အခန်း ၇၃၀
Vol. 49 Ch. 730
အခန်း ( ၇၃၀ ) အိမ်ကနေ ကြိုဆိုပါတယ်။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ “ ယောက်ျားလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် အတူတူပါပဲလို့ ကျွန်မတို့ တွေးထားကြတာ။ ကလေးက ဘာလေးလဲ ဆိုတာကို မွေးတော့မှပဲ သိချင်တယ်။ ”
ကျန်းချန့်ယန် ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ဒီတိုင်းပဲ မေးလိုက်တာပါ။ အခြေအနေကို သူတို့ နှစ်ယောက် ကောင်းကောင်း နားလည်နေတာမို့ သူ့ဘက်မှာလည်း ဘာမှ တိုက်တွန်းစရာ မရှိ။
ကျန်းချန့်ယန် ရောက်တော့ အချိန်က မှောင်စပျိုးနေပါပြီ။ ညစာ စားပြီးသွားတော့ နည်းနည်းလေးတောင် အချိန်လင့်သွားခဲ့ပြီ။ မြို့ထဲမှာ ကျန်းချန့်ယန်ရဲ့ အိမ် ရှိမှန်း သိပေမဲ့ သူတို့အိမ်နှင့် နည်းနည်းလေး ဝေးသည်။ ပြီးတော့ အခု ချက်ချင်းကြီး အဆင်သင့် ဝင်နေလို့ ရလောက်အောင် အိမ်ကို သန့်ရှင်းရေး လုပ်ထားပါ့မလား ဆိုတာကလည်း မသေချာ။
စုယန်ယန်က ကျန်းချန့်ယန်ကို သူတို့အိမ်မှာပဲ တည်းဖို့ ဖိတ်ခေါ်လိုက်၏။ တစ်အိမ်ထဲမှာ အတူတကွ နေလျှင် ဟောက်ချန်ဟွမ်းနှင့် ကျန်းချန့်ယန်ကြားက ဆက်ဆံရေးဟာလည်း အကောင်းဘက်ကို ဦးတည်ပြောင်းလဲလာလိမ့်မည်။
အစပိုင်းမှာတော့ ကျန်းချန့်ယန်ကလည်း သူတို့အိမ်မှာ တည်းဖို့ စိတ်ကူးမရှိပါ။ စုယန်ယန်က သူ့ကို ဒီအိမ်မှာပဲ ရက်ပိုင်းလောက် တည်းစေချင်ကြောင်း ပြောတော့ သူ ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ လှည့်ကြည့်မိသည်။
သူ ဘာမှ မပြောတာမို့ သူလည်း စုယန်ယန်ရဲ့ ဖိတ်ကြားချက်ကို ခေါင်းညိတ် လက်ခံလိုက်ရ၏။
စုယန်ယန်က ခရီးဝေးကြီး လာခဲ့ရတဲ့ ကျန်းချန့်ယန် တစ်ယောက် ပင်ပန်းနေမှာကို သိသောကြောင့် ညစာ စားပြီးသည်နှင့် ဦးလေးကျန်းအား သူ့ကို အပေါ်ထပ်မှာ အနားယူစေဖို့ ခေါ်သွားခိုင်းလိုက်သည်။
ကျန်းချန့်ယန် ရောက်လာလို့ ဦးလေးကျန်း ပျော်နေတာ သိသိသာသာပင်။ သူ့မျက်နှာပေါ်မှာ အပြုံးပန်းတွေက ဝေဝေဆာဆာ။
ဦးလေးကျန်းက ကျန်းချန့်ယန်ကို ကြိုပြင်ဆင်ထားတဲ့ ဧည့်သည်အခန်းဆီ ဦးဆောင် ခေါ်သွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။ “ ဒါက လူကြီးမင်းအတွက် သခင်လေးနဲ့ သခင်မလေး သေချာ ပြင်ဆင်ထားတဲ့ အခန်းပါ။ နေ့စဉ် လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံး အခန်းထဲမှာ အဆင်သင့် ရှိတယ်။ လူကြီးမင်း တခြား လိုအပ်တာ ရှိရင် ကျွန်တော့်ကို ပြောလို့ ရပါတယ်။ လူကြီးမင်းရဲ့ နေရေးထိုင်ရေး အဆင်ပြေအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။ ”
“ ဟုတ်ပါပြီ။ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ ”
“ လူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ။ ဘာမှ အပန်းကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါဆို လူကြီးမင်းလည်း စောစောစီးစီး နားလိုက်တော့နော်။ ”
“ ကောင်းပါပြီ။ ”
ကျန်းချန့်ယန်က ခေါင်း တစ်ချက် ဆတ်ပြပြီး တံခါးပိတ်ဖို့ ပြင်နေစဉ်မှာပဲ ဦးလေးကျန်းက သူ့ကို လှမ်းခေါ်သည်။ “ လူကြီးမင်း … ”
“ ဘာပြောစရာ ကျန်သေးလို့လဲ။ ”
ဦးလေးကျန်းက အိမ်နှင့် ဆယ်နှစ်ကျော် ဝေးကွာနေခဲ့သော အမျိုးသားကို ကြည့်ရင်း နွေးထွေးရင်းနှီးမှုနှင့် စိမ်းသက်ဝေကွာမှုကို စိတ်ထဲမှာ တစ်လှည့်စီ ခံစားရနေသည်။ ‘“ အိမ်ကနေ ကြိုဆိုပါတယ်။ ” ဟု သူ စိတ်ရင်းနှင့် ပြောလိုက်၏။
ကျန်းချန့်ယန်ရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားသည်။ တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားတဲ့ လက်က ချက်ချင်း တင်းကျပ်သွားပြီး သူ့မျက်လုံးထဲမှာ မြင်ရခဲတဲ့ ခံစားချက် အရိပ်အယောင်တွေ ဖြတ်သန်းသွားလေသည်။
ဟောက်မိသားစု စံအိမ်တော်ရဲ့ ဧည်သည်အခန်းက ကျန်းချန်းယန်နှင့် သိပ်ပြီး မရင်းနှီးပါ။ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ သက်ရှိထင်ရှားရှိချိန်တုန်းကတော့ သူ ဒီကို မကြာခဏ လာလည်ရင်း ညအိပ်ဖူးသည်။ ဟောက်ချန်ဟွမ်း မွေးခါစ အရွယ်တုန်းကလည်း သူ့မိဘ နှစ်ယောက်လုံးက အလုပ်တွေ ရှုပ်နေကြတာမို့ အစ်ကိုကြီး ဖြစ်တဲ့ သူကပဲ ထိုကောင်လေးကို ကလေးထိန်းခဲ့ရတာပင်။
ကျန်းချန့်ယန်က အခန်းထဲမှာ လှည့်ပတ် လျှောက်ကြည့်နေရင်း အိပ်ရာဘေး စားပွဲပေါ်မှာ ထောင်ထားတဲ့ ဓာတ်ပုံလေးပေါ်ကို အမှတ်တမဲ့ အကြည့်ရောက်သွားသည်။
ဓာတ်ပုံထဲမှာ လူ လေးယောက် ပါဝင်သည်။ ဓာတ်ပုံထောင့်တွေက နည်းနည်းလေး ဝါနေတာမို့ မကြာသေးမီကမှ နေ့အလင်းရောင်နှင့် ပြန်လည် ထိတွေ့ထားတာ ဖြစ်ရမည်။ ဓာတ်ပုံထဲက လူ လေးယောက်ကတော့ ဟောက်ချန်ဟွမ်းရဲ့ မိဘ နှစ်ပါး ၊ ကလေးအရွယ် ဟောက်ချန်ဟွမ်းနှင့် သူ့ရဲ့ လူငယ်ဘဝတို့ ဖြစ်လေသည်။
ဒီဓာတ်ပုံကို ဟောက်ချန်ဟွမ်းရဲ့ ငါးနှစ်ပြည့် မွေးနေ့မှာ ရိုက်ထားတာ ဖြစ်ပြီး သူတို့ လေးယောက်လုံး ယှဉ်တွဲစုံညီ ဓာတ်ပုံရိုက်ဖူးတာ ဆိုလို့ ဒီဓာတ်ပုံ တစ်ပုံပဲ ရှိသည်။ ထိုဓာတ်ပုံကို ဒီအခန်းထဲမှာ တွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားပါ။
ဓာတ်ပုံကို ကြည့်ရင်း ခုနတုန်းက နွေးနွေးထွေးထွေး စားခဲ့ရတဲ့ ညစာ တစ်နပ်နှင့် ဦးလေးကျန်းရဲ့ စကားတွေက သူ့စိတ်ထဲ တဝဲလည်လည် ပြန်ရောက်လာသည်။ ကျန်းချန့်ယန်ရဲ့ မျက်နှာပေါ်က ဟန်လုပ်ယူထားတဲ့ ဟန်ဆောင်မှု မျက်နှာဖုံးဟာ တဖြည်းဖြည်း ကွာကျသွားကာ မျက်လုံးတွေ ရဲလာခဲ့လေသည်။
ဘယ်လောက် ကြာသွားလဲ မပြောတတ်သော အချိန် တစ်ခုအလွန်မှာတော့ ခံစားချက်တွေဖြင့် သိပ်သည်းနေသော အခန်းထဲမှာ တိုးလျအက်ကွဲသော အသံ တစ်သံ ထွက်ပေါ်လာခဲ့၏။ “ ညီမလေးနဲ့ ယောက်ဖ … ငါ အိမ်ပြန်လာပြီနော် … ”
ကျန်းချန့်ယန်သည် အခန်းထဲက ဓာတ်ပုံကြောင့် အတိတ်က ပုံရိပ်ကို ပြန်မြင်ယောင်ကာ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာကို ထိခတ်ပွတ်တိုက်သွားပါသည်။
သူ့အခန်းနှင့် ( ၁၀ ) မီတာ ကွာဝေးသော တခြား အခန်း တစ်ခန်းထဲမှာ သူ့တူကလည်း မိန်းမဖြစ်သူဆီမှာ အပြစ်တင် ဝေဖန်ခံနေရတယ် ဆိုတာကိုတော့ သူ မသိလိုက်။
“ ရှင့်ရဲ့ ဒီနေ့ အပြုအမူတွေက တော်တော်လေးကို ယဉ်ကျေးမှု မရှိတာ။ ကျွန်မ ရှင့်ကို ကောင်းကောင်း သင်ခန်းစာပေးမှ ရတော့မယ်။ ”
“ ကိုယ် ဒီနေ့ မယဉ်ကျေးတာ ဘာလုပ်မိလို့လဲ။ ” ဟောက်ချန်ဟွမ်းက သူ့အမှားကို လုံးဝ မဝန်ခံဘဲ ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ စုယန်ယန်ကိုပင် နမ်းလိုက်သေးရဲ့။ ပြီးတော့ အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ “ မင်းက ကိုယ့်ကို ဘယ်လို သင်ခန်းစာပေးမလို့လဲ။ ”
++++++