← Chapters

အခန်း ၇၃၉

Vol. 50 Ch. 739

အခန်း ၇၃၉

Vol. 50 Ch. 739

739 01

အခန်း ( ၇၃၉ ) မင်းသမီး အသစ်လေးကို ကူညီပံ့ပိုးပေးတဲ့ စီနီယာ မင်းသမီး။

ပြဿနာက အဲ့ဒီမှာတင် ပြီးမသွားပါ။ နာမည်ကျော် ကျိုးဝမ်ရှုဟာ ဟေးရီ အန်တာတိန်းမန့်က မျက်နှာသစ် သရုပ်ဆောင်မလေး တစ်ယောက်အတွက် အရန်ဇာတ်ကောင်နေရာက တွဲဖက် သရုပ်ဆောင်ပေးရမည့် သတင်းပြန့်သွားချိန်မှာ မီဒီယာ တစ်ခုက ပို့စ်တင်ခဲ့လေသည်။ “ ဟေးရီ အန်တာတိန်းမန့်ရဲ့ မျက်နှာသစ် သရုပ်ဆောင်မလေးမှာ ကျောထောက်နောက်ခံ ကောင်းကောင်း ရှိနေတာလား။ နာမည်ကြီး မင်းသမီး ကျိုးဝမ်ရှုအောင် သူမကြောင့်နဲ့ ရေထဲမှာ ( ၂ ) နာရီတိတိ ‌အအေးခံခဲ့ရတယ်။ ” ထိုသတင်းက ရှိရင်းစွဲ ရုတ်ရုတ်သဲသဲ အခြေအနေကို ပိုလို့ တောက်လောင်သွားစေခဲ့သည်။

ကျိုးဝမ်ရှုရဲ့ ပရိသတ်တွေက သူတို့ရဲ့ အိုင်ဒေါကို ဘာပရောဂျက်မှ လက်ဆုပ်လက်ကိုင်ပြစရာ မရှိတဲ့ သရုပ်ဆောင် အသစ် တစ်ယောက်နှင့် တွဲဖက် သရုပ်ဆောင်ခိုင်းတဲ့ ကုမ္ပဏီကို အစကတည်းက ဒေါသထွက်နေခဲ့တာမို့ ထိုသတင်းကို မြင်သောအခါ ယမ်းပုံမီးကျ ပေါက်ကွဲသွားကြ၏။

ထိုသတင်းနှင့်အတူ ရေထဲက တက်လာတဲ့ ကျိုးဝမ်ရှုရဲ့ ဖြူဖတ်ဖြူရော် မျက်နှာကို ရိုက်ထားသော ဓာတ်ပုံနှင့် ရိုက်ကွင်းထဲက ထွက်သွားတဲ့ သူမကို ဘေးကနေ သူမရဲ့ မန်နေဂျာနှင့် လက်ထောက်က တွဲကူပေးထားရတဲ့ ဗီဒီယိုကိုပါ တစ်ပါတည်း တင်ထားသည်။

ဗီဒီယိုထဲမှာ ကျိုးဝမ်ရှုရဲ့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာကို ရှင်းလင်းပြတ်သားစွာ မြင်နေရကာ သူမရဲ့ ခိုက်ခိုက်တုန်အောက် ချမ်းတုန်ရီနေတဲ့ ပုံရိပ်လေးက ပရိသတ်များစွာရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ခါ၍ ပိုပြီးတော့တောင် သူမအတွက် ဒေါသထွက် စိတ်ပူသွားစေခဲ့ပါသည်။

[ ဒေါသထွက်လိုက်တာ .. ဒေါသထွက်လိုက်တာ။ ငါတို့ဝမ်ရှုလေးရဲ့ မျက်နှာကို ကြည့်ပါဦး ၊ သွေးမရှိတော့သလိုကို ဖြူရော်နေတာ။ သေချာတောင် မတ်တပ်မရပ်နိုင်တော့ဘူး။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ရိုက်ကူးရေးလုပ်နေတာလား ၊ သူ့ကို သေအောင် သတ်နေတာလား။ ]

[ ဟိုဇာတ်လိုက်မင်းသမီးက သရုပ်ဆောင်မကောင်းလို့ ရှုရှုက အဲ့ဇာတ်ဝင်ခန်းကို ခဏ ခဏ ပြန်ရိုက်ရင်း ရေထဲကို ဆယ်ခေါက်ကျော် ခုန်ချရတာလို့ တစ်ယောက် ပြောထားတာ ငါ တွေ့တယ်။ ဒီရာသီဥတုနဲ့ ရေထဲကို တစ်ခေါက် ခုန်ချရတာနဲ့တင် တော်တော် အေးမှာကို အခုတော့ ဆယ်ခေါက်ကျော်တောင်တဲ့လား … ။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်တာရော သေချာရဲ့လား။ ]

[ ချီး ၊ အဲ့ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဟုတ်,ဟုတ် မဟုတ်,ဟုတ် အဲ့ဇာတ်လိုက်မင်းသမီးက တကယ့်ကို သရုပ်ဆောင်ညံ့တာပဲ။ သရုပ်ဆောင်လုပ်ဖို့ အရည်အချင်းမရှိရင်လည်း ဘာလို့ ဇာတ်လိုက်မင်းသမီး လာလုပ်နေတာလဲ။ အဲ့လောက် အသုံးမကျရင် တခြား လူတွေ ဒုက္ခမရောက်အောင်လို့ အစကတည်းက ဒီအလုပ်ကို လက်မခံနဲ့လေ။ မင်း ကိုယ့်ကိုယ်ကိုယ် အရမ်း ဂုဏ်ယူနေတာလား ၊ ဒါမှမဟုတ် အရမ်း အောင်မြင်နေတဲ့ ငါတို့ရှုရှုလေးကို မနာလိုတဲ့ တစ်ယောက်ယောက်က သူ့ကို ရည်ရွယ်ချက်ရှိရှိ အန္တရာယ်ပေးဖို့ လုပ်နေတာလား။ ]

[ အဲ့ဇာတ်လိုက်မင်းသမီးမှာ ဘယ်လို ‌ကျောထောက်နောက်ခံမျိုး ရှိနေတာလဲ။ သူက လူချမ်းသာ မိသားစု တစ်ခုခုက သခင်မလေးလား ၊ ဒါမှမဟုတ် သူ့မှာ အဆက်အသွယ်ကောင်းတွေ ရှိနေတာလား။ ရှုရှုလေးက ဒီလောက်ထိ အနိုင်ကျင့်ခံထားရတာကို ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နဲ့ စီမံခန့်ခွဲရေးအဖွဲ့ထဲက လူတွေ အကုန်လုံး သေနေကြတာလား။ အဲ့ဇာတ်လိုက်မင်းသမီးကို ဘယ်လို တားရမလဲ ဆိုတာ သူတို့ မသိကြဘူးလား။ ]

[ ဘယ်ကသာ ၊ ဘာကို သခင်မလေးလဲ။ သူက ချမ်းသာတဲ့ မိသားစု တစ်ခုခုက သခင်လေး တစ်ယောက်ကို မြူဆွယ်ထားတဲ့ မိန်းမလည်နဲ့ ပိုတူတယ်။ အဲ့မိန်းမက တုန်ချမ်းရဲ့ ဘော့စ်နဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းရဲ့ တိတ်တိတ်ပုန်း ဇယားလေး ဖြစ်ခဲ့ဖူးတယ်။ သူက အဲ့ဒီ အမှိုက်ကောင် သတို့သားလောင်းကိုတောင် တုန်ချမ်းရဲ့ ဘော့စ်ဆီ ခေါ်သွားပြီး ပွဲရှာခဲ့သေးတယ်လေ။ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်လိုက်မင်းသမီးနေရာကို ရဖို့ သူ ဟေးရီ အန်တာတိန်းမန့်က လုပ်ပိုင်ခွင့်ရှိတဲ့ လူကြီး တစ်ယောက်ယောက်ရဲ့ အိပ်ရာထဲ ဝင်ပြီး မာယာတွေ သုံးရင် သုံးခဲ့မှာပေါ့။ အဲ့မိန်းမက ရှုရှုကိုတောင် သူ့အတွက် အရန်သရုပ်ဆောင် လုပ်ခိုင်းလိုက်သေးတယ်။ ရွံစရာ မိန်းမပဲ။ ]

[ အမှိုက်လို ကုမ္ပဏီ။ ရှုရှု အဲ့ကုမ္ပဏီအတွက် ပိုက်ဆံတွေ အများကြီး ရှာပေးခဲ့တာ ဘယ်နှနှစ်တောင် ရှိပြီလဲ။ နောက်ဆုံးကျတော့ သူတို့က ဝမ်ကျင့်ဖျင်လို အမှိုက်အတွက်နဲ့ ရှုရှုကို ချနင်းခဲ့တယ်။ အဲ့ခွေးကုမ္ပဏီမှာ အသည်းနှလုံး မရှိဘူး။ ]

ထိုသတင်းပြန့်သွားသည်နှင့် ကျိုးဝမ်ရှုရဲ့ ပရိသတ်တွေကို အကြီးအကျယ် ဒေါသထွက်သွားစေခဲ့လေသည်။ သူတို့က ဝမ်ကျင့်ဖျင်ကို ကျိန်ဆဲခဲ့ကြပြီး ဟေးရီကိုပါ တစ်ခါတည်း ပူးတွဲ ကျိန်ဆဲခဲ့ကြသည်။

739 02

ဟေးရီ အန်တာတိန်းမန့်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနသည် သူတို့ရဲ့ လုပ်လက်စ အလုပ်ကို လက်စမသတ်နိုင်သေးခင်မှာပဲ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကြားက အတွင်းရေး ပဋိပက္ခတွေ ပါဝင်နေတဲ့ နောက်ထပ် အတင်းအဖျင်း တစ်ခုကို အစဆွဲထုတ်မိခဲ့လေသည်။

ဒီလို အကျပ်အတည်း အခြေအနေမျိုးမှာ သူတို့ လုပ်နိုင်တာ ဆိုလို့ ကျိုးဝမ်ရှုရဲ့ မန်နေဂျာကို ဖုန်းဆက်ပြီး ဒီပြဿနာကို ပြေလည်စေဖို့ ဖြေရှင်းချက် ထုတ်ပြန်ခိုင်းတာပဲ ရှိ၏။

အစ်မမင်ကို သူတို့ ဖုန်းလှမ်းဆက်ချိန်မှာ ကျိုးဝမ်ရှုက အဖျားကြီးနေတာ ဖြစ်သည်။ သူမက လွန်ခဲ့တဲ့ ( ၁ ) နှစ် ၊ ( ၂ ) နှစ်လောက်ကတည်းက အလုပ်တွေ သည်းကြီးမည်းကြီး လုပ်ခဲ့တာမို့ ခန္ဓာကိုယ်ကလည်း အားနည်းနေခဲ့ပါပြီ။

အခုတော့ ရိုက်ကူးရေးလုပ်ရင်း ရေခဲတမျှ အေးစက်နေတဲ့ ရေထဲကို ထပ်တလဲလဲ ခုန်ချခဲ့ရတာမို့ ခန္ဓာကိုယ်က ဘယ်လိုမှ ခံနိုင်ရည်မရှိတော့ဘဲ အဖျားကြောင့် နည်းနည်းလေး မူးနောက်နောက် ဖြစ်နေခဲ့သည်။

ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က အစ်မမင်ထံ ဖုန်းဆက်ပြီး ဝမ်ကျင့်ဖျင်ကို ကာကွယ်ဖို့အတွက် ဖြေရှင်းချက်ထုတ်ပြန်ဖို့ အကူအညီတောင်း ( အမိန့်ပေး ) ချိန်မှာ အစ်မမင်သည် ဒေါသကြောင့် ဖုန်းကို ပစ်ပေါက်ခွဲမိတော့မလိုတောင် ဖြစ်သွားသည်။

အဖျားကြောင့် အသိစိတ်ကပ် တစ်လှည့် ၊ မူးဝေ တစ်လှည့် ဖြစ်နေတဲ့ ကျိုးဝမ်ရှုက အခန်းအပြင်ဘက်မှာ ဖုန်းပြောရင်း ငြင်းခုံနေတဲ့ အစ်မမင်ရဲ့ စကားသံတွေကို ကြားသွားကာ စိတ်ထဲမှာ အေးခဲသွား၏။

ဒီလိုမျိုးတွေ ဖြစ်လာမှာကို ကြိုသိထားပေမဲ့လည်းပေါ့လေ … ။ ကုမ္ပဏီက ဖျားနေတဲ့ သူမကို စိုးရိမ်ပူပန်စွာ သတင်းမမေးလျှင်တောင် ကိစ္စမရှိပေမဲ့ သူတို့က သူမကို သတင်းမမေးတဲ့အပြင် ကောလဟာလတွေကို ဖြေရှင်းပေးဖို့တောင် အပူတပြင်း လာအကူအညီတောင်းနေပါသည်။ သူတို့အတွက် ဘယ်သူက ပိုအရေးပါလဲ ဆိုတာ အသိအသာပါပဲ။

လူ တစ်ယောက်က နေမကောင်းဖြစ်နေတဲ့အချိန်မျိုးမှာ စိတ်ရော ၊ ကိုယ်ရော အားနည်းပြီး အတွေးလွန်တတ်သည်။ ထိုကိစ္စကို ကျိုးဝမ်ရှု နေကောင်းတဲ့အချိန်မှာ ဖုန်းဆက်ပြောလျှင်တော့ သူမရဲ့ စိတ်ထဲက ဘယ်လောက်ပဲ မကျေနပ်ပါစေ ၊ ကျိတ်မှိတ် သည်းခံနိုင်လောက်သည်။

++++++

All Chapters