အခန်း ၇၄၁
Vol. 50 Ch. 741
741 01
အခန်း ( ၇၄၁ ) ဒါ မဟုတ်ဘူး။
အဓိပ္ပာယ်မရှိတဲ့ အလိမ်အညာတွေ အများကြီး ပြောခဲ့ပေမဲ့ ရုတ်တရက် နေမကောင်းဖြစ်သွားတယ် ဆိုတာက အကြောင်းပြချက် အတု ဖြစ်ပြီး တကယ်တော့ သူမက ရေထဲမှာ အချိန် အကြာကြီး အအေးခံလိုက်ရလို့ နေမကောင်းဖြစ်သွားတာပင်။
ထိုသတင်းပြန့်သွားသည်နှင့် တစ်ပြိုင်နက် ပရိသတ်တွေက ငြိမ်ကျမသွားဘဲ ဝမ်ကျင့်ဖျင်ကို ပိုလို့တောင် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခဲ့ကြသည်။ တချို့ ပရိသတ်တွေဆိုလျှင် ကျိုးဝမ်ရှုကို စာချုပ်သက်တမ်းကုန်သွားလျှင် တုန်ချမ်းနှင့် စာချုပ် ချုပ်ဖို့ တိုက်တွန်းနေကြသည်။
[ အန်တာတိန်းမန့် ကုမ္ပဏီ အချင်းချင်းပဲ ဆိုတော့ နှိုင်းယှဉ်ရတာလည်း လွယ်တယ်လေ။ တုန်ချမ်းဆို သူတို့ရဲ့ အနုပညာရှင်တွေ ၊ ဝန်ထမ်းတွေကို ဘယ်လောက်တောင် ကာကွယ်ပေးတတ်လဲ ၊ ဘယ်လောက်တောင် လေးစားမှုရှိလဲ ကြည့်ပါဦး။ ငါတို့ရှုရှုလေးရဲ့ ကုမ္ပဏီကတော့ … ကျွတ် ကျွတ် ကျွတ် … ]
စုယန်ယန်သည် သူမရဲ့ ကုမ္ပဏီနာမည်ကို ထည့်ပြောထားတာ မြင်ချိန်မှာ အသံထွက် ရယ်ချမိတော့မလို ဖြစ်သွားသည်။ ဟေးရီ အန်တာတိန်းမန့်က သူမရဲ့ ကုမ္ပဏီကို တစ်ဖက်တစ်လမ်းကနေ သွယ်ဝိုက်ပြီး ကြေညာပေးနေသည့်အတွက် ကျေးဇူးတင်စရာကောင်းသည်ဟု အမြဲ ခံစားရ၏။
အမြဲတမ်း သူတို့ ဘာပဲလုပ်လုပ် ၊ ကြော်ငြာတွေက သူမကို အကျိုးရှိစေခြင်းဖြင့်သာ အဆုံးသတ်သွားသည်။
သို့သော်လည်း ဟေးရီ အန်တာတိန်းမန့်ရဲ့ စီမံခန့်ခွဲတဲ့ ပုံစံက စုယန်ယန် မျှော်လင့်ထားသလို မဟုတ်ပါ။ သူတို့က ကုမ္ပဏီ တစ်ခုတည်းကပဲမို့ နောက်ကွယ်မှာ ပြဿနာတွေ ဘယ်လောက် တက်နေပါစေ ၊ အဲ့ဒါတွေကို လူသိရှင်ကြား ချပြမှာ မဟုတ်ဘူးလို့ သူမ ထင်ထားခဲ့တာပင်။
အခုတော့ သူမ ခန့်မှန်းတာ လွဲသွားတယ် ထင်တယ် … ။ ဝမ်ကျင့်ဖျင် ခက်ခက်ခဲခဲ ပြန်တည်ဆောက်ထားရသော နာမည်က အရင်ကထက်တောင် ပိုပျက်ဆီးသွားပြီမို့ အခုချိန်ဆို သူမ သွေးတက်နေလောက်ပါပြီ။
တကယ်လည်း ဝမ်ကျင့်ဖျင် တစ်ယောက် ဒေါသကြောင့် စိတ်လွတ်သွားတော့မလို့ပါပဲ။ ရိုက်ကွင်းကနေ ကျိုးဝမ်ရှု ပြန်သွားပြီးနောက် သိပ်မကြာလိုက်ဘဲ သူမလည်း ပြန်လာခဲ့သည်။
ရိုက်ကွင်းက မပြန်ခင်မှာ ဒါရိုက်တာက သူမအား အိမ်ပြန်ပြီး ဇာတ်ညွှန်းဖတ်ဖို့နှင့် မနက်ဖြန်ကျ ကြိုးကြိုးစားစား ရိုက်ကူးရေးမလုပ်လျှင် သူမရဲ့ ဇာတ်ဝင်ခန်းတွေကို ဖြတ်တောက်ပစ်မည် ဖြစ်ကြောင်း သွယ်ဝိုက်ပြီး ခြိမ်းခြောက်သွား၏။
ဒါရိုက်တာရဲ့ စကားကြောင့် ဝမ်ကျင့်ဖျင် ရှူးရှူးရှားရှား ဖြစ်သွားသည်။ သူမ အိမ်ပြန်ရောက်တော့ သို့ထျန်းယီကို ဖုန်းဆက်ပြီး တိုင်ပြောချင်နေပေမဲ့ အဲ့လို လုပ်ဖို့တောင် အားမရှိတော့ဘဲ ဒေါသထွက်ထွက်နှင့် အိပ်ပျော်သွားခဲ့လေသည်။
နောက်တစ်နေ့မနက် ရောက်တော့ ရိုက်ကွင်းထဲကို သူမ ဝင်ခဲ့သည်နှင့် လူတိုင်းက သူမကို မသိမသာ ကြည့်နေကြသလို ခံစားရသည်။ သူမဘေးက လက်ထောက်ကလည်း သူမကို တစ်ခုခု ပြောချင်ပေမဲ့ တွန့်ဆုတ်နေသလို ပုံစံမျိုး။
ဝမ်ကျင့်ဖျင် စိတ်ရှုပ်သွားရသည်။ သူမဆီ မန်နေဂျာ ရောက်လာပြီး မနေ့ညက ဖြစ်ခဲ့တာတွေကို အကျိုးအကြောင်း ရှင်းမပြသေးခင်အထိ မနေ့တုန်းက သူမ သရုပ်ဆောင်တာ ဆက်တိုက် အဆင်မပြေခဲ့လို့ အကုန်လုံး အခုလို ဖြစ်နေတာလို့ပဲ ထင်ထားခဲ့တာ ဖြစ်သည်။
ဝမ်ကျင်ဖျင်ရဲ့ ပထမဆုံး တုံ့ပြန်မှုက သို့ထျန်းယီကို ဖုန်းဆက်ပြီး အကူအညီလှမ်းတောင်းတာပါပဲ။ ဒါပေမဲ့ သူမ ဖုန်းမဆက်ရသေးခင်မှာပဲ ရုတ်တရက် ဖျားနာမှုကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကနေ ကျိုးဝမ်ရှု နှုတ်ထွက်သွားပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရ၏။
ဝမ်ကျင့်ဖျင်ရဲ့ နှလုံးသားထဲမှာ စည်းချက် တစ်ချက် လွတ်သွားပြီးနောက် တစ်ခုခုတော့ မှားနေပြီ ဆိုတာကို နောက်ဆုံးမှာ အာရုံမိသွားသည်။
ကျိုးဝမ်ရှုက ဟေးရီ အန်တာတိန်းမန့်က အနုပညာရှင် ဖြစ်ပြီး ဟေးရီက ဒီဇာတ်လမ်းတွဲအတွက် အဓိက ရင်းနှီးမြုပ်နှံသူ ဖြစ်သည်။ ဟေးရီရဲ့ ခွင့်ပြုချက်မပါဘဲ ဒီလို အရေးကြီးတဲ့ အခြေအနေမျိုးမှာ သူမ နှုတ်ထွက်သွားနိုင်မှာ မဟုတ်။
ဝမ်ကျင့်ဖျင်သည် သို့ထျန်းယီကို ဖုန်းတွေ တောက်လျှောက် မရပ်မနား ခေါ်နေပေမဲ့ အဆုံးသတ်မှာတော့ ဘယ်သူကမှ မကိုင်ဘဲ လိုင်းမအားသေးပါ ဟူ၍သာ ပြောနေခဲ့သည်။
ဝမ်ကျင့်ဖျင်ရဲ့ ခံစားချက်တို့ တဖြည်းဖြည်း အေးစက်လာ၏။ သို့ထျန်းယီ သူမကို ဘာလို့ ရုတ်တရက်ကြီး ဂရုမစိုက်တော့တာလဲ ဆိုတာ နားမလည်ပါ။ ဒါမှမဟုတ် တစ်ဖက်လူက အရင်ကတည်းက သူမအပေါ် ဖြည်းဖြည်းချင်း အေးစက်လာတာကို သူမပဲ သတိမထားမိတာလား။
အဲ့ဒီလို တွေးမိတာ ဝမ်ကျင့်ဖျင် တစ်ယောက်တည်း မဟုတ်။ ဟေးရီ အန်တာတိန်းမန့်က ဝန်ထမ်းတွေလည်း ထိုအတွေးမျိုး တွေးမိကြသည်။
လူထုဆက်ဆံရေးငှာန ဒါရိုက်တာက ကျိုးဝမ်ရှုဟာ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့နှင့် စာချုပ်ဖျက်သိမ်းချင်နေတယ် ဆိုတဲ့ သတင်းကို ကြားကတည်းက သို့ထျန်းယီရဲ့ လူတွေထံ ချက်ချင်း သတင်းပေးခဲ့သည်။
741 02
သို့ထျန်းယီက ကျိုးဝမ်ရှုကို ထုတ်လုပ်ရေးအဖွဲ့ထဲမှာပဲ မရမက ဆက်ရှိနေခိုင်းမည် ၊ ပြီးတော့ ရိုက်ကူးရေး ဆက်လုပ်ခိုင်းပြီး ဘယ်လို ပြဿနာတွေပဲရှိရှိ ဝမ်ကျင့်ဖျင်နှင့် ပတ်သက်နေတဲ့ ကောလဟာလတွေကို ဖြေရှင်းပေးလိမ့်မည်ဟု သူ ထင်ခဲ့တာပါ။
မျှော်လင့်မထားစွာဖြင့် သူ ပြန်ရလိုက်တဲ့ တုံ့ပြန်စကားကတော့ “ လိုအပ်တဲ့ ကြေညာချက်တွေကိုပဲ ထုတ်ပြလိုက်ပါ။ ကျိုးဝမ်ရှုကိုလည်း ကောင်းကောင်း နှစ်သိမ့်ပေးလိုက်” တဲ့လေ … ။
ကျိုးဝမ်ရှုကို နှစ်သိမ့်ပေးလိုက်တဲ့လား။ ဒါရိုက်တာကြီးသည် သူ နားကြားမှားတာလားလို့တောင် တွေးမိတော့မလို ဖြစ်သွားသည်။ ဝမ်ကျင့်ဖျင် မဟုတ်ဘဲနဲ့ ကျိုးဝမ်ရှုကို နှစ်သိမ့်ရမှာလား။ ဒါဆို ဘယ်သူက သို့ထျန်းယီရဲ့ ချစ်သူလဲ … ။
ဒါရိုက်တာကြီးက ဟေးရီ အန်တာတိန်းမန့်ရဲ့ လူထုဆက်ဆံရေးငှာနမှာ အလုပ်,လုပ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ခက်ခဲတဲ့ အခြေအနေတွေကိုလည်း အများကြီး ဖြတ်ကျော်ခဲ့ပါသည်။ ဒါကတော့ ပထမဆုံးအကြိမ်အဖြစ် သူ ဘာလုပ်လို့ လုပ်ရမှန်းမသိ လမ်းပျောက်သွားတာပင်။
သို့ထျန်းယီမှာ ဝမ်ကျင့်ဖျင်နဲ့ ဆက်ပတ်သက်စရာ အကြောင်းမရှိတော့လို့ အခုလို လုပ်တာလား … ။
“ ဒါ မဟုတ်ဘူး” သို့ထျန်းယီက စာရွက်စာတမ်းအထပ်ကို စားပွဲပေါ် ပစ်တင်ရင်း နားထင်ကို ဖိနှိပ်ပွတ်သပ်ကာ မူးနောက်ရီဝေမှုကို ပြေပျောက်စေလိုက်သည်။
“ ဒါလည်း မဟုတ်ဘူးလား” လီယွဲ့က သူ့ရှေ့က စာရွက်စာတမ်းအထပ်လိုက်ကို ဆွဲယူရင်း စာရွက်တွေကို လှန်လှောကြည့်လိုက်၏။ သူ့မျက်နှာက လေးနက်ကာ အခက်တွေ့နေပုံရသည်။
++++++