်ဆီက ပိုက်ဆံချေးခဲ့ပေမဲ့ သူမအမေကတော့ ခွဲစိတ်မှုအပြီး သိပ်မကြာလိုက်ဘဲ ဆုံးပါးကွယ်လွန်သွားခဲ့ပါသည်။

ထိုကိစ္စတွေ ဖြစ်ပြီးနောက်ပိုင်း လင်းရှောင်ချီးသည် သူမရဲ့ ခံစားချက်တွေကို အမြန် ထိန်းချုပ်ကာ အလုပ်ထဲမှာပဲ စိတ်နှစ်ပြီး ကြိုးကြိုးစားစား ပိုက်ဆံရှာခဲ့လေသည်။ နောက်ဆုံးတော့ သူမ တရုတ်နိုင်ငံကို ပြန်မလာဖြစ်သေးခင်မှာပဲ စုယန်ယန်ဆီက ချေးထားတဲ့ ပိုက်ဆံတွေ အကုန်လုံးကို ပြန်ဆပ်နိုင်ခဲ့၏။

ချင်ဖန်သဲ့ကတော့ သူ့အကြံအစည်တွေကို ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မဖော်နိုင်သေးဘဲ အချိန်မရွေး ဒုက္ခရောက်သွားနိုင်သည့် အခြေအနေမှာ ရှိနေရှာသည်။ သူက လင်းရှောင်ချီးကို သူ့အိမ်ကို အတင်းအကျပ် ဖမ်းခေါ်သွားဖို့ နည်းလမ်းတွေကိုတောင် စပြီး စဉ်းစားနေခဲ့ပါပြီ။

သို့သော်လည်း သူ့စိတ်ကူးတွေ အားလုံးဟာ စိတ်ကူးအဆင့်နှင့်ပင် တစ်ခန်းရပ်ပြီး လက်တွေ့ ဖြစ်မလာဖို့ ကံကြမ္မာသတ်မှတ်ခံထားရပြီးသား။

ချင်ဖန်သဲ့က လင်းရှောင်ချီးနှင့် နျဉ်စစ်ယွမ်အကြောင်း စုံစမ်းဖို့ လူတွေ လွှတ်လိုက်ချိန်မှာပဲ C မြို့တော်က လှမ်းဆက်လာတဲ့ ဖုန်းကောလ် တစ်ခုက သူ့အစီအစဉ်တွေ အကုန်လုံးကို ဖျက်ဆီးသွား၏။

ဖုန်းဆက်သူက သူ့ကို ဘာပြောလိုက်တာလဲ ဆိုတာ ဘယ်သူမှ မသိကြပါ။ သူတို့ သိတဲ့ တစ်ခုတည်းသော အရာကတော့ ချင်ဖန်သဲ့ဟာ ညတွင်းချင်းပဲ သူ့တူတွေရဲ့ ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေကို ဖြေရှင်းရန် C မြို့တော်ကို ဒရောသောပါး ပြန်သွားခဲ့တယ် ဆိုတာပါပဲ။

သူ အသေအလဲ ကြိုးစားလျှင်တောင် ဆုံးရှုံးမှုကတော့ သေချာပေါက် ကြီးလိမ့်မည်။ အချိန်ကာလ တစ်ခုထိ သူ လင်းရှောင်ချီးကို ပြဿနာလာရှာဖို့ မဖြစ်နိုင်တော့ပါ။

စုယန်ယန်က ထိုသတင်းကို ကြားတော့ အကျေနပ်ကြီး ကျေနပ်သွားလေသည်။ ချင်ဖန်သဲ့ တစ်ယောက် C မြို့တော်မှာ လိလိမ္မာမ္မာ နေ,နေလျှင် ကိစ္စမရှိပေနဲ့ သူ A မြို့တော်ကို အတင့်ရဲပြီး နောက်တစ်ခေါက် ခြေချလာလျှင်တော့ ဟောက်ချန်ဟွမ်းတောင် ဘာမှ ဝင်ပါစရာ လိုလိုက်မှာ မဟုတ်ဘဲ သူ့လက်တွေကို သူမကိုယ်တိုင် ဖြတ်ပစ်မည်။

ချင်ဖန်သဲ့ကို C မြို့တော်သို့ မောင်းထုတ်လိုက်ပြီးနောက် စုယန်ယန်ရဲ့ စိုးရိမ်ပူပန်မှုတွေလည်း ယာယီ ငြိမ်းအေးသွားကာ ဟောက်ချန်ဟွမ်းရဲ့ ဦးလေးကို ကြိုဆိုမည့် ကြိုဆိုပွဲကို ပြင်ဆင်ဖို့ပဲ အာရုံစိုက်ထားခဲ့သည်။

ဟောက်ချန်ဟွမ်းရဲ့ ဦးလေးရဲ့ မျိုးရိုးနာမည်က ကျန်း ဖြစ်ပြီး နာမည် အပြည့်အစုံကတော့ ကျန်းချန့်ယန် ဖြစ်သည်။ သူ့ပုံစံက အသက် ငါးဆယ်စွန်းစွန်းလောက်ပဲ ရှိဦးမည့်ပုံပေါ်ပြီး တစ်ခါ မြင်ဖူးရုံနှင့် အမြဲတမ်း မှတ်မိနေမည့် မျက်နှာချောချောကို ပိုင်ဆိုင်ထားသည့် လူရည်သန့် အမျိုးသား တစ်ယောက် ဖြစ်၏။

စုယန်ယန် သူ့ကို မြင်သည်နှင့် ‘ သားယောက်ျားလေးတွေက သူတို့ဦးလေးတွေနဲ့ တူတယ် ’ လို့ သူမအမေက ဘာလို့ ပြောတတ်တာလဲ ဆိုတာ နားလည်သွားသည်။

ကျန်းချန့်ယန်ကို ကြည့်ရတာ ဟောက်ချန်ဟွမ်းရဲ့ လူလတ်ပိုင်းအရွယ် ဗားရှင်းကို ကြည့်နေရသလိုပဲ။ သူတို့ နှစ်ယောက်က အနည်းဆုံး ( ၆၀ ) ရာခိုင်နှုန်းကနေ ( ၇၀ ) ရာခိုင်နှုန်းထိ ရုပ်ချင်း ဆင်သော်လည်း ဟောက်ချန်ဟွမ်းနှင့် ယှဉ်လိုက်ပါက တစ်ကမ္ဘာလုံးမှာ စီးပွားရေးလုပ်ငန်းတွေကို ဖြန့်ကျက်ထားသလို အထူး ငှာနချုပ် တစ်ခုမှာလည်း အလုပ်,လုပ်ခဲ့ဖူးတဲ့ သူ့ဦးလေးက ပိုပြီး ရင့်ကျက်တည်ငြိမ်သည်။

နေရာမှာ ဒီတိုင်းလေး ရပ်နေတဲ့ သူ့ပုံစံ‌ကပင် သူ့ကို တခြားလူတွေနှင့် သိသိသာသာ ခြားနားကွဲထွက်စေသော ၊ လူရှိန်ချင်စရာကောင်းတဲ့ အေးစက်စက် လေထုတွေ ဝန်းရံထားသလို ခံစားရစေသည်။

ဟောက်ချန်ဟွမ်းကတော့ သူမရှေ့မှာ အခုလို ပုံစံမျိုး တစ်ခါမှ မပြဖူးသောကြောင့် သူတို့ နှစ်ယောက်ကို ( ၆၀ ) ရာခိုင်နှုန်းကနေ ( ၇၀ ) ရာခိုင်နှုန်းအထိ ဆင်တူသည်ဟု တွေးနေသော စုယန်ယန်ရဲ့ စိတ်ထဲမှာ ( ၅၀ ) ရာခိုင်နှုန်းလောက်သာ တူသည်ဟု အမြင်ပြန်ပြောင်းသွား၏။

စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့် ကျန်းချန့်ယန်ကို ခေါင်းစခြေဆုံး နှစ်ယောက်ယှဉ်ကြည့်နေသလို ကျန်းချန့်ယန်ကလည်း သူ့တူနှင့် လက်ထပ်ထားတဲ့ ကောင်မလေးကို စူးစမ်းချင်နေခဲ့သည်။

“ ယန်ယန် မဟုတ်လား။ တွေ့ရတာ ဝမ်းသာပါတယ်ကွယ် ၊ ဦးလေးက ချန်ဟွမ်းရဲ့ ဦးလေးပါ။ အဆင်ပြေရင် သမီးလည်း ဦးလေးကို ဦးလေးလို့ပဲ ခေါ်လို့ ရပါတယ်။ ”

စုယန်ယန်ကလည်း သူမကို ကျန်းချန့်ယန် အကဲခတ်နေတယ် ဆိုတာ သိသည်။ သူက အတိတ်ကနေ ရုန်းမထွက်နိုင်ဘဲ ဟောက်ချန်ဟွမ်းရှေ့မှာဆို အပြစ်မကင်းတဲ့ ခံစားချက်ဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း ၊ ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေတတ်သည်။

စုယန်ယန် ပြုံးပြလိုက်၏။ “ တွေ့ရတာ ဝမ်းသာပါတယ် ဦးလေး။ ခရီး အဝေးကြီး လာခဲ့ရတာ ဆိုတော့ ဦးလေးလည်း ပင်ပန်းနေမှာပဲနော်။ အဲ့ဒါကြောင့် ကျွန်မ စားစရာတွေ နည်းနည်းပါးပါး ပြင်ထားပါတယ်။ ဦးလေး ကြိုက်ပါ့မလားတော့ မသိဘူးရယ်။ အချိန်ကလည်း နောက်ကျနေပြီ ဆိုတော့ ကျွန်မတို့ ညစာ အရင် စားကြမလားဟင်။ စားသောက်ပြီးမှ စကားပြောကြမယ်လေ။ ”

စုယန်ယန်ရဲ့ စကားကို ကြားတော့ ကျန်းချန့်ယန် အံ့ဩသွားသည်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်တုန်းက သူ ကြိုက်တတ်တဲ့ အစားအသောက်တွေကို ဟောက်ချန်ဟွမ်း မက်ဆေ့ခ်ျပို့ပြီး လှမ်းမေးတာကို ပြန်သတိရသွားသည်။ အဲ့ဒီအချိန်တုန်းက ကျန်းချန့်ယန် တစ်ယောက် အံ့ဩစွာ ကြောင်အသွားခဲ့ရပါသည်။ ဟောက်ချန်ဟွမ်း ထိုမက်ဆေ့ခ်ျကို ဘာလို့ ပို့လိုက်တာလဲ ဆိုတာကိုလည်း နားမလည်ခဲ့။

ထို့နောက် ဟောက်ချန်ဟွမ်းကို ဘေးကင်းလုံခြုံအောင် ကြည့်ရှုစောင့်ရှောက်ပေးဖို့ သူ လွှတ်ထားတဲ့ လူက သူ့တူရဲ့ ဇနီးလေးဟာ အလွန် ဟင်းချက်ကောင်းကြောင်း ပြောဖူးတာကို ရုတ်တရက် သတိရသွားသည်။ ဟောက်ချန်ဟွမ်းကို ဟိုမေးခွန်း မေးခိုင်းတဲ့ လူက ဘယ်သူလဲ ဆိုတာကိုလည်း သူ ခန့်မှန်းလို့ ရသွားသည်။

All Chapters