← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂) - လုပ်ကြံသတ်ဖြတ်သူ၏ ဂုဏ်သိက္ခာ (၂)

ဂါး...

ဓားနှစ်လက်သမားကို မျိုချပြီးနောက်တွင် ထိုနဂါးစိမ်းကြီးသည် ကောင်းကင်သို့ မော့ကာ မတ်တပ်ရပ်လိုက်လေ၏။

၎င်း၏ ခန္ဓာကိုယ်အတွင်းမှ အလင်းမည်းများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရပြီး အသက်ရှူလိုက်တိုင်း အလင်းမည်းအက်ကွဲကြောင်းများ ထွက်ပေါ်လာနေသည်။

ဓားနှစ်လက်သမားက အထဲမှနေ၍ အပြင်သို့ ထွက်လာရန် ကြိုးစားနေဆဲပင် ဖြစ်၏။

သူ၏ ဓားသည် အလွန်ထက်မြက်လွန်းလှပေသည်။

စွမ်းအားအရ ပြောရလျှင် သူ၏ ကျင့်ကြံမှုအဆင့်သည် အကြီးအကဲ ချင်းဟွိုင်ထက် များစွာ မြင့်မားပြီး သစ်ပင်မိစ္ဆာများကလည်း တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော မျိုးနွယ်စုများ မဟုတ်ကြပေ။

မိစ္ဆာအရေအတွက် များပြားသော်လည်း အရေအတွက်က ကျင့်ကြံမှုအဆင့် ကွာဟချက်ကို ချက်ချင်း မဖြည့်ဆည်းပေးနိုင်သောကြောင့် သူ့ကို တားဆီးထားနိုင်ပုံ မရချေ။

"အဲဒီအထဲကို ပစ်ချလိုက်…"

အကြီးအကဲ ချင်းဟွိုင်က သူ့ကို မဖမ်းဆီးထားနိုင်တော့သည်ကို မြင်သောအခါ ချူလျန်က ရှေ့မလှမ်းမကမ်းရှိ မီးပင်လယ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

အကြီးအကဲ ချင်းဟွိုင်က ထိုစကားကို ကြားသည်နှင့် လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ထိုသစ်နွယ်နဂါးကြီးကို မီးပင်လယ်ထဲသို့ လွှင့်ပစ်လိုက်တော့သည်။

ဝုန်း...

နဂါးစိမ်းကြီးမှာ ချက်ချင်းပင် မီးနဂါးအဖြစ် ပြောင်းလဲသွားလေ၏။

အတောင်ပံပါမီးမြွေ ဖန်တီးထားသော ထိုနတ်ဘုရားမီးတောက်တွင် အဓိကဝိသေသလက္ခဏာ နှစ်ခုရှိသည်။

ပထမတစ်ခုမှာ မီးတောက်၏ ပြင်းအားဖြစ်ပြီး ဒုတိယတစ်ခုမှာ စေးကပ်မှု အားကောင်းခြင်း ဖြစ်သည်။

အနည်းငယ် စွန်းပေသွားသည်နှင့် ကျောက်တုံးဖြစ်နေလျှင်ပင် ပြာကျသွားသည့်တိုင်အောင် ရက်အနည်းငယ်ကြာသည်အထိ လောင်ကျွမ်းနေမည် ဖြစ်ပေသည်။

အထဲတွင် ပိတ်မိနေသော ဓားနှစ်လက်သမားက တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ချက်ချင်း သတိထားမိလိုက်သည်။

အပူချိန်က ရုတ်တရက် မြင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များက ဝိုင်းရံထားကာ သူ့ကို မီးရှို့ပစ်တော့မည့်အလား ပူလောင်လာလေ၏။

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ မီးတောက်လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

"အား..."

သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သော်လည်း ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းလှသောကြောင့် သေဆုံးသွားခြင်း မရှိသေးပေ။

ထိုနဂါးစိမ်းကြီးကို မီးတောက်များက လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အလင်းမည်းတစ်တန်းအဖြစ် ခုန်ထွက်လာလေတော့သည်။

လေထဲသို့ ခုန်တက်ရန် ပြင်လိုက်ချိန်မှာပင် သူ၏ ခေါင်းပေါ်၌ ကြေးဘောလုံးနှစ်လုံး ပေါက်ကွဲသွားတော့သည်။

ဝုန်း... ဝုန်း...

ချူလျန်သည် လုံးဝ နှမြောတွန့်တိုခြင်းမရှိဘဲ သူ၏ လက်ထဲရှိ လျှို့ဝှက်ယင်မိုးကြိုးဗုံး နှစ်လုံးစလုံးကို ပစ်ပေါက်လိုက်ခြင်းပင်။

လျှို့ဝှက်ယင်မိုးကြိုးဗုံး၏ ပေါက်ကွဲမှုစွမ်းအားက အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အထူးပြုလုပ်ချက်များ ပါဝင်သောကြောင့် ဓားနှစ်လက်သမား၏ အထက်သို့ ခုန်တက်နေသော ခန္ဓာကိုယ်မှာ ချက်ချင်းပင် ရပ်တန့်သွားလေသည်။

ဤရပ်တန့်သွားသည့် အခိုက်အတန့်လေးတွင် မရေမတွက်နိုင်သော သစ်နွယ်ပင်များက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ မီးပင်လယ်ထဲသို့ ဆွဲချသွားတော့သည်။

ကြိုးတုပ်ပြီး မီးရှို့ခြင်း ကဲ့သို့ပင် ဖြစ်လေသည်။

"အား... မင်းကို သတ်ပစ်မယ်…"

ဓားနှစ်လက်သမား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်သော မီးတောက်များကြောင့် အကြီးအကျယ် ဒဏ်ရာရရှိနေပြီး နဂိုကတည်းက ပြင်းထန်နေသော သတ်ဖြတ်လိုစိတ်များမှာ ပြိုင်စံရှားအဆင့်အထိ မြင့်တက်လာကာ ကောင်းကင်ဘုံကိုပင် ထိုးဖောက်တော့မည့်အလား ဖြစ်နေလေ၏။

သူသည် ချူလျန်ကို ပစ်မှတ်ထားကာ သူ၏ နောက်ဆုံးလက်ကျန် ကျင့်ကြံမှုစွမ်းအားများကို ပေါက်ကွဲထွက်စေလိုက်ပြီး ချက်ချင်းပင် အလင်းမည်းဓားတစ်လက်အဖြစ် ပြောင်းလဲသွားတော့သည်။

'တကယ်ကို ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ပဲ'

ချူလျန်သည် အဝေးမှနေ၍ ဤဓားချက်ကို ခံစားလိုက်ရရုံဖြင့် ရင်ထဲတွင် ထိတ်လန့်သွားပြီး အကြောင်းရင်းကို မသိရသော်လည်း ရှောင်လွှဲရန် လမ်းမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

ဤသည်မှာ အကြွင်းမဲ့ ကျင့်ကြံမှုအဆင့် ကွာဟချက်ပင် ဖြစ်မည်လော။ သို့သော်လည်း သူက မည်သို့လုပ်ပြီး အသေခံနိုင်မည်နည်း။

ဓားအလင်းတန်း ရုတ်တရက် ထွက်ပေါ်လာပြီး သူသည် ချက်ချင်းပင် ဓားပျံကို စီးနင်းကာ ထွက်ပြေးလေတော့သည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်မိစ္ဆာမျိုးနွယ်များက သူ့ကို ကူညီကာ အလွန်ခိုင်ခံ့လှသော သစ်နွယ်နံရံများကို တစ်ခုပြီးတစ်ခု ဖန်တီးပေးကြလေ၏။

သို့သော်လည်း ဓားနှစ်လက်သမား ပြောင်းလဲသွားသော ဓားအလင်းတန်းက ဖျက်ဆီး၍မရနိုင်သည့်အလား မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်နွယ်နံရံ ဒါဇင်ပေါင်းများစွာကို ထိုးဖောက်ကျော်ဖြတ်သွားခဲ့သည်။

သတ်ဖြတ်လိုစိတ်က အဆုံးအစွန်သို့ ရောက်ရှိနေလေပြီ။

ယနေ့တွင်သာ ချူလျန်ကို မသတ်နိုင်ပါက သူ သရဲဖြစ်သွားလျှင်တောင် ကျေနပ်နိုင်မည် မဟုတ်ပေ။

"အား..."

သူ၏ ရူးသွပ်လုမတတ် ဟိန်းဟောက်သံများကြားတွင် ချူလျန်၏ ခန္ဓာကိုယ်သည် နောက်ဆုံး၌ ချဉ်းကပ်ခံလိုက်ရတော့သည်။

သူသည် အတောင်ပံပါမီးမြွေ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်သော်လည်း ဓားနှစ်လက်သမား၏ အလင်းမဲ့ဓားချက်မှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ဤဓားချက်ထဲတွင် သူ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားမှ အမုန်းတရားများ ပါဝင်နေသောကြောင့် အလွန်လျင်မြန်လွန်းလှပေသည်။

ရွှစ်...

ကောင်းကင်ယံတစ်ခုလုံးတွင် သွေးစက်များ ပြန့်ကျဲသွားတော့သည်။

ဓားနှစ်လက်သမား၏ ခန္ဓာကိုယ်က ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ ကျဆင်းသွားလေ၏။

သူသည် ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မီးလောင်ကျွမ်းခံထားရပြီး မျက်လုံးတစ်ဖက်သာ ကောင်းမွန်စွာ ကျန်ရှိတော့သည်။

သူက မြေပြင်ပေါ်တွင် ခက်ခဲစွာ မှောက်လျက်အနေအထားဖြင့် ရှိနေပြီး သူ၏ အနောက်ဘက်ရှိ နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသော ချူလျန်ကို လှည့်ကြည့်လိုက်သည်။

ဓားနှစ်လက်သမားက ဆန္ဒပြည့်ဝသွားသည့် အပြုံးမျိုးကို ပြုံးလိုက်လေ၏။

သူသည် ခုနက သစ်ပင်မိစ္ဆာမျိုးနွယ်များ၏ တားဆီးမှုများကြားမှ ချူလျန်ကို အကြမ်းပတမ်း သတ်ဖြတ်ခဲ့သောကြောင့် သူ၏ ခွန်အားများအားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယနေ့တွင်တော့ သူ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း ဘာဖြစ်ပါသနည်း။ သူက သူ၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ဂုဏ်သိက္ခာကို ရရှိခဲ့ပြီဖြစ်ပေသည်။

"မင်းက နောက်ဆုံးတော့လည်း ငါ့ဓားအောက်မှာ သေရတာပါပဲ ဟား...ဟား... ဟား..."

ဓားနှစ်လက်သမား၏ ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးနေသော်လည်း သူက ရူးသွပ်စွာ ရယ်မောနေဆဲပင်။

"ဟီး... ဟီး..."

တစ်စုံတစ်ယောက်က သူ၏ ရယ်သံကို ဆက်၍ ရယ်မောလိုက်ကာ အဝေးရှိ တောအုပ်ထဲမှ ထွက်ပေါ်လာလေသည်။

"ဟင်…"

ထိုအသံကို ကြားလိုက်ရသောအခါ ဓားနှစ်လက်သမားက တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရုတ်တရက် ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်ရာ လျှောက်လာသူမှာ ချူလျန်ဖြစ်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။

'ဘာလို့လဲ… ဒါက ဘယ်လို သေခြင်းကင်းတဲ့ ခန္ဓာကိုယ်မျိုးလဲ…. မဖြစ်နိုင်ဘူး…”

“ ..ငါမြင်တာ မှားနေတာပဲ ဖြစ်ရမယ်…'

ဓားနှစ်လက်သမားက စိတ်ထဲမှ ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး ပြာများနှင့် သွေးများပေကျံနေသော သူ၏ လက်ဖြင့် တစ်ခုတည်းသော ကောင်းမွန်နေသည့် မျက်လုံးကို ပွတ်သပ်ကာ အဝေးမှလူကို ရှင်းလင်းစွာ မြင်နိုင်ရန် ကြိုးစားလိုက်လေ၏။

သို့သော်လည်း ပွတ်သပ်လေလေ ပို၍ဝါးလာလေလေ ဖြစ်နေသည်။

"ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ကျုပ်ထက် အများကြီး မြင့်မားနေပြီး မျက်စိတစ်မှိတ်အတွင်းမှာ လူသတ်နိုင်တယ်ဆိုတာကို သိနေရက်နဲ့ ကျုပ်က ဘယ်လိုလုပ်ပြီး အစစ်အမှန်ခန္ဓာကိုယ်နဲ့ ခင်ဗျားကို ရင်ဆိုင်ရဲမှာလဲ…"

ချူလျန်သည် ဓားနှစ်လက်သမားကို ကြည့်ကာ အနောက်မှ ကပ်ပါလာသော ရွှေမွေးဟူနှင့်အတူ အေးအေးဆေးဆေး လျှောက်လာခဲ့သည်။

"အခု ခင်ဗျား လှုပ်ရှားလို့ မရတော့ဘူးမလား… ကျုပ်ကို ဘာလို့သတ်ချင်ရတာလဲ ဆိုတာလေး ပြောပြလို့ရမလား..”

“ ကျုပ်နဲ့ ခင်ဗျားကြားမှာ ဘာရန်ငြိုးရန်စမှလည်း မရှိဘဲနဲ့ ဘာလို့ ကျုပ်ကို ဒီလောက်တောင် ပစ်မှတ်ထားနေရတာလဲ”

“ အကယ်လို့ သေသေချာချာ ပြောပြမယ်ဆိုရင် ခင်ဗျားကို လွှတ်ပေးဖို့ ကျုပ်စဉ်းစားပေးပါ့မယ်…"

မှန်ပေသည်။ ခုနက ထွက်လာသူမှာ မှော်ဝင်ပစ္စည်းအချို့ကို သယ်ဆောင်လာသော တတိယမြောက် ငွေရောင်အမွေးအမျှင်မှ ပြောင်းလဲသွားသည့် ပုံတူကိုယ်ပွားသာ ဖြစ်လေသည်။

ဤအချိန်ရောက်မှသာလျှင် ချူလျန်၏ အစစ်အမှန်ခန္ဓာကိုယ်က ထွက်ပေါ်လာခြင်း ဖြစ်၏။

"ဟား... ဟား... ဟား..."

ဓားနှစ်လက်သမားက ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်တော့သည်။

သူက ချူလျန်ကို ကြည့်ကာ ဘာကြောင့်မှန်းမသိဘဲ စတုတ္ထအဆင့်သို့ ယခုလေးတင် တက်လှမ်းထားသည့် အားနည်းသော တပည့်လေးတစ်ယောက်မှာ ဧရာမမိစ္ဆာဘုရင်ကြီးတစ်ပါးကဲ့သို့ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

'ဒီလောကမှာ တကယ်ပဲ သတ်လို့မသေတဲ့လူ ရှိနေသေးတာလား'

ဤအချိန်တွင် သူသည် လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ဂုဏ်သိက္ခာကို အစအနမကျန်အောင် ဖျက်ဆီးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စွဲလမ်းမှုများအားလုံးလည်း ပါဝင်သွားခဲ့ရာ သူ၏ နှလုံးသားထဲတွင် အဆုံးအစမဲ့သော နာကြည်းမှုများ ဖြစ်ပေါ်လာတော့သည်။

"မင်း သိချင်နေတာလား… ငါ ဘယ်တော့မှ မင်းကို ပြောပြမှာ မဟုတ်ဘူး”

“ ငါအသက်ရှင်နေတုန်း မင်းကို မသတ်နိုင်ရင်တောင်မှ သရဲဖြစ်သွားရင်လည်း မင်းရဲ့အသက်ကို ယူပြမယ်…"

ထိုသို့ပြောပြီးသည်နှင့် သူသည် ဓားကိုပြောင်းကိုင်ကာ သူ၏ ရင်ဘတ်ထဲသို့ ထိုးသွင်းလိုက်လေ၏။

သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုနေရာတွင်ပင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ခြင်းပင် ဖြစ်သည်။

ရွှစ်...

ထိုကဲ့သို့သော မကျေနပ်မှုများနှင့် နာကြည်းမှုများကြောင့် သူ သေချာပေါက် ကလဲ့စားဝိညာဉ်အဖြစ် ပြောင်းလဲသွားမည်ဟု ယုံကြည်ထားလေ၏။

ပြီးလျှင် ဤကောင်လေး၏ အသက်ကို သွားရောက်နှုတ်ယူပေမည်။

ချူလျန်၏ မျက်လုံးထဲတွင် အံ့သြမှုတစ်ချို့ ဖြတ်ပြေးသွားပြီး ဤလုပ်ကြံသတ်ဖြတ်သူသည် ဤမျှလောက် ပြတ်သားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ မသိသောအရာတစ်ခု ရှိလေသည်။ အကယ်၍ အခြားသူတစ်ယောက်ကို ရင်ဆိုင်ရမည်ဆိုလျှင် ဓားနှစ်လက်သမားက ဤမျှလောက် ပြတ်သားချင်မှ ပြတ်သားမည် ဖြစ်၏။

သို့သော်လည်း ချူလျန်နှင့် ရင်ဆိုင်ရချိန်တွင်တော့ ဓားနှစ်လက်သမား၏ ဦးနှောက်ကို အမုန်းတရားများက ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။

အလွန်အမင်း ဒေါသထွက်နေမှုကြောင့် သူသည် ကလဲ့စားဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီးနောက် ကလဲ့စားချေမည့် အချိန်ကိုပင် မျှော်လင့်နေခဲ့ပြီ ဖြစ်သည်။

ချက်ချင်းပင် ကွင်းပြင်ထဲရှိ ဝိညာဉ်ချုပ်အလံက ခပ်ဖွဖွလေး လှုပ်ရှားသွားတော့သည်။

ထို့နောက် ၎င်းသည် လွင့်စင်သွားသော ဝိညာဉ်ကို အလံထဲသို့ သိမ်းဆည်းဖိနှိပ်လိုက်လေ၏။

ကလဲ့စားဝိညာဉ်အဖြစ် ပြောင်းလဲကာ ကလဲ့စားချေလိုသော သူ၏ နောက်ဆုံးမျှော်လင့်ချက်လေးမှာလည်း အပြီးတိုင် ပျက်စီးသွားတော့သည်။

ဓားနှစ်လက်သမားသည် ရင်ဘတ်တွင် ဓားစိုက်လျက်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မီးသွေးခဲကဲ့သို့ ဖြစ်နေပြီး ကြည့်လိုက်ရုံဖြင့် အိပ်မက်ဆိုးမက်နိုင်လောက်အောင် အရုပ်ဆိုးကာ အသွင်အပြင်ကိုပင် ရှင်းလင်းစွာ မမြင်ရတော့ချေ။

သွေးများပြည့်နေသော မျက်လုံးတစ်လုံးသာလျှင် အမုန်းတရားများကို ထုတ်ဖော်ပြသနေဆဲ ဖြစ်လေ၏။

သို့နှင့် အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ သေဆုံးပုံမှာမူ ပြိုင်စံရှားအောင် အေးချမ်းလှပေသည်။

All Chapters