အခန်း ၇၃၃
Vol. 49 Ch. 733
733 01
အခန်း ( ၇၃၃ ) ကျွန်တော် ဦးလေးကို အပြစ်မတင်ပါဘူး။
ကျန်းချန့်ယန်က ဟောက်ချန်ဟွမ်းရဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်တော့ စိတ်ချမ်းသာသွားသလို နည်းနည်းလေးလည်း ဝမ်းနည်းသွားသည်။
ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ ကွယ်လွန်သွားတဲ့နောက်ပိုင်း ဒီကမ္ဘာပေါ်မှာ သူ့မိသားစု ဆိုလို့ ဟောက်ချန်ဟွမ်း တစ်ယောက်တည်းသာ ကျန်ခဲ့တာ ဖြစ်သည်။
အစတုန်းကတော့ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အားကိုးခဲ့ရပေမဲ့ အခုတော့ ဟောက်ချန်ဟွမ်းမှာ ကိုယ်ပိုင် မိသားစု ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ သူကတော့ အခုချိန်ထိ ဘဝပင်လယ်ထဲမှာ တစ်ကိုယ်တော် ရွက်လွှင့်ဆဲ။
ကျန်းချန့်ယန်ရဲ့ စိတ်ထဲကို အထီးကျန် ခံစားချက်တို့ ကုပ်တွယ်ဝင်ရောက်လာခဲ့သည်။
ဟောက်ချန်ဟွမ်းက ကျန်းချန့်ယန်ရဲ့ ရုတ်တရက် လှစ်ဟ ပေါ်လာတဲ့ ၊ အားနည်းညံ့သက်တဲ့ အခြမ်းကို သတိထားမိသွားသည်။ သူ အံ့အားသင့်သွားသလို သူ ချစ်ခင်လေးစားဖူး ၊ နာကျည်းမုန်းတီးခဲ့ဖူးတဲ့ သူ့ဦးလေးဟာ အသက်မငယ်တော့ဘူးပဲ ဆိုတာကို ရုတ်တရက် နားလည်သွား၏။
အချိန်က သူ့ရှေ့က အမျိုးသားကို မျက်နှာသာမပေးခဲ့ပါ။ သူ့နားထင်မှာ ငွေမှင်ရောင် ဆံပင်ဖြူတို့ ရောယှက်နေခဲ့ပြီ ဖြစ်ကာ မျက်လုံးထောင့်မှာလည်း အရေးအကြောင်းတွေ အများကြီး ထင်နေခဲ့ပြီ။
ဖြစ်နိုင်တာကတော့ သူ့ရှေ့က အမျိုးသားဟာ နောက်ထပ် နှစ် အနည်းငယ်အတွင်းမှာ တဖြည်းဖြည်း ခါးတွေ ကုန်း ၊ မှတ်ဉာဏ်တွေ အားနည်းလာပါလိမ့်မည်။ လူ တချို့ကိုသာ မှတ်မိပြီး လူ တချို့ကိုတော့ ရံဖန်ရံခါ မေ့လျော့သွားပါလိမ့်မည်။
အဲ့ဒါကို နားလည်သွားချိန်မှာတော့ သူ အရေးကြီးတယ်လို့ သတ်မှတ်ခဲ့ဖူးတဲ့ ကိစ္စ တော်တော်များများက လက်ရှိအချိန်မှာ အရေးမကြီးတော့တာကို ရုတ်တရက် သဘောပေါက်သွားသည်။
“ ကျွန်တော် တောင်းပန်ပါတယ်။ ”
မနေ့တုန်းက သူ ဘယ်လောက်ပဲ ပါးစပ်က ထုတ်ပြောဖို့ ကြိုးစား ကြိုးစား ၊ ပါးစပ်ထဲမှာပဲ တစ်ဆို့ရပ်တန့်နေခဲ့တဲ့ စကားလုံးတွေကို ထုတ်ပြောဖို့ ထင်သလောက် မခက်မှန်း အခုမှ ဟောက်ချန်ဟွမ်း နားလည်သွား၏။
ကျန်းချန့်ယန်သည် စက္ကန့် အနည်းငယ်လောက် ဆွံ့အနေပြီးမှ ဟောက်ချန်ဟွမ်း ပြောလိုက်တဲ့ စကားကို သေချာ နားလည်သွားကာ ရုတ်တရက် မျက်လုံးပြူးကျယ်သွားလေသည်။ “ မင်း … ”
ပြောရခက်တဲ့ တချို့ စကားတွေက ပထမဆုံးအကြိမ် စကားစပြီးနောက်မှာ ပြောရ လွယ်ကူသွားတတ်သည်။
“ ကျွန်တော့်အဖေနဲ့ အမေ ဆုံးသွားတော့ ကျွန်တော် ကိုယ့်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး။ အကြောင်းပြချက်မရှိဘဲ ဦးလေးကြောင့် သူတို့ သေရတာ ဆိုပြီး အပြစ်တင်ခဲ့မိတယ်။ အကုန် ကျွန်တော့်အမှားတွေပါပဲ။ ”
ကျန်းချန့်ယန်ရဲ့ နှလုံးသားထဲမှာ တစ်ချက် လှုပ်ခတ်သွားကာ “ ချန်ဟွမ်း … ” ဟု ခပ်တိုးတိုး ခေါ်လိုက်မိ၏။
“ ကျွန်တော့်အဖေနဲ့ အမေက သာမန် အက်ဆီးဒင့် ဟုတ်ရင် ဟုတ် ၊ မဟုတ်ရင်လည်း လူဖန်တီးထားတဲ့ အက်ဆီးဒင့်ကြောင့် သေသွားခဲ့တာ။ ဦးလေးက သူတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့ လူ မဟုတ်လို့ ဦးလေးမှာ အမှား မရှိသလို အပြစ်ကြွေးလည်း ဆပ်စရာ မလိုပါဘူး။ ”
ကျန်းချန့်ယန် ဘာစကားမှ မပြောနိုင်အောင် ဖြစ်သွားရသည်။ ဟောက်ချန်ဟွမ်းနှင့် သူ့ဆက်ဆံရေး ပြန်အဆင်ပြေအောင် ၊ မိသားစုဘဝကို သူ့ဘဝမှာ နောက်တစ်ကြိမ် ပြန်ခံစားနိုင်အောင် ကြိုးစားမည်ဟု တွေးထားပေမဲ့ အဲ့ဒါက တစ်ယောက်တည်း ရူးနေတဲ့ စိတ်ကူးသက်သက် ဖြစ်မှာကို ကြောက်ခဲ့မိသည်။
အချိန် အတော် ကြာပြီးနောက်မှာတော့ သူ အားယူပြီး ပြန်ပြောလိုက်၏။ ခြောက်ကပ်ကပ် အသံက သူ့လည်ချောင်းကို ကုတ်ခြစ်ကာ ထွက်ပေါ်လာသည်။ “ မင်း တကယ်ပဲ အဲ့လို ထင်တာလား။ မင်း သိရဲ့လား ၊ မင်းအဖေနဲ့ အမေက ငါ့ကြောင့် ပြဿနာထဲ ဆွဲထည့်ခံလိုက်ရတာလည်း ဖြစ်နိုင်တယ် ဆိုတာလေ … ”
ဟောက်ချန်ဟွမ်းက ကျန်းချန့်ယန်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်သည်။ “ ကျွန်တော်လည်း အဲ့လို တွေးမိတာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော့်မိဘတွေက ဦးလေးကြောင့် သူတို့ သေရတယ် ဆိုတာကို သိသွားရင်ရော ဦးလေးကို အပြစ်တင်မှာတဲ့လား။ ”
733 02
ကျန်းချန့်ယန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားကာ မျက်နှာဖြူရော်သွား၏။
“ မဟုတ်ဘူး။ ”
“ ဘာရယ် … ”
“ သူတို့ ဦးလေးကို အပြစ်တင်မှာ မဟုတ်ဘူး။ ” ဟောက်ချန်ဟွမ်းက အဖြေကို ကြိုသိနေသလို သေချာပိုင်နိုင်စွာ ပြောလိုက်သည်။ “ သူတို့ရဲ့ သေဆုံးမှုက ဦးလေးနဲ့ ပတ်သက်နေမှန်း သိသွားရင်တောင် ၊ သူတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့ လူတွေက ဦးလေးရဲ့ ရန်သူတွေမှန်း သိသွားရင်တောင် သူတို့ ဦးလေးကို အပြစ်တင်မှာ မဟုတ်ဘူး။ အဲ့ဒါတောင် ကျွန်တော်က ဘယ်မျက်နှာနဲ့ ဦးလေးကို အပြစ်တင်ရမှာလဲ။ ”
“ မဟုတ်ဘူး ၊ မင်း ငါ့ကို အပြစ်တင်လို့ ရပါတယ်။ ” ကျန်းချန့်ယန်က အနည်းငယ် နီရဲနေသော မျက်လုံးများဖြင့် ခေါင်းခါပြလိုက်သည်။ “ မင်းကို မိဘမဲ့ဘဝ ရောက်အောင် လုပ်ခဲ့တာ ငါပဲလေ။ မင်းမှာ ငါ့ကို အပြစ်တင်ခွင့် ရှိတာပေါ့။ ”
ဟောက်ချန်ဟွမ်း မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ သူ့မျက်လုံးထဲမှာ တည်ငြိမ်အေးချမ်းသည့် အရိပ်အငွေ့တွေ ရှိနေခဲ့သည်။ “ တခြားလူတွေ ကျူးလွန်ထားတဲ့ အမှားတွေ ၊ အပြစ်တွေနဲ့ ကိုယ့်စိတ်ကိုယ် အပင်ပန်းမခံနဲ့လို့ ယန်ယန်က ပြောဖူးတယ်။ ဘာလို့လဲ ဆိုတော့ အဲ့ဒါက ကိုယ့်ကို တန်ဖိုးထားတဲ့ လူတွေကို ဝမ်းနည်းစေပြီး ကိုယ့်ကို နာကျင်စေချင်တဲ့ လူတွေကိုတော့ ဝမ်းသာစေလိမ့်မယ်တဲ့။ အဲ့စကားက ကျွန်တော့်အတွက်လည်း မှန်တယ် ၊ ဦးလေးအတွက်လည်း မှန်တယ်။ ”
ကျန်းချန့်ယန် အဲ့ဒါကို သိပေမဲ့ တစ်ခါတရံမှာ လူတွေက ကိုယ့်စိတ်ကိုယ် ပြန်သတ်တဲ့ အတွေးတွေကို အလွယ်တကူ တွေးမိတတ်ကြသည်။ ဟောက်ချန်ဟွမ်းရဲ့ အမုန်းတရားတွေ ဖုံးလွှမ်းနေတဲ့ အကြည့်က သူ့နှလုံးသားထဲမှာ နှစ်ပေါင်းများစွာကြာသည်ထိ အဆိပ်ဆူး တစ်ချောင်းလို စိုက်ဝင်နေခဲ့၏။ ဟောက်ချန်ဟွမ်းရဲ့ အဲ့ဒီတုန်းက အကြည့်ကို အိပ်မက်,မက်တိုင်း ညလယ်ခေါင်ကြီး ရုတ်တရက် လန့်နိုးလာကာ ဘယ်လိုမှ ပြန်အိပ်လို့ မရတော့ဘဲ မျက်စိကြောင်စွာ ငုတ်တုတ်ထိုင် မိုးလင်းခဲ့ရတဲ့ ညတွေ ဆိုတာလည်း မနည်းမနော။
သူ ဒီကို ပြန်လာချင်ပေမဲ့ ပြန်မလာရဲပါ။ ပြန်လာတဲ့အခါ သူ့တူရဲ့ အမုန်းတရားတွေ ဖုံးလွှမ်းနေတဲ့ အကြည့်နှင့် ရင်ဆိုင်ရမှာ ကြောက်ခဲ့သည်။
ဒါပေမဲ့ အခုတော့ သူ အများကြီး အပြစ်ကြွေးတင်နေသည်ဟု ခံစားရသော သူ့တူက ဖြစ်ခဲ့သမျှ ကိစ္စတွေ အားလုံးဟာ သူ့အပြစ် မဟုတ်ကြောင်း သူ့ကို ပြောနေခဲ့ပါပြီ။ သူ့ကို အပြစ်တင်တဲ့ စိတ် မရှိတော့တ လည်း ကြာခဲ့ပါပြီတဲ့လေ … ။
ကျန်းချန့်ယန် တစ်ယောက် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ချင်သော်လည်း သူ့အပြုံး မပီပြင်သေးခင်မှာပဲ မျက်လုံးထဲမှာ မျက်ရည်စိုလဲ့၍ နီရဲတက်လာခဲ့လေသည်။
++++++