← Chapters

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း ၇၂၉

Vol. 49 Ch. 729

အခန်း ( ၇၂၉ ) အကြိုက်တူခြင်း။

ရုပ်တူတဲ့ လူတွေက အစားအသောက် အကြိုက်ချင်းလည်း တူနေတတ်တာကို အံ့ဩဖွယ်ရာ တွေ့မြင်ရသည်။

ဟောက်ချန်ဟွမ်းက အစပ် ကြိုက်တာမို့ ဟော့ပေါ့ စားတဲ့အခါ အစပ်အရသာ ဟော့ပေါ့အိုးကိုပဲ အဓိက စားလေ့ ရှိသည်။ ကျန်းချန့်ယန်လည်း အတူတူပင်။

အစပိုင်းမှာတော့ သူက အရောင် ရဲရဲတောက်တောက် ဟော့ပေါ့အရည်ကို မြည်းစမ်းကြည့်ဖို့ လက်တွန့်နေသောကြောင့် အချို အရသာ ဟော့ပေါ့အရည်ကိုသာ ရွေးချယ်ခဲ့သည်။ ခဏနေတော့ နီရဲတောက်ကာ စပ်မှန်း သိသာတဲ့ ဟော့ပေါ့အရည်ကို သောက်နေသော သူ့တူကို သတိထားမိသွားပြီး သူလည်း တွန့်ဆုတ်‌ဆုတ်နှင့် အမဲအူကြမ်း တစ်ဖတ်ကို ဟော့ပေါ့ရည် အစပ်ထဲ ထည့်နှစ်လိုက်သည်။

ပထမတော့ အစပ်အရသာနှင့် အသားမကျသဖြင့် ရေတွေ ထသောက်ရသည်။ အစပ်ပြေသွားချိန်မှာတော့ စွဲမက်ဖွယ် အရသာကို သတိထားမိသွားကာ ထိုအရသာက သဘောကျစရာကောင်းသည်ဟု ခံစားလိုက်ရ၏။

ကျန်းချန့်ယန်သည် စူးစမ်းချင်စိတ်ဖြင့် ဟော့ပေါ့အရည်ကို နည်းနည်းလေး ထပ်သောက်ကြည့်လိုက်၏။

ရလဒ်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ။ စွဲမက်ဖွယ်ရာ ဟော့ပေါ့အစပ်အရည်ကို အရသာခံမိပြီးနောက် ဘယ်သူကမှ ဟော့ပေါ့အချိုအိုးကို လက်လှမ်းနှိုက်တော့မှာ မဟုတ်ပါ။ သူ အားရပါးရ စားရင်း ချွေးတွေတောင် ပြိုက်ပြိုက်ကျနေခဲ့ပေမဲ့ လက်တွေကတော့ နည်းနည်းလေးမှ အရှိန်ကျမသွား။

ထိုမြင်ကွင်းကို မြင်သွားတဲ့ စုယန်ယန်က ထိုတူဝရီး နှစ်ယောက်ဟာ တော်တော်လေး တူသည်ဟု ခံစားလိုက်ရသည်။ သူတို့ နှစ်ယောက်ကို ကြည့်ကာ သူမ ပြုံးချင်စိတ်အား ထိန်းမရတော့။

ကျန်းချန့်ယန်သည် ဟော့ပေါ့အစပ်ကို နှစ်ခြိုက်စွာ စားရင်း သူနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေကြသူ နှစ်ယောက်ကို တစ်ချက် မော့ကြည့်မိချိန်မှာတော့ ပြောစရာစကားမရှိ ကြောင်အသွားရလေသည်။

ကိုယ်ဝန်ရှိနေတဲ့ စုယန်ယန်က ဟော့ပေါ့အစပ်ကို စားလို့ မရသောကြောင့် အချို အရသာကိုပဲ စားနေခဲ့သည်။ ဟောက်ချန်ဟွမ်းက သူမ စားနေတာကို ဘေးကနေ တစိမ့်စိမ့် ကြည့်ရင်း သူမအတွက် အသီးအရွက်တွေ ၊ အသားတွေကိုတောင် ကူပြုတ်ပေးနေခဲ့၏။

တစ်ချက် တစ်ချက်မှာတော့ ကျက်သွားတဲ့ အသားတွေ ၊ အသီးအရွက်တွေကို သူကိုယ်တိုင် ဆယ်ပြီး သူမကို ခွံ့ကျွေးလိုက်သေးသည်။

စုယန်ယန်က တစ်ခါတလေ ဟောက်ချန်ဟွမ်းရဲ့ အရိပ်အကဲကို ကြည့်ပြီး ဟော့ပေါ့အစပ်အိုးကို တိတ်တိတ်လေး ငေးကြည့်နေတာကို မြင်တော့ ဟောက်ချန်ဟွမ်းလည်း ဘယ်လိုမှ မနေနိုင်တော့ပါ။

ဟော့ပေါ့အစပ်အိုးထဲက အသားလွှာ နှစ်လွှာလောက်ကို သူ့ရဲ့ အချိုအရသာ ဟော့ပေါ့အရည်ထဲ အရင် ထည့်လိုက်ပြီး ထိုအသားလွှာတွေ အစပ်လျော့သွားတော့မှ စုယန်ယန်ကို ခွံ့ကျွေးကာ သူမ စားတာကို ထိုင်ကြည့်နေခဲ့သည်။ တစ်ယောက်က ကျေကျေနပ်နပ်ကြီး ခွံ့ကျွေးနေသလို ကျန်တဲ့ တစ်ယောက်ကလည်း ကျေကျေနပ်နပ်ကြီး ခွံ့အကျွေးခံနေခဲ့ပါသည်။ သူတို့ဟာ စားပွဲမှာ နောက်ထပ် လူ တစ်ယောက် ရှိသေးတယ် ဆိုတာကိုတောင် လုံးဝ မေ့လျော့နေခဲ့ကြပါသည်။

ကျန်းချန့်ယန်က သူတို့ နှစ်ယောက်ကို ကြည့်ရင်း သူ့ညီမနှင့် ယောက်ဖတို့ သက်ရှိထင်ရှား ရှိခဲ့တဲ့ အချိန်တွေကို ပြန်သတိရသွားသည်။ သူ့ညီမကလည်း သူ့ယောက်ဖရဲ့ မျက်လုံးထဲမှာ ချစ်မဝတဲ့ ဖြစ်တည်မှုလေး တစ်ခု ဖြစ်ခဲ့သည်။ သူ ဘာပဲလုပ်လုပ် သူ့ကိုယ်သူအတွက်တောင် မစဉ်းစားသေးခင် ကျန်းချန့်ယန်ရဲ့ ညီမကို မမေ့မလျော့ ဂရုစိုက်ပေးလေ့ရှိသည်။

တစ်ယောက်ကို တစ်ယောက်လည်း အလွန် ချစ်သောကြောင့် သူ သူတို့အိမ်ကို သွားလည်တိုင်း သူ့ညီမအတွက် စိတ်အေးချမ်းသာကာ သူတို့ရဲ့ ဆက်ဆံရေးကို အားကျစိတ်ဝင်မိသည်။ တစ်နေ့မှာ သူလည်း ဒီလို ပျော်စရာ မိသားစုလေး တစ်စုကို ပိုင်ဆိုင်နိုင်ဖို့ အမြဲတမ်း ယုံကြည်မျှော်လင့်ခဲ့မိသည်။

သို့သော် ကံမကောင်းစွာဖြင့် သူ့ညီမတို့မိသားစုရဲ့ ချမ်းမြေ့ပျော်ရွှင်မှုတွေက သူ့ကြောင့်ပဲ အကုန် ပျက်စီးသွားခဲ့ရလေသည်။

“ ဦးလေး … ” စုယန်ယန် စားပြီးသွားတော့ ခပ်ငိုင်ငိုင် ဖြစ်နေတဲ့ ကျန်းချန့်ယန်ကို သတိထားမိသွားသည်။ သူ ဆက်မစားဘဲ ငိုင်ကျသွားတာ အတော် ကြာပြီမို့ စိုးရိမ်တကြီး မေးလိုက်၏။ “ ဦးလေး မကြိုက်လို့လားဟင်။ ကျွန်မ မီးဖိုချောင်ထဲက လူတွေကို တစ်ခုခု ပြင်ခိုင်းလိုက်ရမလား။ ”

ကျန်းချန့်ယန်က အိပ်မက်က လှုပ်နှိုးခံလိုက်ရသလို သတိပြန်ဝင်လာသည်။ “ မဟုတ်တာ ၊ ရတယ်။ ဒီဟော့ပေါ့က တော်တော်လေး စားကောင်းတယ်။ ဒီလောက် စားကောင်းတဲ့ ဟော့ပေါ့ကို ဦးလေး အခုမှ စားဖူးတာ။ အထူးသဖြင့် ဟော့ပေါ့အစပ် … ၊ အစတုန်းကတော့ စားရတာ ပါးစပ်ထဲမှာ အသားမကျပေမဲ့ စားရင်း စားရင်း အရသာတွေ့လာတယ်။ ”

ထိုစကားကို ကြားတော့ စုယန်ယန် ရယ်မိသွား၏။ ငရုတ်ပင်တွေက ကြီးထွားနှုန်းမြန်သည်။

သုတေသနငှာနက ငရုတ်ပင် တစ်ခင်းကို စိုက်ထားပြီးပြီ ဖြစ်ကာ အရသာကလည်း စုယန်ယန် ယာတောထဲကနေ ခူးလာတဲ့ ငရုတ်သီးတွေနှင့် အရသာချင်း ဆင်သည်။ သို့သော်လည်း ဈေးကွက်ထဲမှာ ရောင်းချနိုင်ဖို့ အချိန် နည်းနည်းလောက်တော့ လိုပါဦးမည်။ ဒါက ဒီလို ငရုတ်သီးကို ကျန်းချန့်ယန် ပထမဆုံးအကြိမ် စားဖူးတာ ဖြစ်ပြီး သူ့တုံ့ပြန်မှုက ဟောက်ချန်ဟွမ်းနှင့် နည်းနည်းလေး တူသည်။

“ ကြည့်ရတာ ဦးလေးကလည်း ‌ချန်ဟွမ်းနဲ့ အကြိုက်ချင်း တူတယ် ထင်တယ်။ သူလည်း အစပ်ကြိုက်တယ်။ ”

စားပွဲမှာ ထိုင်နေတဲ့ အမျိုးသား နှစ်‌ယောက်ဟာ သူမရဲ့ စကားကို ကြားသည်နှင့် ဆွံ့အသွားကြ၏။ ထို့နောက် အမှတ်တမဲ့ မျက်လုံးချင်း ဆုံသွားကာ နှစ်ယောက်လုံး အနေရခက်သွားကြသည်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အရင်က မရှိဖူးတဲ့ ခံစားချက် တချို့ ဖြစ်တည်လာပုံပေါ်ပါသည်။

စုယန်ယန်ကတော့ ထိုအဖြစ်အပျက်ကို မမြင်ချင်ယောင်ဆောင်ပြီး သူ့ကို အပြုံးလေးဖြင့် သတိပေးလိုက်သည်။ “ ဟော့ပေါ့အစပ်က စားကောင်းတယ် ဆိုပေမဲ့လည်း ဦးလေး အရမ်း အများကြီးတော့ စားလို့ မရဘူးရယ်။ အဲ့ဒါက ခန္ဓာကိုယ်တွင်း အပူချိန်တက်ဖို့ လွယ်တယ်။ စားပြီးရင် အပူတွေ ငြိမ်းအောင်လို့ ပန်းသုံးမျိုး ရေနွေးကြမ်းကို သောက်ဖို့ မမေ့နဲ့နော် ဦးလေး။ ”

ကျန်းချန့်ယန်က စုယန်ယန်ရဲ့ အကွက်စေ့အောင် စီစဉ်ထားမှုနှင့် အမြော်အမြင်ရှိမှုကို ပိုလို့တောင် သဘောကျသွားသလို ဒီလို စိတ်ထားဖြူစင်တဲ့ မိန်းမကောင်းလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူ့တူအတွက်လည်း ဝမ်းသာသွားသည်။

တွေ့ခါစမှာ အနေရခက်ပြီး အိုးတိုးအမ်းတမ်းဖြစ်နေတဲ့ သူတို့ နှစ်ယောက်ရဲ့ အခြေအနေကို စုယန်ယန်က သက်သောင့်သက်သာဖြစ်အောင် ကူညီပေးသောကြောင့် ထမင်းစားပွဲရှိ လေထုသည် ဖြည်းဖြည်းချင်းပဲ နွေးထွေးလာခဲ့လေသည်။ ကျန်းချန့်ယန်မှာလည်း သူတို့ နှစ်ယောက်ရဲ့ အကြောင်းတွေကို မေးဖို့ ယုံကြည်ချက်ရှိလာခဲ့သည်။

“ ကလေးက ဘယ်နှလ ရှိပြီလဲ။ ”

“ ခြောက်လ ပြည့်ခါနီးပါပြီ။ ”

“ ကလေးက ယောက်ျားလေးလား ၊ မိန်းက‌လေးလား ဆိုတာရော သိပြီးပြီလား။ ”

“ ဟင့်အင်း ၊ အဲ့ဒါတော့ ကျွန်မတို့လည်း အခုထိ မသိသေးဘူး ဦးလေး။ ”

All Chapters