Chapters

အခန်း ၇၃၇

Vol. 50 Ch. 737

အခန်း ၇၃၇

Vol. 50 Ch. 737

737 01

အခန်း ( ၇၃၇ ) ဖျော်ဖြေဖို့ မလွယ်ကူပါ။

အင်တာနက်အသုံးပြုသူတွေက ထိုပြဿနာအကြောင်း ဆွေးနွေးနေစဉ်မှာ ကျိုးဝမ်ရှုနှင့် ဝမ်ကျင့်ဖျင်ကတော့ ရေထဲကို ပြုတ်ကျတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးနေခဲ့ကြသည်။

ဆောင်းရာသီ အစောပိုင်းကာလ ရောက်လာပြီမို့ ရာသီဥတုက အအေးဘက် ပြောင်းလာသလို ရေတွေကလည်း အထူးသဖြင့် ညဘက်တွေမှာ ရေခဲတမျှ အေးစက်နေတတ်သည်။

သို့သော်လည်း ဝမ်ကျင့်ဖျင်က သရုပ်ဆောင်မကောင်းသဖြင့် ထိုဇာတ်ဝင်ခန်း တစ်ခန်းတည်းကိုပင် ( ၇ ) ကြိမ် ၊ ( ၈ ) ကြိမ်လောက် ထပ်တလဲလဲ ရိုက်ကူးနေခဲ့ရ၏။ ကျိုးဝမ်ရှုက မိတ်ကပ်ကို ပြန်ပြင်လိုက် ၊ ရေထဲ ပြုတ်ကျတဲ့ ဇာတ်ဝင်ခန်းကို သရုပ်‌ဆောင်လိုက် ၊ မိတ်ကပ် ထပ်ပြင်လိုက် ၊ ရေထဲ ပြုတ်ကျတဲ့ ဇာတ်ဝင်ခန်းကို ထပ်သရုပ်ဆောင်လိုက်ရဖြင့် သံသရာလည်နေကာ ကြာတော့ မျက်နှာမည်းမှောင်လာလေသည်။

ကြာတော့ ဒါရိုက်တာလည်း သည်းမခံနိုင်တော့ဘဲ ကျိုးဝမ်ရှုကို အရင် နားခိုင်းလိုက်ကာ အသံချဲ့စက်ဖြင့် ဝမ်ကျင့်ဖျင်ကို အပြစ်တင် ဝေဖန်လိုက်တော့သည်။

“ ဝမ်ရှု … ” ရိုက်ကွင်းဘေးမှာ တောက်လျှောက် ရပ်ကြည့်နေခဲ့တဲ့ ကျိုးဝမ်ရှုရဲ့ မန်နေဂျာက ကျိုးဝမ်ရှုကို ဒါရိုက်တာက အနားပေးလိုက်သည်နှင့် သူမဆီ ချက်ချင်း ပြေးသွားကာ စောင်ကို လွှားခြုံပေးလိုက်၏။ ထို့နောက် စိုးရိမ်တကြီး မေးလိုက်သည်။ “ နင် အဆင်ပြေရဲ့လား။ နွေးသွားအောင် မြန်မြန် အဝတ်လဲပြီး စောင်ခြုံထားလိုက်။ ငါ ဝမ်လေးကို နင့်အတွက် ချင်း(ဂျင်း)ပြုတ်ရည် သွားဝယ်ခိုင်းထားတယ်။ အဲ့ဒါ သောက်လိုက်ရင် နင် နွေးသွားလိမ့်မယ်။ ”

ချမ်းစိမ့်မှုကြောင့် ကျိုးဝမ်ရှုရဲ့ မျက်နှာနှင့် နှုတ်ခမ်းတွေဟာ ပြာနှမ်းနေခဲ့သည်။ ချင်း(ဂျင်း)ပြုတ်ရည် သောက်ပြီးသွားတော့မှသာ သူမ နည်းနည်းလေး နွေးထွေးသွား၏။

ကျိုးဝမ်ရှုသည် ဒီမင်းသမီး အသစ်လေးရဲ့ ဇာတ်ရုပ်ကို ပိုကြွလာအောင် ပံ့ပိုးကူညီပေးရမယ့် အရံသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းခံထားရတာ ဖြစ်သည်။

ကျိုးဝမ်ရှုနှင့် သူမရဲ့ မန်နေဂျာတို့ ကုမ္ပဏီကို ပြန်ရောက်တဲ့အချိန် ဇာတ်ညွှန်းကို မြင်လိုက်ရသောအခါ မျက်နှာတွေ မည်းမှောင်သွားကြသည်။ သို့သော်လည်း အထက်လူကြီးတွေရဲ့ ဖိအားပေးမှုကြောင့် နောက်ဆုံးမှာတော့ စိတ်မပါ လက်မပါဖြင့် စာချုပ်မှာ လက်မှတ်ထိုးလိုက်ရလေသည်။

ဝမ်ကျင့်ဖျင်က သရုပ်ဆောင်ကောင်းလျှင် တော်သေးပေမဲ့ တကယ့် တကယ် လက်တွေ့မှာတော့ သူမဟာ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကအထိ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ပလက်ဖောင်း တစ်ခုမှာ ကျင်လည်ခဲ့တဲ့ သာမန် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ တစ်ယောက်သာ ဖြစ်ခဲ့တာမို့ မင်းသမီးလုပ်ဖို့ အဆင်သင့် မဖြစ်သေးပါ။

သူမမှာ ရှိနေတဲ့ အဓိက ဇာတ်လိုက်ရဲ့ ကံကောင်းမှု လင်းရောင်ခြည်ကြောင့် နှစ်လ ၊ သုံးလအတွင်းမှာပင် သရုပ်ဆောင်နည်းတွေကို သာမန်လောက်တော့ လေ့လာပြီးခဲ့သော်လည်း သူမထက် အများကြီး ဝါရင့်တဲ့ စီနီယာတွေရှေ့မှာတော့ လိုအပ်ချက်တွေ ရှိနေဆဲ။

ပြီးတော့ ဟေးရီ အန်တာတိန်းမန့်က အခွင့်အရေးကို မိမိရရ အသုံးချနိုင်‌စေဖို့ ရိုက်ကူးရေးကို အစောကြီး စခဲ့တာမို့ ဝမ်ကျင့်ဖျင်အတွက်တော့ အဲ့ဒါက မကျက်သေးတဲ့ အသားကို ထမင်းစားပွဲပေါ် တင်လိုက်တာနှင့် တော်တော်လေး တူသည်။

ထိုအဖြစ်အပျက်ရဲ့ အကျိုးဆက်တွေကိုတော့ ပြေးကြည့်စရာတောင် မလို။ တစ်လတိတိ ရိုက်ကူးရေးလုပ်ပြီးနောက်မှာတော့ ထုတ်လုပ်ရေးအဖွဲ့သည် နေ့တိုင်း စိတ်မရှည်မှုတွေကို မနည်း ဆွဲဆန့်ထားခဲ့ရလေသည်။ လေထုကလည်း စိတ်ပျက်ဖွယ်အတိ။

တခြား သရုပ်ဆောင်တွေရော ၊ ရိုက်ကူးရေးဝန်ထမ်းတွေပါ ဝမ်ကျင့်ဖျင်ကို စိတ်ပျက်နေခဲ့ကြ၏။ ဒီလိုသာဆို သူတို့ရဲ့ ဇာတ်လမ်းတွဲက ဘယ်လိုလုပ် ကောင်းကောင်းမွန်မွန် ထွက်လာတော့မှာလဲ။

“ အာ … ” ကျိုးဝမ်ရှုနှင့် အစ်မဝမ်တို့ စကားပြောနေစဉ်မှာ တအံ့တဩ ဖြစ်သွားတဲ့ အာမေဋိတ်သံ‌လေးက ဘေးကနေ ထွက်ပေါ်လာသောကြောင့် အသံလာရာဆီ လှမ်းကြည့်လိုက်တော့ အသံပိုင်ရှင်က ကျိုးဝမ်ရှုရဲ့ လက်ထောက် ဝမ်လေး ဖြစ်နေပါသည်။

++++++