← Chapters

အခန်း ၇၅၀

Vol. 50 Ch. 750

အခန်း ၇၅၀

Vol. 50 Ch. 750

750 01

အခန်း ( ၇၅၀ ) သစ်ပင်တက်တဲ့ ဝက်။

သူတို့ နှစ်ယောက်ရဲ့ မေးခွန်းတွေကို ကြားတော့ ယုကျစ်ယန်ရဲ့ မျက်နှာ အုံ့မှိုင်းသွားပြီး သူ သိထားတာ မကြာသေးတဲ့ ကိစ္စတွေကို ပြန်ပြောပြလိုက်သည်။

ကုရှောက်ယန်က ဒေါသမထိန်းနိုင်ဘဲ ချက်ချင်း ကျိန်ဆဲလိုက်မိသည်။ “ သောက်ကျိုးနည်း ၊ အဲ့မိန်းမ ရူးနေတာလား။ ဟိုးအရင်ကတော့ သူပဲ သခင်လေးက သူ့ကို ပြန်သဘောကျမှာ ကြောက်လို့ ခွေးလိုက်ဆွဲခံရသလို ဒရောသောပါး ထွက်ပြေးခဲ့တာလေ။ အခု သခင်လေးရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားတော့မှ ငါတို့သခင်လေးကို မြူဆွယ်ဖို့ ပြန်လာပြီး တော့ သခင်မလေးကိုပါ ရာရာစစ သွားရန်စလိုက်သေးတယ်။ သခင်လေးနဲ့ ငါတို့တွေကို သူ လူလို့ရော မှတ်သေးရဲ့လား”

စုန့်ယွင်ယွမ်ကိုယ်တိုင်လည်း ခင်ပွန်းဖြစ်သူနှင့် တခြား မိန်းကလေးတို့ နီးစပ်ပူးကပ်နေတဲ့ ဓာတ်ပုံကို မြင်ချိန်မှာ ဖြစ်သွားမယ့် သမာရိုးကျ ဇနီး တစ်ယောက်ရဲ့ တုံ့ပြန်မှုကို ကြိုမတွေးခဲ့မိပါ။ မြင်နေကျ ဇနီး တစ်ယောက်သာ ဆိုပါက ထိုအခြေအနေမျိုးမှာ ခင်ပွန်းဖြစ်သူကို ပြဿနာရှာလိမ့်မည် ၊ ဒါမှမဟုတ် စိတ်ထဲမှာပဲ မျိုသိပ်ထားပြီး သံသယတွေ ပေါက်ဖွားလာမည်။

သူမအမြင်မှာ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက လုပ်ငန်းသဘောအရ လက်ထပ်ထားတာမို့ လေးနက်တဲ့ လင်မယားဆက်ဆံရေးလည်း ရှိမည် မထင်ပါ။ ဒါ့ကြောင့် စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဘာမှ ထုတ်ပြောမှာ မဟုတ်ဘဲ စိတ်ထဲမှာသာ သိမ်းထားရင်း သံသယတွေ တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်ဟု တွက်ဆထားခဲ့သည်။

ဒါပေမဲ့ အဆုံးသတ်မှာတော့ သူမ ထင်ထားသလို ဘာတစ်ခုမှ ဖြစ်မလာခဲ့ပေ။ စုယန်ယန်က ဟောက်ချန်ဟွမ်းကို ပြဿနာမရှာခဲ့သလို မျိုလည်း မျိုသိပ်မထားဘဲ ထိုကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆွေးနွေးကာ လူတိုင်းရဲ့ ဒေါသစိတ်ကို လှုံ့ဆော်ပေးခဲ့လေသည်။ ဒီပြဿနာရဲ့ အဓိက တရားခံ ဖြစ်တဲ့ ကုရှောက်ယန်ကိုပါ ဒေါသထွက်လိုက်သေးသည်။

အဲ့တော့ ကုရှောက်ယန် ဒီလို တုံ့ပြန်တာ အံ့ဩစရာ မဟုတ်။ စိတ်ခံစားချက်ကို သူတို့ နှစ်ယောက်ထက် ပိုထိန်းချုပ်နိုင်သော ကျိုးယန်ပိုင်ပင်လျှင် ယုကျစ်ယန်ရဲ့ စကားကို ကြားပြီးနောက် မျက်နှာကြီး ‌မည်းမှောင်သွားလေသည်။

“ အဲ့မိန်းမက ငါတို့ကို လူလို့ရော ထင်သေးရဲ့လား။ ဘယ်အချိန်ကျမှ ငါတို့ကို လူရာသွင်းမှာလဲ”

ဟောက်ချန်ဟွမ်းကို လေးလေးနက်နက် ချစ်သလို သူတို့ကိုလည်း သခင်လေးရဲ့ ညာလက်ရုံးတွေအဖြစ် အသိအမှတ်ပြုကာ ကောင်းတာ တစ်ခုခု ရှိတိုင်း မမေ့မလျော သတိရတတ်တဲ့ ၊ သူတို့ကို သူစိမ်းလို ဘယ်တော့မှ မဆက်ဆံတဲ့ စုယန်ယန်နှင့် မိုးနှင့်မြေလို ကွာသည်။

မဟုတ်ဘူး ၊ အဲ့မိန်းမက သခင်လေးနဲ့ အနှိုင်းခံရဖို့တောင် တစ်စက်လေးမှ မတန်ဘူး။ သူ့လို မိန်းမကို သခင်မလေးနဲ့ နှိုင်းတာက သခင်မလေးကို စော်ကားလိုက်တာပဲ။

ကျိုးယန်ပိုင်က မျက်နှာ‌မည်းမှောင်စွာဖြင့် အေးစက်စက် မေးလိုက်သည်။ “ မင်း သခင်လေးကိုရော ဒီအကြောင်း ပြောပြီးပြီလား”

“ … မပြောရသေးဘူး။ သခင်မလေးက သခင်လေးကို သူကိုယ်တိုင် မေးကြည့်ချင်တယ်လို့ ပြောတယ်” ယုကျစ်ယန်က ပြောရင်း နည်းနည်းလေး စိုးရိမ်သွားမိသည်။ “ သခင်မလေးကို သခင်လေး စိတ်ပြေအောင် လုပ်နိုင်ပါ့မလား ဆိုတာ ငါ စိတ်ပူနေတယ်။ သခင်မလေးက ကိုယ်ဝန်ရှိနေတာလေ။ ရန်တွေ ဘာတွေ ဖြစ်ရင် ဗိုက်ထဲက ကလေးအတွက် မကောင်းဘူး”

ကျိုးယန်ပိုင်နှင့် ယုကျစ်ယန်က ထိုစကားကို ကြားသောအခါ နားလည်ရခက်သော အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

750 02

“ သခင်လေးကို စိတ်ပူတယ်တဲ့လား။ မင်းမှာ အချိန်ပို ရှိရင် ကိုယ့်အတွက်ကိုယ်ပဲ စိတ်ပူသင့်တယ်”

“ ဟမ် … ” ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားတဲ့ ယုကျစ်ယန်က ကုရှောက်ယန်ကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်ချိန်မှာ ကုရှောက်ယန်ရဲ့ နှလုံးသားထဲက “ သခင်မလေးက သူ့ကိုကျ အကူအညီတောင်းပြီး ငါ့ကိုကျ အကူအညီမတောင်းဘူး” ဟု အနည်းငယ်မျှသော မခံချင်စိတ်လေး လုံးလုံးလျားလျား ပျောက်ကွယ်သွားလေသည်။

သူ ယုကျစ်ယန်ရဲ့ ပခုံးကို တည်တည်ငြိမ်ငြိမ်ပဲ ပုတ်ပြီး သနားသလို ပြောလိုက်သည်။ “ အစစ အရာရာ ဂရုစိုက်နော်”

ယုကျစ်ယန် : “ !!! ”

စုယန်ယန်က အချိန် အတော်ကြာထဲ့ထိ ဟောက်ချန်ဟွမ်း ဘာမှ ပြန်မပြောတာကို သတိထားမိသွားတော့ မျက်လုံးတွေ အေးစက်သွားကာ နှာခေါင်းက လေထွက်ရုံ ရယ်လိုက်၏။ “ ဘာလဲ ၊ ရှင် သူနဲ့ မခွဲနိုင်လို့လား”

အဲ့ဒီတော့မှ ဟောက်ချန်ဟွမ်း ချက်ချင်း သတိဝင်လာပြီး ပြာပြာသလဲ ပြောလိုက်ရသည်။ “ ဘယ်ကသာ ၊ မဟုတ်ပါဘူး။ ကိုယ် သူ့ကို ဘယ်လို ရှင်းရမလဲလို့ စဉ်းစားနေတာ။ သူက ကိုယ်နဲ့ မင်းကိုတောင် ရန်တိုက်ပေးရဲတယ် ဆိုတော့ ဒီတိုင်းကြီးတော့ အလွတ်မပေးလိုက်ချင်ဘူး”

စုယန်ယန်က တစ်ဖက်မဲ့ ၊ တစ်ဖက်ပြုံး နှုတ်ခမ်းဖြင့် ‘ အဲ့လိုမှပေါ့။ ’ ဟု စိတ်ထဲကနေ သဝန်တိုစွာ ပြန်ပြောလိုက်မိသည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ မျက်နှာ‌လေးကို ကြည့်ပြီး မျက်လုံးထဲမှာ ပြုံးရိပ်သန်းသွားသည်။ သူမကို စနောက်ချင်စိတ်အား ထိန်းမရတော့။ “ မင်း ဘာမှ သံသယမဝင်ဘူးလား”

“ ဘာကို သံသယဝင်ရမှာလဲ။ ကျွန်မ ကိုယ်ဝန်ရှိနေတုန်း ရှင် အပြင်မှာ တခြား မိန်းမတွေနဲ့ အပျော်ရှာနေတယ်လို့ သံသယဝင်ရမှာလား” စုယန်ယန် နှုတ်ခမ်းမဲ့ပစ်လိုက်သည်။ “ ကျွန်မအပေါ် ဖောက်ပြန်ရင် ရှိသမျှ စည်းစိမ်ဥစ္စာတွေ အကုန် ထားခဲ့ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်က ဆင်းပါ့မယ်လို့ ကတိပေးထားတာ ဘယ်သူလဲ။ ရှင် တကယ်ပဲ ကျွန်မအပေါ် ဖောက်ပြန်ရင် ကျွန်မက ကလေးကိုပါ တစ်ခါတည်း ခေါ်ပြီး ချောချောသန့်သန့် ခွေးလေး တစ်ကောင်ကို ရှာလိုက်မှာ ၊ ပြီးရင်တော့ ရှင့်သားကို အဲ့ခွေးလေးကိူ အဖေလို့ ခေါ်ခိုင်းပစ်မယ်။ ရှင် ကြောက်လား”

“ … ကြောက် .. ကြောက်ပါတယ်”

“ ကြောက်ရမယ်လေ။ ရှင် အပြင်မှာ ဇာတ်လမ်းရှုပ်‌နေတယ်လို့ ကျွန်မ ယုံလိုက်တာထက် ဝက်က သစ်ပင်တက်နိုင်တယ်လို့ ယုံလိုက်တာကမှ ပိုပြီး ယုံချင်စရာကောင်းဦးမယ်”

ပြီးတော့ သူ စုန့်ယွင်ယမ်နှင့် ဖောက်ပြန်ရဲလျှင် သူမက သခင်မကြီးချင်ရဲ့ စာအုပ်တွေကြားထဲက သစ်ရွက်ကို အချိန်မရွေး ယူပြီး သူ့တစ်သက်လုံး ဘယ်တော့မှ ကလေးထပ်မရနိုင်တော့မယ့် ဟင်း တစ်ခွက်ကို ချက်ကျွေးလိုက်လို့ ရသည်။

ဟောက်ချန်ဟွမ်း : “ … ” မင်း ကိုယ့်ကို အဲ့လောက်ထိ ယုံကြည်ပေးတာ ကျေးဇူးတင်ပေမဲ့လည်း အချစ်ရယ် … အဲ့လိုမျိုး ဥပမာပေးတာကတော့ သိပ်မဟုတ်သေးဘူးလေ။

++++++

All Chapters