← Chapters

အခန်း ၇၃၅

Vol. 49 Ch. 735

အခန်း ၇၃၅

Vol. 49 Ch. 735

735 01

အခန်း ( ၇၃၅ ) ဝမ်းသာနေတဲ့ ပွဲကြည့်ပရိသတ်။

ဟောက်ချန်ဟွမ်းက ကျန်းချန့်ယန် ဘာတွေးနေလဲ ဆိုတာ သိသော်လည်း ကျန်းချန့်ယန်ကို ဆက်လက် လှောင်ရယ်နေဆဲပင်။ “ ဟမ့်။ ”

ကျန်းချန့်ယန် : “ … ” ဒါက သူ့ရဲ့ ချစ်စရာကောင်းတဲ့ တူလေးရော ဟုတ်သေးရဲ့လား။ အချိန်တွေ ကုန်သွားလိုက်ပုံများ ကြောက်စရာကောင်းလိုက်တာ။

စုယန်ယန်ကလည်း ထိုအချိန်မှာ ကွက်တိ ပြန်ရောက်လာသည်။ ဧည့်ခန်းထဲကို ဝင်သည်နှင့် တစ်ယောက်နှင့် တစ်ယောက် ( ၃ ) မီတာ ခြား၍ ထိုင်နေကြသော တူဝရီး နှစ်ယောက်ကို တွေ့လိုက်ရ၏။ တစ်ယောက်က မျက်နှာမှိုင်တွေစွာ ၊ ကျန်တစ်ယောက်ကတော့ မျက်နှာတည်တင်းစွာ။

“ ??? ” ဘာတွေ ဖြစ်နေကြတာလဲ။ ဒီနှစ်ယောက်ကို လွတ်လွတ်လပ်လပ် စကားပြောဖို့ အချိန်ပေးထားခဲ့တာတောင် မျက်နှာတွေက ဘာလို့ အခုလို ပုံစံတွေ ဖြစ်နေတာလဲ။

မဟုတ်ပါ။ သူတို့ကြားက လေထုဟာ သူမ မသွားခင်တုန်းကထက်တောင် ပိုလို့ လေးလံသွားပုံရသည်။ သူတို့ နှစ်ယောက် ရန်များဖြစ်ထားကြတာလား … ။

စုယန်ယန်ရဲ့ အတွေးစတွေ မပြတ်သေးခင်မှာပဲ ကျယ်လောင်တဲ့ ဗိုက်ထဲက တဂွီဂွီ မြည်သံ ဧည့်ခန်းထဲရှိ ကိုးရို့ကားရားနိုင်သော တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်လေသည်။

ကျန်းချန့်ယန်ရဲ့ မျက်နှာအိုအိုက နီရဲသွားပေမဲ့ သူ မနေ့ညတုန်းက စားခဲ့တဲ့ ဟော့ပေါ့ကို ဖျတ်ခနဲ ပြန်သတိရသွားသည်။

ဝဥ ချိုချိုမွှေးမွှေး ၊ လတ်ဆတ်ကြွပ်ရွနေတဲ့ သခွားသီး ၊ အရသာရှထတဲ့ ပင်လယ်စာ လတ်လတ်ဆတ်ဆတ် ၊ အသားထူပြီး ပျော့အိနူးညံ့နေတဲ့ မှို ၊ ပြီးတော့ ပါးစပ်ထဲမှာ ဝါးရတာ ထုတ်ထုတ် ထုတ်ထုတ်လေးနဲ့ စားကောင်းလွန်းတဲ့ အမဲသားလွှာတွေ ၊ အမဲအူကြမ်းတွေ … ။

ပုံမှန်ဆို ကျန်းချန့်ယန်က အစားအသောက်ကို သိပ်အာရုံစိုက်လေ့မရှိသည့်တိုင် မနေ့ညက စားခဲ့ရသော ဟော့ပေါ့အကြောင်း ပြန်တွေးမိသောအခါ နောက်တစ်ခေါက် ထပ်စားချင်စိတ်ဖြင့် တံထွေးမျိုချလိုက်မိ၏။

သူ စုယန်ယန်ကို လှည့်ကြည့်ပြီး တက်တက်ကြွကြွ ပြောလိုက်သည်။ “ မနေ့ညတုန်းက ဟော့ပေါ့ကို ဦးလေးတို့ ဒီနေ့ ထပ်စားလို့ ရဦးမလား ယန်ယန်။ ”

စုယန်ယန် : “ … ” သူမကို ဟောက်ချန်ဟွမ်းရဲ့ ဦးလေးက တစ်ခုခု စားချင်ကြောင်း ပြောတာ တိုးတက်မှုကြီး တစ်ခုမှန်း သိသော်လည်း သူ ဟော့ပေါ့ကို ဘယ်လောက် ကြိုက်ကြိုက် ၊ နေ့တိုင်း စားဖို့တော့ မသက့်တော်ပါ။ အထူးသဖြင့် ဒီနှစ်ယောက်က ဟော့ပေါ့အစပ်ကိုမှ ကြိုက်တာ။

ဟော့ပေါ့အစပ်ကို နေ့တိုင်း စားပါက အပူမတက်စေဖို့ အပူငြိမ်း စွပ်ပြုတ်နှင့် အပူငြိမ်း ရေနွေးကြမ်းကို ဘယ်လောက်ပဲ သောက်သောက် ၊ ထိရောက်မှု ရှိမှာ မဟုတ်တော့။

စုယန်ယန်က ကျန်းချန့်ယန်ရဲ့ မေးခွန်းကို ယတိပြတ် ငြင်းဆန်လိုက်ပြီး သူတို့အတွက် လိုင်ချီးသီး ၊ စီချွမ်ခရမ်းသီးနှပ်ဟင်း ၊ သခွားသီးသုပ်နှင့် တခြား ဟင်းလိာတွေကိုပဲ ပြင်ဆင်ပေးလိုက်၏။

အချိန် အတော် ကြာအောင် တုံ့ဆိုင်းနေပြီးမှ သူတို့ နှစ်ယောက်ကို သနားစိတ်ဝင်သွားကာ နေ့လယ်စာ ထမင်းဝိုင်းထဲမှာ ငါးပြုတ်ဟင်းကို ထပ်ဖြည့်လိုက်ပါသည်။

ကျန်းချန့်ယန်က အစတုန်းကတော့ ဟော့ပေါ့ ထပ်စားလို့ မရသောကြောင့် နည်းနည်းလေး စိတ်ပျက်သွားပေမဲ့ ငါးပြုတ်ဟင်းက သူ့စိတ်အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

ကလေးဘဝကတည်းက လိုချင်သမျှ အကုန် ရ ၊ ဖူးဖူးမှုတ်ခံထားခဲ့ရတဲ့ ကျန်းချန့်ယန်သည် ဒီဟင်းပွဲတွေ အကုန်လုံးကို ဟောက်မိသားစုရဲ့ ပင်တိုင် စားဖိုမှူးက စုယန်ယန် သင်ပေးထားတဲ့ ဟင်းချက်နည်းတွေအတိုင်း ချက်ထားတာ ဖြစ်ကြောင်း သိသွားချိန်မှာတော့ မနာလိုခြင်း ဆိုတဲ့ ခံစားချက်ကို ဘဝမှာ ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။

သူ့တူက ဒီလောက်တောင် အဘက်ဘက်က ပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ကို ရအောင် ယူထားတာပါလား။

ဟောက်ချန်ဟွမ်းကတော့ ဟင်းပွဲ အနည်းငယ်ကြောင့် သူ့ဦးလေးတောင် အားကျရလောက်တဲ့ အောင်နိုင်သူ ဖြစ်သွားမှန်း သူ့ကိုယ်သူ မသိရှာပေ။

နှလုံးသားထဲက ကြိုးထုံးတွေ ပြေလျော့သွားပြီမို့ ကျန်းချန့်ယန်သည် ဟောက်မိသားစု အိမ်တော်မှာ စိတ်ချမ်းသာစွာ နေထိုင်ခဲ့လေသည်။ သို့သော် နေ့ဘက်မှာတော့ အိမိမှာ မရှိဘဲ ထမင်းစားချိန်နှင့် ညဘက်မှာသာ အိမ်ပြန်လာတတ်သည်။

ဟောက်ချန်ဟွမ်းက ဟောက်ရှောက်ဖုန်းနှင့် ပူးပေါင်းကာ ဟောက်ရှောက်ဖုန်း ပြောတဲ့ သက်သေ ဆိုတာတွေကို အရယူပြီးပြီလား ဆိုတာကိုတော့ စုယန်ယန် မသိပါ။ သူ အခုတလော အတော်လေး အလုပ်ရှုပ်နေခဲ့ပြီး အိမ်တောင် သိပ်မကပ်။

အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့ စုယန်ယန်ကတော့ အလွန် ပျင်းရိနေသဖြင့် ပွဲကြည့်ပရိသတ် လုပ်ဖို့သာ တတ်နိုင်လေသည်။

ဟောက်ရှောက်ဖုန်းရဲ့ ဒရာမာကတော့ ဇာတ်သိမ်းခါနီးပြီမို့ စိတ်ဝင်စားစရာသိပ်မကောင်းတော့ပါ။ ထို့ကြောင့် စုယန်ယန်က ပစ်မှတ်ပြောင်းပြီး ဟေးရီ အန်တာတိန်းမန့်ကို ( အထူးသဖြင့် ဝမ်ကျင့်ဖျင်ရဲ့ လှုပ်ရှားမှုတွေကို ) စောင့်ကြည့်နေခဲ့၏။

735 02

ဝမ်ကျင့်ဖျင်က ပန်ယို့အန်းကို စုယန်ယန်ရဲ့ လက်ထဲမှ ဖြတ်ခုတ်ဖို့ သို့ထျန်းယီကို အပူတပြင်း တိုက်တွန်းခဲ့တယ် ဆိုတာ မြင်သာသလို စုယန်ယန်ရဲ့ “ အော်ပရာမင်းသမီး ” ဇာတ်လမ်းတွဲကို ယှဉ်ပြိုင်နိုင်ဖို့အတွက် “ ဧကရီ ” ဆိုတဲ့ ဇာတ်လမ်းတွဲကိုပါ ရိုက်ကူးနေတယ် ဆိုတာလည်း သိသာသည်။ သူမက စုယန်ယန်ရဲ့ လက်အောက်မှာ အထိနာခဲ့ရတဲ့ ဆုံးရှုံးမှုတွေ အကုန်လုံးကို ပြန်အဖတ်ဆယ်နိုင်ဖို့ အသေအလဲ ကြိုးစားနေရှာသည်။

ထို့ကြောင့်ပဲ “ အော်ပရာမင်းသမီး ” ဇာတ်လမ်းတွဲက အခုထိ သရုပ်ဆောင်ရွေးလို့ မပြီးသေးပေမဲ့ “ ဧကရီ ” ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကတော့ ရိုက်ကူးရေးကို အမြန် စတင်နေခဲ့ပြီ ဖြစ်သည်။

ဟေးရီမှာ အစီအစဉ်ကောင်းတွေ ရှိသည်။ သူတို့ ရိုက်ကူးရေး စောစော ပြီးတဲ့အခါ တည်းဖြတ်တာတွေကိုလည်း စောစောစီးစီး စတင်နိုင်မည် ဖြစ်ကာ ဝေဖန်သူတွေလက်ထဲကို စောစောစီးစီး အပ်နိုင်လိမ့်မည်။ အဲ့ဒီအခါ အခွင့်အရေးကို သူတို့ဘက်က အရင်ဆုံး မိမိရရ ဆုပ်ကိုင်ပြီး ဈေးကွက်ကိုလည်း အရင် နေရာယူနိုင်ပါလိမ့်မည်။

သူတို့ ရောက်နေတဲ့ နယ်ပယ်က ဘယ်လို နယ်ပယ်မျိုးပဲဖြစ်ဖြစ် တူညီတဲ့ အရာ တစ်ခုကို အတိုင်းအတာ တစ်ခုထိပဲ လက်ခံနိုင်တဲ့ ကန့်သတ်ချက်က အမြဲ ရှိသည်။

++++++

All Chapters