အခန်း ၇၄၀
Vol. 50 Ch. 740
740 01
အခန်း ( ၇၄၀ ) နေမကောင်းဖြစ်၍ နှုတ်ထွက်ရခြင်း။
ဒါပေမဲ့ ဒီလို အချိန်မှာတော့ ကျိုးဝမ်ရှု တစ်ယောက် ဒေါသကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
သူမက အစကတည်းက စိတ်ရှည်သည်းခံတတ်တဲ့ လူမျိုး မဟုတ်ပါ။ ဟေးရီနှင့် ချုပ်ထားတဲ့ စာချုပ်ရယ် ၊ သူမကို ကူညီပေးနေတဲ့ မန်နေဂျာရယ်ကြောင့်သာ မဟုတ်ရင် သူမရဲ့ ဒေါသကို လာဆွတဲ့ တချို့ လူတွေကို တစ်စစီဖြစ်အောင် လုပ်ပြီးတာ ကြာလှပါပြီ။
ဒီအဖြစ်အပျက် တမြေ့မြေ့ လောင်နေတဲ့ မီးတောက်ပေါ်ကို ဓာတ်ဆီလောင်းချလိုက်သလိုပဲ ဖြစ်ပြီး သူမရဲ့ နောက်ဆုံးလက်ကျန် သည်းခံနိုင်စွမ်းကို ကျိုးကြေသွားစေခဲ့လေသည်။ အကြာကြီး ချုပ်တည်းထားရတဲ့ ကျိုးဝမ်ရှုရဲ့ ဒေါသတွေ ရုတ်တရက် ထပေါက်ကွဲသွားသည်။
“ ပို့စ်တင်လိုက်။ ”
“ ဟမ်။ ” အစ်မမင်က ကျိုးဝမ်ရှုကို တအံ့တဩ အကြည့်ဖြင့် လှည့်ကြည့်သည်။
ကျိုးဝမ်ရှုရဲ့ မျက်နှာက အဖျားသွေးကြောင့် နီလွှမ်းနေဆဲ ဖြစ်ပေမဲ့ မျက်လုံးတွေကတော့ အံ့ဩဖွယ်ကောင်းစွာ စူးရှနေသည်။ “ သူတို့ အစ်မကို ပို့စ်တင်စေချင်ရင် တင်လိုက်ပေါ့။ ထုတ်လုပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းစရာရှိတာတွေ ညှိနှိုင်းလိုက်။ ဒီဇာတ်လမ်းတွဲကနေ ကျွန်မ နှုတ်ထွက်မယ်။ ”
“ နှုတ်ထွက်မယ် … ” ဝမ်လေးနှင့် အစ်မမင်ရဲ့ တုန်လှုပ်သွားတဲ့ အသံက ပြိုင်တူ ထွက်လာ၏။
“ ဒါဆို လျော်ကြေးကရော … ”
“ အဲ့လောက် မများပါဘူး။ ”
ဒီဇာတ်လမ်းတွဲကို ဟေးရီ အန်တာတိန်းမန့်ကို အရင်းအနှီးထုတ်ပေးထားတာပင်။ သူတို့ကုမ္ပဏီက အနုပညာရှင်တွေကတော့ ဘာပြဿနာမှ ရှာမှာ မဟုတ်ပါဘူးလို့ပဲ ယုံကြည်ထားလို့လား မပြောတတ် ၊ သူမနှင့် ချုပ်ထားတဲ့ စာချုပ်ထဲမှာ ပါတဲ့ အချက်တွေကို တော်တော်လေး လျော့ပေါ့ထား၏။ လျော်ကြေးက မနည်းပေမဲ့ ကျိုးဝမ်ရှုအတွက်တော့ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါ။
ပြီးတော့ ဒီပြဿနာကို အသုံးချပြီး သူမ ကုမ္ပဏီကို စမ်းသပ်ချင်သည်။
ထုတ်လုပ်ရေးအဖွဲ့က သူမဆီက တကယ်ပဲ လျော်ကြေးတောင်းတယ် ဆိုရင်တော့ ..
ကျိုးဝမ်ရှုက ဒေါသထွက်နေပေမဲ့ အစ်မမင်ကတော့ နည်းနည်းလေး တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ “ ဒါပေမဲ့ ကုမ္ပဏီက … ”
“ ကျွန်မ အဲ့ကုမ္ပဏီနဲ့ စာချုပ်သက်တမ်း နှစ်ဝက်ပဲ ကျန်တော့တာပါ။ ကျွန်မကို ဒီကြားထဲ ဘာပရောဂျက်မှ ထပ်မပေးလည်း နှစ်ဝက် ဆိုတာ အရမ်း မကြာပါဘူး။ ” ကျိုးဝမ်ရှုက ပြောရင်း တဟွတ်ဟွတ် ချောင်းဆိုးလိုက်သည်။ ကရုဏာသက်ဖွယ် ချောင်းဆိုးသံက အစ်မမင်ရဲ့ နှလုံးသားကို ဆစ်ခနဲ နာကျင်သွားစေသည်။
တကယ်လည်း သူမမှာ ကုမ္ပဏီနှင့် စာချုပ် တစ်နှစ်ပဲ ကျန်တော့တာပါ။ ကုမ္ပဏီဘက်က လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက စာချုပ်သက်တမ်း ထပ်တိုးဖို့ အစ်မမင်ကို ဆက်သွယ်ကာ ညှိနှိုင်းဆွေးနွေးနေခဲ့တာပင်။
ကျိုးဝမ်ရှုက ဒီပြဿနာကြောင့် အခုထိ စာချုပ်သက်တမ်း မတိုးရသေးပေ။ ကုမ္ပဏီက သူမအတွက် ဘာမှ လုပ်မပေးဘဲ ဝမ်ကျင့်ဖျင်အတွက်နှင့် သူမကို စွန့်လွှတ်လိုက်ပါက သူမလည်း ထိုကုမ္ပဏီမှာ ဆက်နေစရာ အကြောင်း မရှိတော့။
“ ကုမ္ပဏီက ဒီကိစ္စလေးအတွက်နဲ့ ကျွန်မကို တကယ်ပဲ စွန့်ပစ်မှာလား ဆိုတာ သိချင်တယ်။ ” သူတို့ဘက်က တကယ် စွန့်ပစ်နိုင်လျှင်တော့ သူမအတွက်လည်း ဘာမှ လွမ်းစရာ မရှိ။
ကျိုးဝမ်ရှုရဲ့ မန်နေဂျာက ချက်ချင်းပဲ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ထံ ဖုန်းဆက်ကာ ကျိုးဝမ်ရှုက ရိုက်ကူးရေးအဖွဲ့နှင့် စာချုပ်ဖျက်သိမ်းချင်ကြောင်း ပါးပါးနပ်နပ် ပြောလိုက်လေသည်။
ထင်တဲ့အတိုင်း ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က လက်မခံဘဲ ဟေးရီ အန်တာတိန်းမန့်ရဲ့ စီမံခန့်ခွဲရေးဌာနကို ဆက်သွယ်ကာ ကျိုးဝမ်ရှုကို ဖိအားပေးခိုင်းခဲ့သည်။
သို့သော်လည်း အံ့ဩစရာကောင်းစွာပင် ဟေးရီ အန်တာတိန်းမန့်သည် ဖန်ယို့အန်းနှင့် ဖုန်းပြောပြီးနောက် တိကျတဲ့ အဖြေကို မပေးဘဲ ကျိုးဝမ်ရှုနှင့် ညှိနှိုင်းကြည့်ပါဦးမည် ဟူ၍သာ ပြောသွား၏။
740 02
နောက်တစ်နေ့မနက် ရောက်တော့ ဟေးရီက သူတို့ကို အဖြေပြန်ပေးသည်။ ကျိုးဝမ်ရှုက နေမကောင်းဖြစ်နေလို့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့အနေဖြင့် သူမရဲ့ နှုတ်ထွက်ခြင်းကို လက်ခံပေးဖို့ မျှော်လင့်ပါသည်တဲ့။ ဒီအတောအတွင်း ကျသင့်ခဲ့တဲ့ ကုန်ကျစရိတ်တွေ ၊ ဆုံးရှုံးမှုတွေ အကုန်လုံးအတွက် ဟေးရီဘက်က တာဝန်ယူပါမည် ဟူ၍ တစ်ခါတည်း ထည့်ပြောထားသည်။
ထိုရလဒ်က ထုတ်လုပ်ရေးအဖွဲ့ထဲက လူတွေရဲ့ အထင်ကို ရိုက်ချိုးလိုက်သလိုပဲ ဖြစ်ပြီး ကျိုးဝမ်ရှုနှင့် သူမရဲ့ မန်နေဂျာပင်လျှင် နည်းနည်းလေးတော့ လွဲနေသည်ဟု ခံစားရသည်။
ကုမ္ပဏီဘက်က အလျော့ပေးလိုက်ပြီမို့ သူတို့လည်း အရမ်းကြီး သတိထားနေစရာ မလိုတော့ပါ။ ကျိုးဝမ်ရှုတို့သည် ချက်ချင်းပဲ ယုံကြည်ချက်မြင့်တက်သွား၏။
နောက်တစ်နေ့မနက် ရောက်တော့ ကျိုးဝမ်ရှုရဲ့ မန်နေဂျာက ကြေညာစာ ထုတ်ပြန်လိုက်သည်။
ကြေညာစာရဲ့ အနှစ်ချုပ်ကတော့ ကျိုးဝမ်ရှုက ရုတ်တရက် ဖျားနာမှုကြောင့် “ ဧကရီ ” ဇာတ်လမ်းတွဲမှ နှုတ်ထွက်မည့်အကြောင်း ပြောထားတာ ဖြစ်၏။ သူမကို ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့နှင့် ဝန်ထမ်းတွေ အကုန်လုံးကို ကျေးဇူးတင်ကြောင်း ပြောထားပြီး အတူတကွ အလုပ်ဆက်လုပ်ခွင့်မရသည့်အတွက် ဝမ်းနည်းမိကြောင်းနှင့် အနာဂတ်မှာ ထပ်မံ လက်တွဲခွင့်ရဖို့ မျှော်လင့်ကြောင်း ပြောထားသည်။
ဘယ်သူမဆို ထိုကြေညာစာကို ကြည့်ရုံဖြင့် နောက်ကွယ်က ဇာတ်လမ်းကို ခန့်မှန်းနိုင်သည်။ စာထဲမှာ ကျိုးဝမ်ရှုက ရုတ်တရက် နေမကောင်းဖြစ်သွား၍ ဇာတ်လမ်းတွဲမှ နှုတ်ထွက်ရမည်ဟု ပြောထားပေမဲ့ သူမရဲ့ ပရိသတ်တွေကတော့ မယုံကြ။
ထိုအချိန်မှာပဲ မီဒီယာ တစ်ခုက သူတို့ရဲ့ နတ်သမီးလေး ကျိုးဝမ်ရှုဟာ ရိုက်ကွင်းမှာ အနိုင်ကျင့်ခံရပြီး ရာသီဥတု ချမ်းချမ်းစီးစီးမှာ ရေအေးအေးထဲ တစ်နာရီ ၊ နှစ်နာရီလောက် စိမ်လိုက်ရလို့ နေမကောင်းဖြစ်သွားတာ ဖြစ်ကြောင်း ဖော်ထုတ်လိုက်လေသည်။
လူတိုင်းကို ငတုံးတွေလို့ သူတို့ ထင်နေကြတာလား။
++++++