အခန်း ၇၄၃
Vol. 50 Ch. 743
743 01
အခန်း ( ၇၄၃ ) မဆိုးဘူးပဲ။
ပါဆယ်ထုပ်ထဲတွင် စားသောက်ဆိုင်ထဲမှာ မျက်နှာချင်းဆိုင်ရင်း လက်ကိုင်၍ စကားပြောနေကြတဲ့ လူ နှစ်ယောက်ရဲ့ ဓာတ်ပုံတွေ အများကြီး ပါသည်။
စုယန်ယန်က ဓာတ်ပုံတွေကို ခံစားချက်မဲ့ မျက်နှာသေဖြင့် တစ်ပုံချင်း ကြည့်နေမိသည်။ အန်တီချင်နှင့် ဦးလေးချန်ရဲ့ ကလေးအတွက် ကျင်းပတဲ့ ပွဲကို သူတို့ နှစ်ယောက် အတူ တက်ရောက်ထားတဲ့ ဓာတ်ပုံကိုတောင် သူမ တွေ့လိုက်ရပါသေးသည်။ ဓာတ်ပုံက ဓာတ်ပုံဆရာဖြင့် ကျကျနန ရိုက်ထားသလို အတော်လေး ပုံထွက်လှသည်။
ဓာတ်ပုံထဲမှာ ဟောက်ချန်ဟွမ်းက အဲ့ဒီနေ့တုန်းက စုယန်ယန် သောက်ချင်နေတဲ့ ဖျော်ရည်ခွက်ကို ကိုင်ထားပြီး တခြား အမျိုးသမီး တစ်ယောက်နှင့် မျက်နှာချင်းဆိုင် ရပ်နေခဲ့သည်။ သူ့နောက်မှာတော့ အပြာနုရောင် နောက်ခံ ရှိသည်။
လှလှပပ ရိုက်ထားတဲ့ ဓာတ်ပုံ တစ်ပုံ ဆိုတာ ပြောနေစရာတောင် မလိုပါ။
“ ကျွတ် … ” စုယန်ယန်က ဓာတ်ပုံကို အကြာကြီး စိုက်ကြည့်နေပြီးမှ ဓာတ်ပုံ အရည်အသွေးကို လက်ခံသလို ခေါင်းညိတ်လိုက်သည်။ “ မဆိုးဘူးပဲ”
ဘေးမှာ ရပ်နေတဲ့ သက်တော်စောင့်ရဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး အသံတိတ်ကျသွားသည်။ သခင်မလေး ဒေါသထွက်နေတာလား။ ဒီဓာတ်ပုံတွေက သူ့ကို ဒေါသထွက်အောင် လုပ်လို့ တမင် ပို့လိုက်တာ အသိအသာကြီးလေ … ။ အဲ့ဒါကို သူမက ဘယ်လိုလုပ် ဓာတ်ပုံ အရည်အသွေးကို ချီးကျူးနေနိုင်သေးရတာလဲ။
စုယန်ယန် ဒေါသထွက်သလား ဆိုရင်တော့ သေချာပေါက် ဒေါသထွက်ပါသည်။
ဒီဓာတ်ပုံတွေကို မြင်,မြင်ချင်း စုယန်ယန်ရဲ့ စိတ်ထဲကို အရင်ဆုံး ရောက်လာတာက ဟောက်ချီဟန် ဖောက်ပြန်နေတာကို ဓာတ်ပုံရိုက်ထားတဲ့ သက်သေကို သခင်မဟောက်ထံ ဟောက်ချန်ဟွမ်း ပို့ခဲ့တဲ့ လွန်ခဲ့တဲ့ လ အနည်းငယ်တုန်းက ကိစ္စပါပဲ။
ထိုအဖြစ်အပျက် ဖြစ်သွားတာ ဘယ်လောက်မှ မကြာသေးပါ။ တစ်စုံတစ်ယောက်က အခု သူမကို ဒေါသထွက်အောင် လုပ်ဖို့ တူညီတဲ့ နည်းလမ်းကိုပင် လာသုံးနေ၏။
သို့သော်လည်း သူမ ထပ်တွေးလိုက်မိတာက တူညီတဲ့ အချက်တွေ ရှိတယ် ဆိုရင်တောင်မှ ဟောက်ချန်ဟွမ်းကို ဟောက်ချီဟန်နှင့် နှိုင်းယှဉ်တာက သူမရဲ့ ခင်ပွန်းကို စော်ကားလိုက်တာပင်။
ဟောက်ချီဟန်က တကယ် ဖောက်ပြန်ခဲ့ပေမဲ့ ဟောက်ချန်ဟွမ်းကတော့ သူမအပေါ် ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်မှန်း သူမ အပြည့်အဝ ယုံကြည်သည်။
ဓာတ်ပုံ ဘယ်နှပုံပဲ ပို့လိုက် ပို့လိုက် တကယ့်တကယ်ကတော့ ထိုဓာတ်ပုံတွေထဲမှာ အမှန်တရားက နည်းနည်း ၊ အလိမ်အညာက များများ ပါနေတာ ဖြစ်သည်။
ပါတီပွဲက ဓာတ်ပုံရယ် ၊ နောက်ထပ် ဓာတ်ပုံ နည်းနည်းရယ်က မူရင်း ဓာတ်ပုံတွေ ဖြစ်ပေမဲ့ ကျန်တဲ့ ဓာတ်ပုံတွေကတော့ ဖြတ်ညှပ်ကတ် လုပ်ထားရင် လုပ်ထား ၊ လုပ်မထားရင် သူမကို အထင်အမြင် လွဲမှားစေမယ့် ရှုထောင့်ကနေ တမင် ရိုက်ယူထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်သည်။
အပြင်လူတွေကိုသာ လိမ်လို့ ရချင် ရမည် ၊ သူမကိုတော့ ဒီလောက်နှင့် လာလိမ်လို့ မရ။
အပွင့်လင်းဆုံး ပြောရလျှင်တော့ သူမတို့ နှစ်ယောက်လုံးက နှစ်တစ်ထောင် နေလာခဲ့တဲ့ မြေခွေးတွေမို့ ဘယ်သူကမှ သူမကို လာကစားရဲမှာ မဟုတ်ပါ။
စုယန်ယန် ဒေါသထွက်သွားရတဲ့ အကြောင်းပြချက်က ဟောက်ချန်ဟွမ်းဟာ သူမအပေါ် ဖောက်ပြန်နေတယ်လို့ သံသယအဝင်ခံရလို့ မဟုတ်ဘဲ တချို့ မိန်းကလေးတွေက သူမရဲ့ ခင်ပွန်းကို လုယူချင်နေပြီး သူမရှေ့မှာတောင် မာယာတွေကို ထုတ်သုံးနေလို့ပဲ ဖြစ်သည်။
အန်တီချင်နှင့် ဦးလေးချန်တို့ရဲ့ ကလေး တစ်လပြည့် မွေးနေ့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ရဖို့ အကြာကြီး စောင့်ခဲ့ရသလို ရပြန်တော့လည်း ဒီပါဆယ်ထုပ်နှင့် ပို့ပေးလိုက်တာ ဖြစ်သည်။ သူမ ကိုယ်ဝန်ရှိနေချိန်မှာ စိတ်ထိခိုက်လွယ်လိမ့်မယ် ဆိုတာ သူတို့ သေချာ သိနေလို့ အခုလို လုပ်လိုက်တာပဲ မဟုတ်လား။
ကိုယ်ဝန်သည် အမျိုးသမီးတွေက စိတ်အထိအရှလွယ်တတ်တာမို့ ခင်ပွန်းဖြစ်သူနှင့် တခြား မိန်းကလေးတွေ နီးနီးကပ်ကပ် ရှိနေတဲ့ ဓာတ်ပုံတွေကို မြင်လိုက်ရတဲ့အခါ သေချာပေါက် သံသယဝင်သွားတတ်ကြသည်။
ခင်ပွန်းဖြစ်သူကို ဘယ်လောက်ပဲ ယုံတယ် ဆိုဦးတော့ ၊ ထိုအခိုက်အတန့်မှာတော့ စိတ်ထဲမှာ သံသယတွေ ပေါက်ဖွားလာမှာ အမှန်ပင်။
ဘာပဲပြောပြော ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ၊ ကိုယ့်ယောက်ျားကို နည်းနည်းလောက်ပဲဖြစ်ဖြစ် တခြား မိန်းကလေးတွေနှင့် စိတ်မချတတ်တာမို့ ထိုဓာတ်ပုံတွေကို မြင်ချိန်မှာ ထိုသံသယစိတ်က ပိုကြီးထွားလာလိမ့်မည်။ သူတို့ဟာ ဒေါသတွေ ၊ မကျေနပ်ချက်တွေအောက်မှာ ခင်ပွန်းဖြစ်သူနှင့် မလွဲဧကန် ရန်ဖြစ်ပါလိမ့်မည်။
743 02
စကားနှင့် ရန်ဖြစ်တာက ကိစ္စမရှိပေမဲ့ ရန်ဖြစ်ရင်း လက်တွေပါ ပါလာပြီး တစ်ယောက်နှင့် တစ်ယောက် တွန်းတိုက်ရင်း ဗိုက်ထဲက ကလေး ထိခိုက်သွားလျှင်တော့ အဲ့ဒါက အသက် နှစ်ချောင်းကို ထိခိုက်အောင် လုပ်တာပဲ ဖြစ်သည်။
ထိုအတွေးကြောင့် စုယန်ယန်သည် အန္တရာယ်ကြီးစွာ မျက်မှောင်ကြုတ်လိုက်ပြီး ဗီဒီယိုကောလ်ခေါ်လိုက်၏။
“ သ .. သခင်မလေး … ” ယုကျစ်ယန်က သူ့ကို စုယန်ယန် ရုတ်တရက်ကြီး ဗီဒီယိုကောလ် ခေါ်လိမ့်မည်ဟု ထင်မထား၍ စိတ်လှုပ်ရှားကာ စကားတွေတောင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေသည်။
“ ငါက လူသားစားတဲ့ လူမို့လို့ နင် ငါ့ကို အဲ့လောက်တောင် ကြောက်နေတာလား” စုယန်ယန်သည် ထိုစကားကို ပြောပြီးနောက် အတွေး တစ်ခုကို တွေးမိသွားပုံဖြင့် ခပ်တိုးတိုး ရယ်လိုက်၏။ “ ငါ လူသားစားရင်တောင် နင့်လို လူတွေကိုတော့ မစားဘူး။ စိတ်ချ”
ယုကျစ်ယန် : “ !!! ” ဘုရားသခင် ၊ သခင်မလေးရဲ့ စကားတွေက ကြောက်စရာကောင်းလိုက်တာ။ ဒီလို ကျောချမ်းစရာ စကားတွေ ပြောတာက လူ့သဘာဝပဲလား ၊ ဒါမှမဟုတ် ကိုယ်ကျင့်တရား ဖောက်ပြားနေတာလား။
“ မဟုတ်ပါဘူး ၊ ကျွန်တော် သခင်မလေးကို ကြောက်နေတာ မဟုတ်ပါဘူး။ သခင်မလေးက ရုတ်တရက်ကြီး ဗီဒီယိုကောလ်ခေါ်လိုက်လို့ ကျွန်တော် စိတ်လှုပ်ရှားသွားတာပါ”
အရင်ကလည်း စုယန်ယန် သူ့ကို မဆက်သွယ်ဖူးတာ မဟုတ်ပေမဲ့ ပုံမှန် အခြေအနေတွေမှာဆို ဖုန်းဆက်တာမျိုး ၊ မက်ဆေ့ခ်ျပို့တာမျိုးပဲ လုပ်လေ့ရှိသည်။ သူမဘက်က ဗီဒီယိုကောလ်ခေါ်တာကတော့ ဒါ ပထမဆုံးအကြိမ်။
“ နင် အခုရော စိတ်လှုပ်ရှားလို့ ပြီးပြီလား”
“ … ဟုတ် ဟုတ် ၊ ကျွန်တော် စိတ်လှုပ်ရှားလို့ ပြီးပါပြီ”
“ ခွီး … ”
စုယန်ယန် တစ်ယောက် ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။ “ ကောင်းတယ်။ ငါ နင့်ကို မေးစရာ ရှိလို့ ဗီဒီယိုကောလ်ခေါ်လိုက်တာ။ နင် ငါ့ကို အမှန်အတိုင်း ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်”
++++++