အခန်း ၇၄၄
Vol. 50 Ch. 744
744 01
အခန်း ( ၇၄၄ ) ဓာတ်ပုံထဲက အမျိုးသမီး။
“ သခင်မလေးမှာ ကျွန်တော့်ကို မေးစရာ ရှိတယ် ….. ” ယုကျစ်ယန်သည် အိပ်မက်က လန့်နိုးလာသလိုပင် သူ့ရဲ့ သစ္စာရှိမှုကို အမြန် ထုတ်ဖော်လိုက်၏။ “ သခင်မလေး ကြိုက်တာ မေးပါ။ ကျွန်တော် သိတဲ့ ကိစ္စဆို သိသလောက် ပြောပြပါ့မယ်”
“ ကောင်းတယ်” စုယန်ယန်က လက်ခံသည့်သဘောဖြင့် ခေါင်းညိတ်ပြပြီး စားပွဲပေါ်က ဓာတ်ပုံကို ယူကာ ကင်မရာနား ကပ်ပြလိုက်သည်။ “ ဒီမိန်းမကို နင် သိလား”
ဒီမိန်းမ … ။ ယုကျစ်ယန် ဆွံ့အသွား၏။ ဓာတ်ပုံထဲက အမျိုးသမီးကို အာရုံစူးစိုက်ကာ ကြည့်ပြီးနောက် သူ့မျက်နှာ အမူအရာလည်း ပြောင်းလဲသွားလေသည်။ “ သူ .. သူ .. သူက … ”
“ ကြည့်ရတာ နင် သူ့ကို သိနေတယ် ထင်တယ်” စုယန်ယန်က သူ့တုံ့ပြန်မှုကို မြင်တော့ မျက်လုံးထဲမှာ အေးစက်သွားကာ အဓိပ္ပာယ်ပါပါ ပြုံး၍ ပြောလိုက်သည်။ “ သူ ဘယ်သူလဲ ဆိုတာ ငါ့ကို ပြောပြ။ သူက ချန်ဟွမ်းနဲ့ ဘယ်လို ပတ်သက်နေတာလဲ”
ယုကျစ်ယန်သည် စုယန်ယန်ရဲ့ အပြုံးကြောင့် ခန္ဓာကိုယ်ပေါ်မှာ ကြက်သီးမွေးညှင်းထသွားလေသည်။ အစတုန်းက “ ကျွန်တော် ဒီအမျိုးသမီးနဲ့ မသိပါဘူး။ ဓာတ်ပုံကို မြင်လိုက်ရလို့ အံ့ဩသွားတာ” ဟု ပြောဖို့ ပါးစပ်ပြင်နေခဲ့ပေမဲ့ စကားလုံးတွေက လည်ချောင်းထဲမှာပဲ တစ်ဝက်တစ်ပျက် ရပ်တန့်သွားကာ တိတ်တဆိတ် ပြန်မျိုချလိုက်ရ၏။
“ သခင်မလေး ဘာမှ စိတ်မပူပါနဲ့။ သခင်မလေးနဲ့ အဲ့အမျိုးသမီးနဲ့ ဘာမှ မပတ်သက်ဘူး ဆိုတာ ကျွန်တော့်ကိုယ်ကျင့်တရားကို တိုင်တည်ပြီး ကျိန်ရဲတယ်”
“ အိုး … ” စုယန်ယန် မျက်ခုံးပင့်လိုက်သည်။ “ ဒါဆို သူတို့ နှစ်ယောက်က ဘာလို့ အတူတူ ရပ်စကားပြောနေကြတာလဲ။ ဓာတ်ပုံထဲမှာတော့ တော်တော်လေး ရင်းနှီးကြတဲ့ပုံပါပဲ”
ယုကျစ်ယန်ရဲ့ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ ညံစီသွားလျက် ခက်သွက်သွက် ပြောလိုက်ရသည်။ “ အထင်မလွဲပါနဲ့ သခင်မလေးရယ်။ ဒီကိစ္စက သခင်မလေး ထင်နေသလို လုံးဝ မဟုတ်ဘူး။ ဒီဓာတ်ပုံ … ဒီဓာတ်ပုံက … ”
ဒီဓာတ်ပုံက ဖြတ်ညှပ်ကတ် လုပ်ထားတာကြီးဟု ယုကျစ်ယန် မပြောရဲ။ “ ဓာတ်ပုံထဲမှာ ပါတဲ့ အမျိုးသမီးနဲ့ သူတို့နဲ့ ရင်းနှီးလာတာ တကယ့်ကို တော်တော်လေးကို ကြာပါပြီ သခင်မလေး။ ပြီးတော့ ကြည့်ရတာ ဒီဓာတ်ပုံကို ရိုက်ထားတာလည်း မကြာသေးဘူး ထင်တယ်”
သူ့ဖြေရှင်းချက်က ဟောက်ချန်ဟွမ်းရဲ့ ဖြေရှင်းချက်နှင့် မကိုက်ရင် ဘယ်လို လုပ်မလဲ။ အဲ့လိုဆို ဟောက်ချန်ဟွမ်းက မရိုးသားတဲ့ ကိစ္စတွေကို လုပ်နေတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားမှာ မဟုတ်လား။
ယုကျစ်ယန်ရဲ့ စိတ်ထဲမှာ အတွေးတွေ ဆူဝေသွားကာ အံကြိတ်ပြီး ပြောလိုက်၏။ “ တစ်ယောက်ယောက်က သခင်လေးနဲ့ သခင်မလေးကို စိဝ်ဝမ်းကွဲအောင် လုပ်ဖို့ ဒီဓာတ်ပုံကို တမင် ရိုက်ထားတာ သေချာတယ်။ သခင်လေးရဲ့ သခင်မလေးအပေါ် ထားတဲ့ ခံစားချက်တွေက နေနဲ့ လကိုတောင် တိုင်တည်ကျိန်ဆိုလို့ ရတယ် ဆိုတာကို သခင်မလေး ယုံပေးပါ။ ဟိုးအရင်ကတည်းကနေ အခုချိန်ထိ သခင်လေး သဘောကျဖူးတဲ့ မိန်းကလေးက သခင်မလေး တစ်ယောက်ပဲ ရှိတယ် ဆိုတာ ကျွန်တော့်အသက်နဲ့ အာမခံနိုင်တယ်။ သခင်လေးက တခြား မိန်းကလေးတွေနဲ့ ပွေရှုပ်မယ့် လူမျိုး မဟုတ်ဘူး”
“ ဒီဓာတ်ပုံကို ဘယ်လို ရိုက်လိုက်တာလဲ မသိပေမဲ့ သခင်လေးက မိန်းကလေးစုန့်အပေါ် စည်းကျော်ချင်တဲ့ အတွေးမျိုး တစ်ခါမှ မတွေးဖူးဘူး ဆိုတာတော့ သေချာပါတယ်”
“ ခွိ … ” စုယန်ယန်က ယုကျစ်ယန် ဒီလို အတည်ပေါက်ကြီး ရှင်းပြလိမ့်မည်ဟု ထင်မထားပေ။ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွားကာ “ ဟုတ်ပါပြီ ဟုတ်ပါပြီ ၊ ငါ နင့်ကို အခက်တွေ့အောင် လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒီမိန်းကလေးက ဘယ်သူလဲ ဆိုတာ သိချင်လို့ ဒီတိုင်းပဲ မေးကြည့်မိတာ” ဟု ပြန်ပြောလိုက်၏။
ယုကျစ်ယန်ရဲ့ ခန္ဓာကိုယ်မှာ ချွေးတွေ စိုရွဲနေသည်။ ဖန်သားပြင်ပေါ်က စုယန်ယန်ရဲ့ မျက်နှာကို သေချာ ကြည့်ပြီး သူမ ဒေါသထွက်မနေတာ သေချာသွားတော့မှ စိတ်သက်သာရာရတဲ့ သက်ပြင်းလေးကို မှုတ်ထုတ်နိုင်ပါတော့သည်။ “ အဲ့မိန်ကလေးရဲ့ မျိုးရိုးနာမည်က စုန့် ၊ နာမည်ကတော့ စုန့်ယွင်ယွမ်တဲ့။ စုန့်မိသားစုရဲ့ အငယ်ဆုံး သမီး”
744 02
“ စုန့်မိသားစု … ။ ဘယ်စုန့်မိသားစုလဲ”
“ အရင်တုန်းက A မြို့တော်မှာ မြို့မျက်နှာဖုံး မိသားစုကြီး ဖြစ်ခဲ့ဖူးတဲ့ စုန့်မိသားစုပါ။ နောက်ပိုင်းကျတော့ သူတို့တစ်မိသားစုလုံး နိုင်ငံခြားကို ပြောင်းသွားကြတယ်”
စုယန်ယန်က ခေါင်းညိတ်ကာ နားလည်ကြောင်း ပြလိုက်၏။ သူမ ထိုမိသားစုအကြောင်း ဘာမှ မသိတာ အံ့ဩစရာ မရှိ။
“ အဲ့ဓာတ်ပုံထဲက မိန်းကလေးစုန့်က … ”
မိန်းကလေးစုန့်က ဟောက်ချန်ဟွမ်းနှင့် ဘယ်လို ပတ်သက်နေလဲ ဆိုတာကို ခန့်မှန်းရ မခက်ပါ။ သူမက ဟောက်ချန်ဟွမ်းကို သဘောကျခဲ့ဖူးတဲ့ မိန်းကလေးတွေထဲက တစ်ယောက် ဖြစ်သည်။ ဘယ်ကမှန်း မသိတဲ့ အဒေါ်ကြီး တစ်ယောက်ရဲ့ တူမနှင့် ယှဉ်လိုက်လျှင် အနည်းဆုံးတော့ ဒီတစ်ယောက်ကမှ ဟောက်ချန်ဟွမ်းနှင့် ဟောက်မိသားစုအတွက် ပိုသင့်တော်သေးရဲ့။
စုန့်ယွင်ယွမ်နှင့် ဟောက်ချန်ဟွမ်းက ကျောင်း အတူ တက်တဲ့ အတန်းဖော်တွေ ဖြစ်ခဲ့ဖူးသည်။ ပထမဆုံး ကျောင်းတက်ရက်မှာပဲ စုန့်ယွင်ယွမ်က ဟောက်ချန်ဟွမ်းကို မြင်မြင်ချင်း ချစ်မိသွားကာ သူ့နောက်ကို တကောက်ကောက် လိုက်ခဲ့၏။
ထိုအချိန်တုန်းက စုန့်မိသားစုက မိသားစုကြီး တစ်ခု ဖြစ်ခဲ့တယ် ဆိုပေမဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက အကျဘက်ကို ဦးတည်နေပြီး ပိုင်ဆိုင်မှုတွေလည်း တတိတိ လျော့ကျနေခဲ့တဲ့ အချိန် ဖြစ်၏။
အခြားတစ်ဖက်မှာ ဟောက်ချန်ဟွမ်းရဲ့ အဖေကတော့ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန် ၊ သူ့လက်နှင့် ထိလိုက်သမျှ ရွှေဖြစ်နေချိန်ပင်။ ယေဘုယျအားဖြင့် ပြောရရင် ဟောက်မိသားစုက စုန့်မိသားစုထက် ပိုအင်အားကြီးခဲ့တဲ့ အချိန် ဖြစ်သည်။
အဲ့လိုနှင့် စုန့်ယွင်ယွမ်က ဟောက်ချန်ဟွမ်းကို သဘောကျနေတယ် ဆိုတာ သူမရဲ့ မိဘတွေ သိသွားကြသည်။ တကယ်လို့သာ စုန့်မိသားစုနှင့် ဟောက်မိသားစု ပူးပေါင်းလိုက်လျှင် သူတို့အတွက် အများကြီး အကျိုးရှိပါလိမ့်မည်။ ထို့ကြောင့် ဟောက်ချန်ဟွမ်းနှင့် သူတို့သမီးကို အိမ်ထောင်ချပေးနိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတော့သည်။
++++++