အခန်း ၇၃၁
Vol. 49 Ch. 731
731 01
အခန်း ( ၇၃၁ ) ကိုယ် မင်းကို သေချာ မနမ်းရသေးဘူး။
စုယန်ယန်က ရှက်သွားပြီး ဟောက်ချန်ဟွမ်းကို မျက်စောင်းထိုးလိုက်ကာ သူ့ရဲ့ ရုပ်ချောချောအောက်မှာ အကျရှုံးမခံဖို့ စိတ်တင်းထားလိုက်၏။ “ ကျွန်မ အရင်က ဘာပြောခဲ့လဲ။ ဦးလေး ဒီကို လာတာ ရှားလို့ ကျွန်မတို့ သူ့ကို ကောင်းကောင်း ဆက်ဆံရမယ်လေ။ ပြီးတော့ ပြောရရင် အရင်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကလည်း ရှင့်အမှား မကင်းဘူး။ ရှင်က အငယ်ပဲ ၊ ဒီအခြေအနေကို ပြေလည်အောင် လုပ်ဖို့ ဆိုရင် ရှင်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သက်သောင့်သက်သာဖြစ်အောင် ရှင်ကိုယ်တိုင် အရင်ဆုံး စကားစရမှာ။ ဒါပေမဲ့ အခုတော့ ရှင်က … ”
စုယန်ယန်ရဲ့ စိတ်ထဲမှာ နည်းနည်းလေး ဒေါသထွက်နေပြီး အေးစက်စွာ နှုတ်ခမ်းမဲ့လိုက်သည်။
ကျန်းချန့်ယန် ဒီနေ့ ရောက်လာတော့ ဟောက်ချန်ဟွမ်းက အချိန် အတော် ကြာသည်ထိ ဘာစကားမှ မပြောခဲ့ဘဲ သူမကပဲ ကျန်းချန့်ယန်နှင့် တစ်ချိန်လုံး စကားပြော ၊ ဧည့်ခံခဲ့ရသည်။
အဲ့တော့ ဒီဦးလေးက သူမရဲ့ ဦးလေးလား … ။ ဒီခင်ပွန်းကို သူမ ဘယ်လိုမှ သည်းမခံနိုင်တော့။
သူ့ကိုယ်သူ အမှားလုပ်မိထားမှန်း သိသော ဟောက်ချန်ဟွမ်းက နှာခေါင်းကို အိုးတိုးအမ်းတမ်း ပွတ်ရင်း “ ကိုယ်လည်း သူ့ကို စကားစပြောချင်ပါတယ် ၊ ဒါပေမဲ့ … ” ဟု စကားစပြီးမှ တစ်ဝက်တစ်ပျက်မှာ ရပ်သွား၏။
“ ဒါပေမဲ့ ဘာဖြစ်လဲ။ ”
ဟောက်ချန်ဟွမ်း နှုတ်ဆိတ်သွားသောအခါ စုယန်ယန်က မျက်ခုံးပင့်ပြီး “ ရှင် စကားမပြောတတ်ဘူးလား။ ” ဟု မေးလိုက်လေသည်။
ဟောက်ချန်ဟွမ်းက သူမရဲ့ အကြည့်ကြောင့် စိတ်ထဲမှာ အပြစ်မကင်း ခံစားချက်တို့ ဖိစီးသွားသည်။ “ သူ့ပုံစံက ကိုယ်နဲ့ စကားပြောချင်တဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ မင်းနဲ့ကျတော့ စကားပြောချင်နေသလိုပဲ။ ”
စုယန်ယန်သည် သူ တစ်စုံတစ်ယောက်ကို မနာလိုချိန်မှာ ပြောင်းလဲသွားတတ်တဲ့ အသံနှင့် အလွန် ကျင့်သားရနေပြီ ဖြစ်သည်။ အသံထွက် ရယ်မိတော့မလိုတောင် ဖြစ်သွား၏။ သူမ ဘာမှတောင် မပြောခဲ့ပေမဲ့ ဒီလူကတော့ သူမကို မဟုတ်တာ တစ်ခုခု လုပ်ထားသလို လာစွပ်စွဲနေပါရောလား။
“ ရှင့်မျက်နှာက သူ့ကို ဒေါ်လာတွေ သန်းချီပြီး ချေးထားတဲ့ မျက်နှာမျိုး ဖြစ်နေတာကိုး။ ဘယ်သူက ရှင်နဲ့ စကားပြောချင်မှာလဲ။ ” စုယန်ယန်က မျက်လုံးလှိမ့်ပြီး “ ပြီးတော့ ဦးလေးက လူကြီး။ ရှင်က သူ့ကို သူ့ဘက်က အရင် ရှင့်ကို တောင်းပန်ဖို့ မျှော်လင့်နေတာလား။ ဒါမှမဟုတ် သူ့ကြောင့် ရှင့်မိဘတွေ သေရတာ ဆိုပြီး ရှင့်စိတ်ထဲမှာ သူ့ကို အပြစ်တင်နေတုန်းပဲလား။ ”
“ မဟုတ်ပါဘူး။ ”
“ ဒါဆို ရှင့်မျက်နှာက ဘာလို့ အဲ့လို ဖြစ်နေတာလဲ။ ”
ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားပြီး ဘာမှ ပြန်မပြော။
စုယန်ယန်သည် သူ ဘာတွေးနေလဲ ဆိုတာ အကြမ်းဖျင်း အကဲခတ်နိုင်သည်။ တစ်ခါတရံမှာ သူ ဘာမှ မပြောဘဲ နေရင်း နေရင်း တစ်လျှောက်လုံး ဘာပြောလို့ ပြောရမှန်းမသိ ကြောင်အသွားတတ်သည်။ ဦးလေးကို ဘာပြောရမှန်းလည်း မသိ ၊ ပြောဖို့လည်း တွန့်ဆုတ်နေသောကြောင့် ဘေးမှာ ဒီတိုင်း ထိုင်နေဖို့သာ တတ်နိုင်ခဲ့လေသည်။
“ ဟင်း … ၊ ရှင် ရှင့်ကလေးအတွက် စံပြအဖေ ဖြစ်ပေးလို့ မရဘူးလားဟင်။ ကလေးက မိန်းကလေး ဆိုရင် ကိစ္စမရှိပေမဲ့ ယောက်ျားလေး ဆိုရင်တော့ ရှင့်လို ခေါင်းမာတဲ့ ကလေးမျိုး ဖြစ်လိမ့်မယ် ထင်တယ်။ သူလည်း ရှင့်လိုပဲ စိတ်ထဲက မပါတဲ့ စကားတွေကို လျှောက်ပြောနေရင် သူ ကြီးလာရင် ဘယ်မိန်းကလေး သူနဲ့ လက်ထပ်ချင်မှာလဲ။ ”
ဟောက်ချန်ဟွမ်းက ခဏလောက် ငြိမ်သက်သွားပြီးမှ “ မင်း ကိုယ်နဲ့ လက်ထပ်ချင်လို့ပဲ အခုဆို ကလေးတောင် မွေးတော့မယ်လေ။ ” ဟု ဂုဏ်ယူဝံ့ကြွားသော မျက်နှာဖြင့် ပြောလိုက်၏။
သူ ပြောချင်တဲ့ အဓိပ္ပာယ်က သူ ဘယ်လောက်ပဲ စိတ်ထဲက မပါတဲ့ စကားတွေကို ပြောနေပါစေ ၊ အဘက်ဘက်က ပြည့်စုံနေတဲ့ မိန်းကလေး တစ်ယောက်ကိုတော့ ရအောင် လက်ထပ်နိုင်ခဲ့သေးတယ် ဆိုတာပါပဲ။ အနာဂတ်မှာ သူ့သားကလည်း သူ့လိုပဲ ပြီးပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ကို ရအောင် ယူနိုင်လိမ့်မည်။ ဒါ့ကြောင့် ဘာမှ စိုးရိမ်စရာ မလို။
“ … ” သူမအသံက မကြည်လင်တာ သိသာပေမဲ့ ဟောက်ချန်ဟွမ်းကတော့ သူ့ကိုယ်သူ အတည်ပေါက်ကြီး ဂုဏ်ယူနေတာပင်။
စုယန်ယန်သည် ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်သွား၏။ “ ကျွန်မက လူ တစ်ယောက်အပေါ် လွယ်လွယ်နဲ့ လက်မလျှော့တတ်တဲ့ လူမျိုး ဖြစ်နေလို့သာ ရှင်နဲ့ လက်ထပ်ခဲ့တာ။ ကျွန်မနေရာမှာ တခြား မိန်းကလေးတွေသာ ဆိုရင် ရှင် တွေ့,တွေ့ချင်း ပြောတဲ့ စကားတွေကြောင့် လန့်ပြီး ထွက်ပြေးသွားလိမ့်မယ်။ ”
သူမတို့ နှစ်ယောက် ပထမဆုံး တွေ့ခဲ့ချိန်အကြောင်း စုယန်ယန် ပြန်တွေးကြည့်မိသည်။ အဲ့ဒီတုန်းက သူ သူမကို ဘာပြောခဲ့တာပါလိမ့် … ။
731 02
သူ့ခြေထောက်တွေက သူ့တစ်ဘဝလုံး ဒီအတိုင်းပဲ ဖြစ်နေတော့မှာမို့ ကလေးလည်း ယူလို့ မရတော့ဘူး ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ သူက ဒေါသထွက်စရာကောင်းလောက်အောင်ပင် စကားပြော ပွင့်လင်းလေသည်။
တကယ်လို့သာ သူမက သူ့အပေါ် သစ္စာရှိရှိနှင့် သူက လွဲလို့ တခြား ဘယ်ယောက်ျားကိုမှ လက်မထပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ မိန်းကလေးမျိုး မဟုတ်လျှင် သူ့စကားတွေကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့မှာပင်။ အခုတော့ သူက သူ့မှာ အလိမ္မာ အိမ်ပါ ဇနီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားရကြောင်း ဂုဏ်ယူစွာ ပြောနေသည်။
“ ဟုတ်လား … ကိုယ် အဲ့လို ပြောခဲ့မိတာလား။ ” ဟောက်ချန်ဟွမ်းသည် ဟောက်အိမ်တော်ကို စုယန်ယန် ပထမဆုံးအကြိမ် ရောက်လာတုန်းက သူ ပြောခဲ့တဲ့ စကားကို ပြန်သတိရသွား၏။ သူ့မျက်လုံးတွေမှာ လက်ခနဲ အရောင်တောက်သွားပြီး သူမကို ဖက်နမ်းလိုက်သည်။ သူ ပြန်လွှတ်ပေးလိုက်ချိန်မှာတော့ အကြာကြီး အနမ်းခံလိုက်ရတဲ့ စုယန်ယန်ရဲ့ မျက်နှာက သေချာပေါက်ပင် မက်မွန်သီး တစ်လုံးလို နီရဲနေခဲ့လေသည်။
“ ဟမ့် ၊ ရှင် ဒီနေ့ ကျွန်မကို အချိုသတ်ပြီး အရူးလုပ်လို့ ရမယ်လို့ ထင်မနေနဲ့။ မနက်ဖြန်ကျလည်း ရှင် ဒီနေ့ ပုံစံအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင် ဧည့်သည်အခန်းထဲမှာပဲ နောက် နှစ်ရက် ၊ သုံးရက်လောက်ထိ ဆက်အိပ်ရမယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်က အပြုံးတို့ ရုတ်တရက် အေးခဲသွားကာ အန္တရာယ်များတဲ့ အတွေးကို တစ်ယောက်တည်း ကျိတ်တွေးလိုက်၏။ ‘ ထင်တဲ့အတိုင်း ကိုယ် မင်းကို သေချာ မနမ်းရသေးဘူးပဲ။ အဲ့ဒါကြောင့် မင်းက အဲ့အကြောင်းကို ဆက်တွေးနေနိုင်သေးတာ။ ’
++++++