← Chapters

အခန်း ၇၃၂

Vol. 49 Ch. 732

အခန်း ၇၃၂

Vol. 49 Ch. 732

732 01

အခန်း ( ၇၃၂ ) သူ ဖောက်ပြန်ခံနေရတာလား။

စုယန်ယန်သည် စုမိသားစုမှာကတည်းက မင်းသမီးလေး တစ်ပါးလို နေခဲ့ရတာ ဖြစ်သည်။ သူမ ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်းကို ချက်ချင်း လက်မခံကြရင်တောင်မှ အဆုံးသတ်မှာတော့ လက်ခံပေးရတာချည်း။

စုမိသားစုက ထိုအစဉ်အလာကောင်းလေးကို ဟောက်ချန်ဟွမ်းဆီ လက်ဆင့်ကမ်းပေးခဲ့၏။

နောက်တစ်နေ့မနက် ရောက်တော့ စုယန်ယန်သည် အိပ်ရာ စောစော ထ၍ မနက်စာ စားကာ သွမ်းသွမ်းကို အပြင်ခေါ်သွားရင်း ဟွားသွားနှင့် တွေ့ဖို့ လင်းရှောင်ချီးရဲ့ အိမ်ကို သွားလည်ဦးမည်ဟု ပြောခဲ့ကာ တစ်ယောက်နှင့် တစ်ယောက် ခပ်အမ်းအမ်း ဖြစ်နေကြသေးသော တူဝရီး နှစ်ယောက်အား သူတို့ကြားက အစိုင်အခဲတွေ ပြေလည်စေရန် သီးသန့် အချိန်ပေးလိုက်ပါသည်။

ခွေးတွေရဲ့ ကိုယ်ဝန်ဆောင်ကာလကလည်း ကြောင်တွေနှင့် သိပ်မကွာဘဲ နှစ်လ ၊ သုံးလအတွင်းမှာ သားပေါက်လေ့ရှိသည်။

ဟွားဟွားက အရင်တစ်ပတ်ကတည်းက ချစ်စရာ ကော်ဂီ ခွေးကလေး သုံးကောင် သားပေါက်ခဲ့ပြီးပြီ ဖြစ်ကာ ဟွားဟွားပေါက်စလေး တစ်ကောင်နှင့် သွမ်းသွမ်းပေါက်စလေး တစ်ကောင်တို့ ရောက်လာခဲ့သည်။

ဟွားဟွားပေါက်စလေးကို အတော်လေး သဘောကျနေသော စုယန်ယန်က မွေးပြီး,ပြီးချင်းကတည်းက သူမလေးကို အိမ်ခေါ်သွားချင်နေခဲ့ပေမဲ့ သူမမှာလည်း ကိုယ်ဝန်‌ရှိနေတာမို့ ထိုပေါက်စလေးကို ဂရုစိုက်ပေးနိုင်မှာ မဟုတ်ပါ။ ထို့‌ကြောင့် လင်းရှောင်ချီးကိုပဲ လောလောဆယ် မွေးခိုင်းထားရလေသည်။

နှစ်လ ၊ သုံး‌လလောက် ကြာသွားရင်တော့ စုယန်ယန်လည်း ကလေးမွေးပြီး ၊ အဲ့ဒီ ခွေးပေါက်လေးတွေလည်း အရွယ်ရောက်လောက်ပြီမို့ သူမရဲ့ ကလေးလေးလည်း အဖော်ရစေရန် သူတို့လေးတွေကို အိမ်ခေါ်သွားလို့ ရပြီပင်။

စုယန်ယန် မရှိတော့ လေထုကို ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာရှိအောင် စကားစပေးမယ့် လူလည်း မရှိတော့။ ရုပ်ချင်း ခပ်ဆင်ဆင်ရှိသော အမျိုးသား နှစ်ယောက်သည် အချိန် အတော် ကြာသည်ထိ ဘာစကားမှ မပြောနိုင်ဘဲ ဧည့်ခန်းထဲမှာ ထိုင်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။

ဘေးကနေ ရပ်ကြည့်နေတဲ့ ဦးလေးကျန်းက စိတ်မရှည်တော့ဘဲ ရယ်ချင်လာသည်။ ထို့နောက် စုယန်ယန် အပြင်မသွားခင်တုန်းက မှာထားခဲ့တဲ့ ညွှန်ကြားချက်တွေအကြောင်း ပြန်တွေးမိသွား၏။ သူ ဘယ်လောက်ပဲ စိတ်မရှည် ဖြစ်နေပါစေ ၊ သူတို့ နှစ်ယောက်ကို ကြားထဲက စကားစမပေးပါနဲ့ တဲ့။

ဟောက်ချန်ဟွမ်းတို့ တူဝရီး နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ဘာစကားမှ မပြောဘဲ တစ်ခါတရံ အကြည့်ချင်း ဆုံသွားရုံလောက်သာ ရှိကာ နေ့တစ်ဝက်လောက် ဒီတိုင်း ထိုင်နေခဲ့လေသည်။ နောက်ဆုံးတော့ ကျန်းချန့်ယန်က တိတ်ဆိတ်မှုကို အရင် ချိုးဖျက်လိုက်၏။ “ မင်းရဲ့ ခြေထောက်ကို ဆေးကုပေးတာ ယန်ယန်လား။ ”

သူ့စကားက မေးခွန်းတော့ မဟုတ် ၊ အတည်ပြုရုံသာ။

သူ နိုင်ငံခြားရောက်နေလျှင်တောင် ဟောက်ချန်ဟွမ်းရဲ့ အခြေအနေတွေ အကုန်လုံးကို ဘယ်တော့မှ လျစ်လျူမရှုဘဲ မျက်ခြေမပြတ် နားစွင့်ခဲ့ပါသည်။

ဟောက်ချန်ဟွမ်းကလည်း အဲ့ဒါကို သိသည်။ သူ့ခြေထောက်တွေ ထိခိုက်သွားကတည်းက သူ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း မရှိတော့။

ကျန်းချန့်ယန်သာ သူ့ဘေးမှာ ရှိမနေပေးခဲ့ရင် သူ ဝေဒနာ မသက်သာသေးခင်မှာပင် လူယုတ်မာတွေဆီမှာ အသတ်ခံလိုက်ရပါလိမ့်မည်။

“ ဟုတ်ကဲ့။ ”

“ အဲ့မိန်းကလေးက လူကောင်းပဲ။ မင်းကိုလည်း ဆေးကုပေးတယ် ၊ အခု သူ့မှာ မင်းရဲ့ ရင်သွေးလေးကိုလည်း ကိုယ်ဝန်လွယ်ထားတယ်။ ”

မတော်တဆ ထိခိုက်မှုကြောင့် ဟောက်ချန်ဟွမ်း ကလေးယူလို့ ရနိုင်ချေ မရှိသလောက် နည်းသွားခဲ့သည်။ ထိုအကြောင်းကို သိတာ ကျန်းချန့်ယန်နှင့် လူနည်းစုလောက်ပဲ ရှိသည်။

ဟောက်ချန်ဟွမ်းရဲ့ မိဘတွေရော ၊ ဟောက်ချန်ဟွမ်းရော ရှေ့ဆင့်နောက်ဆင့် ဒုက္ခရောက်နေချိန်မှာ ဟောက်ချီဟန်ရဲ့ မိသားစုကို ယုံကြည်လို့ မရပါ။ ဆေးရုံတက်တဲ့ ကိစ္စတွေနှင့် နောက်ဆက်တွဲ ကုသမှုခံယူခြင်းတွေကို ကျန်းချန့်ယန်ကပဲ တာဝန်ယူပေးခဲ့ရတာပင်။

ထို့ကြောင့် ဟောက်ချန်ဟွမ်းရဲ့ အခြေအနေကို ကျန်းချန့်ယန်လောက် ဘယ်သူကမှ မသိ။

ဟောက်ချန်ဟွမ်းရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့ သတင်းကို ကြားချိန်မှာ ကျန်းချန့်ယန်ရဲ့ ပထမဆုံး တုံ့ပြန်မှုက ပျော်ရွှင်ခြင်း မဟုတ်ဘဲ အကြီးအကျယ် ဒေါသထွက် တုန်လှုပ်သွားခြင်းပဲ ဖြစ်သည်။

စုယန်ယန်က နောက်တစ်ယောက်နှင့် ဖောက်ပြန်ရင်း ကိုယ်ဝန်ရသွားတာလို့ သူ ထင်ခဲ့မိသည်။

732 02

ဖောက်ပြန်ခံရသည်ဟု အထင်ခံလိုက်ရသော ဟောက်ချန်ဟွမ်းသည် ဆွံ့အသွား၏။ ဘာလို့ အကုန်လုံးက သူ့ကို ဖောက်ပြန်ခံရတယ်လို့ ထင်နေကြတာလဲ။

မင်းတို့တွေက ငါ့ရဲ့ ညို့ချက်ပြင်းတဲ့ ဆွဲဆောင်မှုကို အထင်သေးနေတာပဲ … ။

ကံကောင်းစွာဖြင့် ကျန်းချန့်ယန်က ဒေါသပေါက်ကွဲသွားပေမဲ့ လက်လွတ်စပယ် မလှုပ်ရှားခဲ့ပါ။ ထိုအစား စုယန်ယန်နှင့် အဆက်အဆံလုပ်ဖူးတဲ့ ယောက်ျားလေးတွေအကြောင်း စုံစမ်းဖို့ လူတွေ လွှတ်ခဲ့သည်။

လဝက်တိတိ စုံစမ်းစစ်ဆေးပြီးနောက် ပြန်သိခဲ့ရတာက စုယန်ယန်နှင့် အဆက်အဆံလုပ်ဖူးတဲ့ ယောက်ျားလေးတွေ ဆိုလို့ သူမရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေရယ် ၊ လုပ်ငန်းတူ ပါတနာတွေရယ်ပဲ ရှိ၏။

သူမရဲ့ ဝန်ထမ်းတွေနှင့် ဖောက်ပြန်တာ မဖြစ်နိုင်သလို စီးပွားရေး ပါတနာတွေနှင့် စုယန်ယန် တွေ့ဆုံချိန်မှာလည်း ဟောက်ချန်ဟွမ်းပါ အမြဲ ရှိနေခဲ့တာမို့ ထိုလူတွေနှင့် ဖောက်ပြန်တာလည်း မဖြစ်နိုင်ပေ။

အဲ့ဒီတော့မှ ကျန်းချန့်ယန်လည်း ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ အကောင်းအတိုင်း ပြန်ဖြစ်သွားတယ် ဆိုတာကိုသာမက ထိခိုက်ထားတဲ့ အစိတ်အပိုင်း တချို့လည်း ပြန်သက်သာသွားပြီ ဆိုတာ လက်ခံလိုက်ရတော့သည်။ သူ့မှာ သူ့ဇနီးနှင့် ရတဲ့ ရင်သွေးလေးတောင် ရှိနေခဲ့ပါပြီ။

ကျန်းချန့်ယန်ရဲ့ စုယန်ယန်ကို ချီးကျူးတဲ့ စကားကို ကြားတော့ ဟောက်ချန်ဟွမ်းရဲ့ တင်းမာနေတဲ့ မျက်နှာက အနည်းငယ် ပျော့ပြောင်းသွားပြီး နူးညံ့စွာ ပြောလိုက်သည်။ “ ကျွန်တော့်မျက်လုံးထဲမှာတော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ၊ ပြီးပြည့်စုံဆုံး လူသားပဲ။ ”

+++++++

All Chapters