အခန်း ၇၄၂
Vol. 50 Ch. 742
742 01
အခန်း ( ၇၄၂ ) အမည်မသိ ပါဆယ်ထုပ်။
လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက သို့ထျန်းယီသည် စုယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းထဲရှိ ကံထူးရှင် ပရိသတ် တစ်ယောက်ထံမှ ‘ နံရံကျော်တက်လာတဲ့ ဗုဒ္ဓ ’ ဟင်းလျာကို ဈေးကြီးပေးပြီး ပြန်ဝယ်ကာ လီယွဲ့ရဲ့ သူ့ကို မစားစေချင်သလို စိုးရိမ်တဲ့ အကြည့်အောက်မှာ ထိုဟင်းလျာကို တစ်ယောက်တည်း မြိန်ယှက်စွာ စားခဲ့သည်။
စားပြီးတဲ့အခါ ဓာတ်မတည့်မှု ဆိုးဆိုးဝါးဝါး ထဖြစ်ပြီး တက်တာတွေ ဘာတွေ အထိပါ ဖြစ်လိမ့်မည်ဟု ထင်ခဲ့ပေမဲ့ အချိန် အတော် ကြာသည်ထိ သူ့ဆီမှာ ဘာလက္ခဏာမှ မပြခဲ့ပါ။
ထိုလမှာလည်း သူမှာ ရှိနေတဲ့ ဝေဒနာရဲ့ သက်ရောက်မှုဒဏ်တွေကို ပုံမှန်အတိုင်း ခံရပေမဲ့ အရင် လတွေတုန်းကလောက် မဆိုးတော့ဘဲ တော်တော်ကြီး သက်သာသွားသည်။
သို့သော်လည်း ထိုစွပ်ပြုတ်ရဲ့ အာနိသင်က တစ်လသာ ခံပုံဖြင့် နောက်လ ရောက်တော့ သို့ထျန်းယီရဲ့ ဝေဒနာက မူလအခြေအနေကို ပြန်ရောက်သွားသည်။
အဲ့လို ဆိုရင်တောင်မှ ထိုလေ့လာတွေ့ရှိမှု အသစ်က သို့ထျန်းယီကို အံ့ဩသွားစေဆဲပါ။ သူ့ရဲဘ အလိုလို သိစိတ်က သူ့ကို ဒီဟင်းလျာဟာ ဝမ်ကျင့်ဖျင် သူ့ကို ဒီတစ်လျှောက်လုံး ချက်ကျွေးလာခဲ့တဲ့ ဟင်းလျာတွေနှင့် မတူကြောင်း ပြောနေခဲ့သည်။
ဖန်သားပြင်နောက်ကွယ်က အဲ့ဒီ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူဟာ သူ့အတွက် ဝမ်ကျင့်ဖျင်ထက် အများကြီး ပိုအသုံးဝင်လိမ့်မည်။
ထိုအချိန်က စပြီး သို့ထျန်းယီသည် သူ့ဝန်ထမ်းတွေအား ထိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူကို မရ,ရတဲ့ နည်းနှင့် ရှာဖို့ အရေးပေါ် တာဝန်ပေးလိုက်လေသည်။
လီယွဲ့က အစတုန်းကတော့ တကယ်လို့ သို့ထျန်းယီသာ ထိုတင်ဆက်သူကို ရအောင် စုံစမ်းဖို့ ဆုံးဖြတ်လိုက်လျှင် အချိန် ခဏအတွင်းမှာပဲ စုံစမ်းနိုင်လိမ့်မည်ဟု ထင်ခဲ့ပေမဲ့ စုံစမ်းမှုက လပေါင်းများစွာအထိ ကြာမြင့်သွားခဲ့၏။ လူ အနည်းငယ်ကို စုံစမ်းမိခဲ့ပေမဲ့ ဘယ်သူကမှ ထိုတင်ဆက်သူ ဟုတ်မနေပါ။
“ ဒါကပါ ဘယ်လိုလုပ် မဟုတ်ရတာလဲ။ ဒီလူ့အကြောင်း ကျွန်တော်တို့ စစုံစမ်းကတည်းက အကုန်လုံး ချောချောမွေ့မွေ့ပဲ ဖြစ်ခဲ့တာ”
သို့ထျန်းယီရဲ့ မျက်နှာက မည်းမှောင်နေသည်။ “ ငါတို့ လှည့်စားခံလိုက်ရပြီ”
“ လှည့်စားခံလိုက်ရပြီ … ”
“ သူတို့က ကိစ္စတွေကို ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ”
လီယွဲ့က ငတုံး မဟုတ်ပါ။ သို့ထျန်းယီ ပြောတဲ့ စကားကို နားထောင်ပြီးနောက် သူ့ခေါင်းထဲမှာ အတွေးစ တစ်ခု ပြိုးပြက်သွားသည်။ “ တစ်ယောက်ယောက်က ကျွန်တော်တို့ကို တင်ဆက်သူ အစစ်ကို မရှာနိုင်အောင်လို့ ရည်ရွယ်ချက်ရှိရှိ ဝေခွဲရခက်အောင် လုပ်နေတာလို့ ဘော့စ် ပြောချင်တာလား”
သို့ထျန်းယီက ဘာမှ မပြောဘဲ သူ့ဝှီးချဲလက်ကိုင်ကိုသာ လက်ဖျားလေးတွေနှင့် တတောက်တောက် ခေါက်နေခဲ့သည်။ အတော် ကြာတော့မှ ဖန်သားပြင်ပေါ်မှာ အကျယ်ချဲ့ထားတဲ့ ဓာတ်ပုံကို ညွှန်ပြပြီး ပြောလိုက်သည်။ “ တစ်ယောက်ယောက်ကို ဒီလက်စွပ်ကို စစ်ဆေးခိုင်းလိုက်”
“ လက်စွပ် … ”
လီယွဲ့ အနီးကပ် ကြည့်လိုက်တော့ အဲ့ဒါက လူ တစ်ယောက်ရဲ့ လက်ကို အကျယ်ချဲ့ ရိုက်ထားတဲ့ ဝါးတားတား ဓာတ်ပုံ ဖြစ်နေသည်။ လက်သူကြွယ်ပေါ်က စိန်လက်စွပ် လှလှလေးဟာ ဓာတ်ပုံအလယ်မှာ ထင်းထင်းလင်းလင်း ရှိ၏။
“ ဒါက … ”
“ သူ့လက်မှာ ဝတ်ထားတဲ့ လက်စွပ်ပဲ”
သို့ထျန်းယီ ပြောတဲ့ ‘ သူ ’ ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းမှန်း ပြောစရာ မလိုဘဲ လီယွဲ့ နားလည်လိုက်သည်။
မူလအားဖြင့် ဒီလက်စွပ်က စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းရဲ့ လက်ထပ်လက်စွပ် ဖြစ်သည်။ သူတို့ လက်ထပ်ပြီးခါစတုန်းက စုယန်ယန်ဟာ ထိုလက်စွပ်ကို ဝတ်ရင်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု နည်းနည်းပါးပါး လုပ်ခဲ့ဖူးသည်။
742 02
နောက်ပိုင်းမှာတော့ လက်စွပ်ဝတ်ပြီး ဟင်းချက်ရတာ အဆင်မပြေလို့ပဲလား ၊ ဒါမှမဟုတ် ပန်းကန်တွေ ဘာတွေ ဆေးရင်း လက်စွပ်ပျောက်သွားမှာကို စိုးရိမ်လို့ပဲလား မပြောတတ် .. ထိုလက်စွပ်ကို ထုတ်ဝတ်တာ အလွန် ရှားပါးပြီး များသောအားဖြင့် သိမ်းထားတတ်သည်။
သို့ထျန်းယီက စုယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွေ အကုန်လုံးကို မွှေနှောက် ကြည့်နေတာမို့ ထိုလက်စွပ်ကို သူ သတိထားမိတာ အံ့ဩစရာမကောင်းပါ။
“ ဒီလက်စွပ်ရဲ့ ဒီဇိုင်းနဲ့ ပန်းထိမ်လက်ရာက မြင်နေကျမျိုး မဟုတ်ဘူး။ သူနဲ့ သူ့ယောက်ျားက နောက်ခံကောင်းတယ် ထင်တယ် ၊ ချမ်းလည်း ချမ်းသာပုံရတယ်။ ဒီလက်ထပ်လက်စွပ်ဒီဇိုင်းကို သူတို့အတွက် သီးသန့် လုပ်ပေးဖို့ တစ်ယောက်ယောက်ဆီမှာ အပ်ထားတာ ဖြစ်ရမယ်။ မင်း အဲ့လို စ,စုံစမ်းလို့ ရတယ်”
လီယွဲ့ရဲ့ မျက်လုံးတွေ အနည်းငယ် အရောင်တောက်သွားသည်။ “ ဟုတ်ကဲ့ ၊ ကျွန်တော် အခုချက်ချင်း သွားစုံစမ်းလိုက်ပါ့မယ်”
လက်ထပ်လက်စွပ်လေး တစ်ကွင်းကြောင့် ပစ်မှတ်ထားခံလိုက်ရမှန်း မသိတဲ့ စုယန်ယန်ကတော့ ဝမ်ကျင့်ဖျင်ရဲ့ ဇာတ်လမ်းတွဲနှင့် ပတ်သက်သော သတင်းတွေကို ပျော်ရွှင်ကျေနပ်စွာ လိုက်ဖတ်နေခဲ့လေသည်။
စနစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခြင်းကို သူမ စိတ်တိုင်းကျမိသည်။ သူမ ပိုင်ဆိုင်ထားတဲ့ ရွှေရောင် ကံကောင်းမှုတွေလည်း အရင်ကထက် ၂၀% အထိ အများကြီး ထိုးတက်လာခဲ့သည်။
ဝမ်ကျင့်ဖျင်ရဲ့ ဇာတ်လမ်းတွဲကို စတင် ထုတ်လွှင့်သည်နှင့် သူမရဲ့ နာမည်ဂုဏ်သတင်းလည်း ထိခိုက်သွားလိမ့်မည်ဟု စုယန်ယန် ယုံကြည်သည်။ အနည်းဆုံးတော့ အဲ့ဒါက ပြဿနာ အသေးအဖွဲလေး တစ်ခုကိုပဲဖြစ်ဖြစ် ဖန်တီးပေးလိမ့်မည်မို့ သူမဘက်က စိတ်ရှည်လက်ရှည် စောင့်ဖို့ပဲ လို၏။
“ သခင်မလေးအတွက် ပါဆယ် ရောက်နေတယ်”
“ ပါဆယ် .. ဟုတ်လား။ ဘယ်သူ ပို့လိုက်တာလဲ”
“ ရေးမထားဘူးဗျ။ ကြည့်ရတာ အမည်မသိ ပါဆယ် ဖြစ်မယ် ထင်တယ်”
“ အမည်မသိ ပါဆယ် … ” စုယန်ယန် မျက်ခုံးပင့်ပြီး သူမရဲ့ သက်တော်စောင့် ယူလာသော ပါဆယ်ထုပ်ကို တစ်ချက် ကြည့်လိုက်မိသည်။
အထုပ်ကို ကြည့်ရသလောက် အထဲမှာ စာရွက်စာတမ်း ၊ ဒါမှမဟုတ် ကတ်ပြား တစ်ခုခု ပါတာ ဖြစ်နိုင်သည်။ အထုပ်က တော်တော်လေး ထူတာမို့ အထဲမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းမျိုးတွေတော့ မပါနိုင်လောက်ပေ။
စုယန်ယန်က ပါဆယ်ထုပ်ကို ဆုပ်ဖြဲ၍ ဖွင့်ကြည့်ပြီးနောက် အထဲက ပစ္စည်းတွေကို လှန်လှောကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။
++++++