အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) - စားသောက်ပွဲ စတင်ခြင်း
ချူလျန်သည် ဓားနှစ်လက်သမား၏ အလောင်းကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိ၏။
ဤလူသည်ကား တကယ့်ယောက်ျားကောင်းတစ်ယောက်ပင် ဖြစ်ချေသည်။ နောက်ကွယ်မှ လျှို့ဝှက်ချက်များ ပေါက်ကြားမသွားစေရန် တိုက်ရိုက်ပင် အဆုံးစီရင်သွား၏။
ရန်သူအပေါ် လေးစားသမှုဖြင့် သူသည် ဓားညွှန်ပြကာ ဓားပျံကို ဝှေ့ယမ်းလိုက်၏။
အလောင်းပေါ်တွင် အပေါက်ပေါင်း ဒါဇင်နှင့်ချီကာ ထပ်မံထိုးနှက်လိုက်သေးသည်။
ထိုလူ သေချာပေါက် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ အနီးသို့ကပ်ကာ ရှာဖွေတော့သည်။
သို့သော် အတော်ကြာအောင် ရှာဖွေပြီးနောက် ထိုသူ့ထံတွင် အမည်းရောင်ဓားတစ်စုံမှလွဲ၍ တန်ဖိုးရှိသည့်အရာ တစ်ခုမျှ မတွေ့ရချေ။
အခြေခံအကျဆုံးဖြစ်သော သိုလှောင်မှော်ပစ္စည်းပင် ပါမလာခဲ့ပေ။ အမှန်စင်စစ် ဤသည်မှာ ဓားနှစ်လက်သမားကဲ့သို့သော လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ ကျင့်ဝတ်ပင် ဖြစ်သည်။
လုပ်ငန်းစဉ်တစ်ခုစီကို မလုပ်ဆောင်မီ မိမိ၏အထောက်အထားကို သက်သေပြနိုင်မည့် အရာအားလုံးကို ထားရစ်ခဲ့ပြီး သတ်ဖြတ်မည့် လက်နက်ကိုသာ ယူဆောင်လာလေ့ရှိသည်။
"ဟင်း..."
ချူလျန်က သက်ပြင်းတစ်ချက်ချလိုက်ကာ နှစ်သိမ့်မှုအဖြစ် ထိုသူ၏ ဓားတစ်စုံနှင့် ဝိညာဉ်ချုပ်အလံကိုသာ သိမ်းဆည်းလိုက်၏။
ထို့နောက် သူက ထရပ်ကာ သစ်ပင်မိစ္ဆာများအားလုံးကို ဂါရဝပြုလိုက်ပြီး အကြီးအကဲချင်းဟွိုင်ကို ပြောလိုက်သည်။
"ဒီနေ့ အသက်ကယ်တင်ပေးတဲ့အတွက် အားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ…"
"ဟိုး... မလိုပါဘူး…"
အကြီးအကဲချင်းဟွိုင်က လက်ကာပြလိုက်ပြီး ပြောလေသည်။
"သူရဲကောင်းလေးက ဘာလို့ ဒီလောက် အားနာနေရတာလဲ…”
“ မင်းက ကျုပ်တို့ သစ်ပင်မိစ္ဆာမျိုးနွယ်စုအပေါ်မှာ အရင်ဆုံး ကျေးဇူးရှိခဲ့တာပဲလေ…”
“ ကျုပ်တို့က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ"
နှစ်ဦးနှစ်ဖက် အားနာစကားများ ပြောဆိုပြီးနောက် ချူလျန်က ဆက်ပြောလိုက်၏။
"ခုနက ကျွန်တော် အဲဒီတောမီးထဲကို ဝင်သွားတုန်းက အထဲမှာ ရှိနေတဲ့အရာကို တကယ်ပဲ မြင်ခဲ့ရတယ်…"
"အို... ဘာများလဲ"
အကြီးအကဲချင်းဟွိုင်က ချက်ချင်းပင် စိုးရိမ်တကြီး မေးလိုက်သည်။
"အတောင်ပံပါ မီးမြွေတစ်ကောင်ပဲ"
ချူလျန်က ပြန်ဖြေလိုက်၏။
"အတောင်ပံပါမီးမြွေလား…"
သစ်ပင်မိစ္ဆာအုပ်စုသည် ထိုအမည်ကို ကြားလိုက်ရသည်နှင့် မျက်နှာပျက်သွားကြလေသည်။
"ဒါက ရှေးဟောင်းခေတ်ကတည်းက နာမည်ကျော်ခဲ့တဲ့ သားရဲဆိုးပဲ… အရမ်းကို ရက်စက်ကြမ်းကြုတ်တယ်”
“ သူတို့ရဲ့ ဘိုးဘေးတွေထဲမှာဆိုရင် အဌမမြောက်အဆင့်ရှိတဲ့ ကောင်းကင်စည်းမျဉ်းကို ထိန်းချုပ်နိုင်သူတွေတောင် ရှိခဲ့ဖူးတာ…"
"ဒါပေမဲ့ အတောင်ပါပံမီးမြွေတွေက အနောက်တောင်ဘက်က အကုသိုလ်တောင်တန်းတွေမှာပဲ နေကြတာလေ…”
“ ဘယ်လိုဖြစ်လို့ ဒီကို ရုတ်တရက် ရောက်လာရတာလဲ"
ခေတ္တမျှကြာသော် အကြီးအကဲချင်းဟွိုင်က ပြောလိုက်၏။
"အဲဒီအတောင်ပံနှစ်ဖက်ပါတဲ့ အတောင်ပံပါမီးမြွေက ပဉ္စမအဆင့် ဝိညာဉ်သားရဲပဲ ဆိုပေမဲ့ သူ့ရဲ့ မွေးရာပါ စွမ်းအားကြောင့် ကျုပ်တို့ သစ်ပင်မိစ္ဆာမျိုးနွယ်တွေအတွက် ရင်ဆိုင်ရတာ တကယ်ကို ခက်ခဲတယ်ကွယ့်..”
“ ဒီတစ်ကြိမ်မှာတော့ ရှုတောင်ကပဲ ကူညီပေးဖို့ တောင်းဆိုရလိမ့်မယ်… သူရဲကောင်းလေး ပြန်ရောက်ရင် မင်းရဲ့ ဂိုဏ်းက အကြီးအကဲတွေကို သတင်းပို့ပေးပါဦး.."
"စိတ်ချပါဗျာ…"
ချူလျန်က ပြောလိုက်သည်။
"ကျွန်တော် အခုပဲ ပြန်ပြီး လူကြီးတွေကို သတင်းပို့လိုက်ပါ့မယ်…”
“ ဒီဘေးဒုက္ခကို ရှင်းထုတ်ဖို့ အမြန်ဆုံး ပြန်လာခဲ့ပါမယ်"
သစ်ပင်မိစ္ဆာမျိုးနွယ်စု၏ အပ်နှံမှုကို ဆောင်ယူကာ သူသည် ရွှေမွေးဟူကို စီးနင်းပြီး ရှုတောင်သို့ အမြန်ပြန်လာခဲ့၏။
သူ၏ သတင်းပို့ချက်ကို ကြားသော် အကြီးအကဲရှန်ကလည်း အနည်းငယ် အံ့အားသင့်သွားလေသည်။
"အတောင်ပံပါမီးမြွေက အကုသိုလ်တောင်တန်းကနေ ထွက်လာတယ် ဟုတ်လား…”
“ ဒါက နှစ်ပေါင်းများစွာအတွင်းမှာ မဖြစ်ခဲ့ဖူးတဲ့ ကိစ္စပဲ… အဲဒီမှာ သားရဲဆိုးတွေ အများကြီး ရှိနေပေမဲ့ တစ်ခါမှ ပြဿနာမရှိခဲ့ဘူး”
“ အဲဒီဘက်မှာ တစ်ခုခု ထူးခြားတာများ ရှိနေလို့လား… ခဏနေရင် ငါ အကြီးအကဲတွေကို မေးကြည့်လိုက်ဦးမယ်.. လူလွှတ်ပြီး စုံစမ်းဖို့ လိုမလို ကြည့်ရတာပေါ့"
သူ စဉ်းစားနေသည်မှာ အကုသိုလ်တောင်တန်း၏ အရေးကိစ္စသာ ဖြစ်သည်။ သစ်ပင်မိစ္ဆာတောင်ကိစ္စမှာမူ ပဉ္စမအဆင့် အတောင်ပံမီးမြွေတစ်ကောင်က ရှုတောင်အတွက် ခေါင်းခဲစရာ မဟုတ်ချေ။
သူက အတန်ကြာ စဉ်းစားပြီးမှ ပြောလိုက်၏။
"သစ်ပင်မိစ္ဆာတောင်က ကိစ္စကတော့ ပဉ္စမအဆင့်ပဲဆိုတော့ ဖြေရှင်းရတာ မခက်ပါဘူး”
“ ခဏနေရင် ဆဋ္ဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့် အကြီးအကဲ တစ်ယောက်ယောက် အားမလား ကြည့်လိုက်မယ်…အဲဒါဆိုရင် အမြန်သွားရှင်းခိုင်းလို့ ရတာပေါ့"
အင်မော်တယ်ဂိုဏ်းများ၏ ထုံးစံမှာ အမြဲတမ်း ဤသို့ပင် ဖြစ်သည်။ အခြေအနေကို သေချာမသိသေးပါက အခြေခံအဆင့် တပည့်များက အရင်ဆုံး သွားရောက်စုံစမ်းရသည်။
ဖြေရှင်းနိုင်လျှင် ဖြေရှင်းလိုက်ပြီး မဖြေရှင်းနိုင်ပါက တောင်ပေါ်သို့ ပြန်လာကာ ကျွမ်းကျင်သူများကို အကူအညီတောင်းရသည်။
အကယ်၍ ကိစ္စအသေးအဖွဲလေးကအစ အဆင့်မြင့်ပုဂ္ဂိုလ်များကသာ လုပ်ဆောင်နေရပါက သူတို့တွင် အချိန်လောက်မည် မဟုတ်ဘဲ အားလုံးပင် ပင်ပန်းနွမ်းနယ်နေကြပေလိမ့်မည်။
"အကြီးအကဲရှန်ခင်ဗျာ... အဲဒီလောက် အလုပ်ရှုပ်ခံမနေပါနဲ့"
ချူလျန်က ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော့်ဆရာက အားနေတာပဲလေ"
"ဟား... ငါ တီနွီဖုန့်ကို မေ့သွားတာပဲ"
အကြီးအကဲရှန်က သူ၏ နဖူးကို ရိုက်လိုက်ပြီး ပြောလေသည်။
"သူသာ ထွက်လုပ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့"
အမှန်စင်စစ် သူ မေ့သွားခြင်း မဟုတ်ဘဲ ထိုဘက်သို့ လုံးဝ မတွေးမိခြင်းသာ ဖြစ်သည်။ ရှုတောင်တွင် တီနွီဖုန့်ကို ခိုင်းစေဝံ့သူ မည်သူရှိသနည်း။
ထို့ကြောင့်လည်း ထိန်းသိမ်းရေးခန်းမမှ မည်သည့်အရေးကိစ္စမျိုးတွင်မဆို သူမကို ထည့်သွင်းစဉ်းစားလေ့ မရှိပေ။ ချူလျန်၏ ကြားဝင်ဆောင်ရွက်မှုကြောင့်သာ သူမကို ခက်ခက်ခဲခဲ တောင်းဆိုနိုင်ခြင်း ဖြစ်သည်။
သို့သော် ချူလျန်တွင်လည်း ကိုယ်ကျိုးစီးပွားအတွက် စဉ်းစားချက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ပဉ္စမအဆင့် ဝိညာဉ်သားရဲ ဖြစ်နေသောကြောင့်ပင်။
အသတ်ခံရလျှင်ပင် တစ်ကိုယ်လုံးက ရတနာများ ဖြစ်သည်။ အတောင်ပံပါမီးမြွေ၏ သည်းခြေတစ်ခုတည်းနှင့်တင် ဝေလငါးစီး အင်မော်တယ်က ကျန်းယွဲ့ပိုင်ကို ပေးခဲ့သည့် နီရွှေနဂါးမြွေသည်းခြေထက် အဆင့်တစ်ဆင့်သာ နိမ့်ကျသည်။
ကျန်ရှိသည့် မြွေကြေးခွံ၊ မြွေသွေးနှင့် မြွေသားများမှာလည်း ရတနာများဟု ဆိုနိုင်သည်။
ဤအကျိုးအမြတ်များကို မည်သည့် အဆင့်မြင့်ပုဂ္ဂိုလ်က သွားရောက်လုပ်ဆောင်ပါစေ၊ ထိုသူ၏ လက်ထဲသို့သာ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့ကြောင့် သူသည် တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ မိမိ၏ ဆရာသခင်ကိုသာ ရွေးချယ်လိုက်ခြင်းပင်။
တီနွီဖုန့်သည် မူလက စံအိမ်ထဲတွင် ငိုက်မြည်းနေခဲ့သော်လည်း အကျိုးအမြတ်ရှိကြောင်း ကြားလိုက်ရသည်နှင့် ချက်ချင်းပင် မျက်လုံးများ ပွင့်လာလေသည်။
အထူးသဖြင့် အတောင်ပံပါမီးမြွေဖြစ်ကြောင်း သိလိုက်ရသောအခါ သူမက ဝုန်းခနဲ ထရပ်လိုက်ပြီး မျက်လုံးများ တောက်ပလျက် ပြောလိုက်၏။
"မြွေသားလား... ငါ အဲဒါကို စားချင်နေတာနဲ့ အတော်ပဲ.."
ချူလျန်၏ မျက်ခုံးများပင် တွန့်ချိုးသွားရသည်။ ဤသည်မှာ တကယ့်ကို ရိုင်းစိုင်းလွန်းလှချေပြီ။ ဆရာတပည့် နှစ်ယောက်သည် သစ်ပင်မိစ္ဆာတောင်သို့ အမြန်ဆုံး အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ကြသည်။
သူမက မီးတောက်နတ်ငှက်တစ်ကောင်ကဲ့သို့ ထိုနေရာသို့ ဆင်းသက်လာချိန်တွင် ပတ်ဝန်းကျင်ရှိ သစ်ပင်တောအုပ်မှ သစ်ပင်မိစ္ဆာအားလုံးသည် ထိုဖိအားကို မခံနိုင်တော့ဘဲ လူသားအသွင်သို့ ပြောင်းလဲကာ အသနားခံကြတော့သည်။
"သူရဲကောင်းကြီး... ကျေးဇူးပြုပြီး မန္တန်ကို ရုပ်သိမ်းပေးပါ…"
ပတ်ဝန်းကျင်တွင် မြင့်တက်လာသော မိစ္ဆာချီများကြောင့် တီနွီဖုန့်က အပြင်းထန်ဆုံး ဖိအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
မီးတောက်စွမ်းအားနှင့် ပတ်သက်လျှင် တီနွီဖုန့်သည် ထိုအတောင်ပံပါမီးမြွေထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်။
ပူပြင်းလှသော အရှိန်အဝါကြောင့်ပင် ထိုသစ်ပင်မိစ္ဆာလေးများမှာ အလွန်အမင်း နာကျင်ခံစားနေကြရသည်။
"ဆရာ... ဒါတွေက မဟာမိတ်တွေလေ”
“ ကျွန်တော်တို့ ဖမ်းရမယ့် အတောင်ပံပါမီးမြွေက ဟိုအထဲမှာ"
ချူလျန်က ပိုမိုကျယ်ပြန့်လာသည့် တောမီးတောက်ကြီးကို ညွှန်ပြလျက် ပြောလိုက်၏။
"အော်..."
တီနွီဖုန့်က ခပ်ပေါ့ပေါ့ပင် ပြန်ထူးလိုက်သည်။
ထို့နောက် သူမ၏ ကိုယ်ထည်က လေပေါ်သို့ ပျံတက်သွားပြီး သစ်ပင်မိစ္ဆာမျိုးနွယ်စုများ လက်လျှော့ထားရသည့် နတ်မီးတောက်ကြီးကို ရင်ဆိုင်လိုက်၏။
သူမ၏ မျက်လုံးများက တည်ငြိမ်နေပြီး ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"ရှူး..."
သူမ တစ်ချက်ရှူသွင်းလိုက်သည်နှင့် တစ်တောင်လုံးရှိ မီးတောက်များသည် ချက်ချင်းပင် ခိုနားရာနေရာကို တွေ့ရှိသွားသကဲ့သို့ မြေပြင်မှ ခွာကာ ကောင်းကင်သို့ စုရုံးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမ မီးလုံးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားလေတော့သည်။
မီးတောက်များ အားလုံး ကောင်းကင်သို့ ရောက်ရှိသွားချိန်တွင် မြေပြင်ပေါ်၌ ပျက်စီးယိုယွင်းနေမှုများ ပေါ်ပေါက်လာ၏။
တောမီးလောင်ကျွမ်းသွားသော နေရာများမှာ မည်းတူးနေသည့် မြေပြင်များသာ ကျန်ရှိတော့ပြီး မြေအောက်ရှိ ကျောက်တောင်များပင် ပေအတော်ကြာအောင် နိမ့်ဆင်းသွားသည်အထိ လောင်ကျွမ်းခံထားရသည်။
ဤမီးလောင်မှုကြီးသည် သစ်ပင်မိစ္ဆာတောင်အတွက် ကြီးမားသော ထိခိုက်ဒဏ်ရာများကို ဆောင်ကြဉ်းပေးခဲ့သည်။
တရားခံဖြစ်သော အတောင်ပံပါမီးမြွေမှာမူ မည်းနက်နေသော ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ဝပ်နေလေသည်။
မူလက သူမသည် မီးတောက်များထဲတွင် လှည့်လည်သွားလာရင်း မိမိကိုယ်တိုင် ဖန်တီးထားသော မီးပင်လယ်အိပ်ရာကို ခံစားနေခြင်း ဖြစ်သည်။
သို့သော် ရုတ်တရက် ထိုအိပ်ရာကြီးက တစ်စုံတစ်ယောက်၏ ဖယ်ရှားခြင်းကို ခံလိုက်ရပြီး အိမ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရသကဲ့သို့ အားလုံး၏ ရှေ့မှောက်တွင် ပေါ်ထွက်လာရတော့သည်။
၎င်း၏ မျက်လုံးများသည် ဘယ်ညာသို့ ဝေ့ဝဲကြည့်နေ၏။ အနည်းငယ် ထိတ်လန့်နေပုံရသည်။ အနည်းငယ်လည်း ကြောင်အမ်းအမ်း ဖြစ်နေချေပြီ။
တီနွီဖုန့်ကမူ ၎င်းကို လှည့်တောင်မကြည့်ပေ။
သူမသည် ကောင်းကင်ယံတွင် နေမင်းကြီးကဲ့သို့ နေရာယူထားသော ဧရာမ မီးလုံးကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲယူကာ အားဖြင့် ဖိသိပ်လိုက်သည်။
ဖိသိပ်လိုက်စမ်း...
သူမ၏ လက်နှစ်ဖက်မှ အားစိုက်လိုက်သည်နှင့် ကောင်းကင်တစ်ဝက်စာလောက် ရှိသော မီးလုံးကြီးမှာ သူမ၏ လက်ဝါးခန့်သာ ရှိတော့သည်အထိ ဖိသိပ်ခြင်း ခံလိုက်ရသည်။
သူမက လက်ထဲတွင် ကိုင်ထားရင်း ထပ်မံ၍ လှိမ့်လိုက်သေး၏။ နောက်ဆုံးတွင် သစ်ကြားသီးအရွယ်ခန့်ရှိသော ခရမ်းရွှေရောင် အနှစ်တုံးလေးတစ်ခု ဖြစ်သွားတော့သည်။
၎င်းမှာ မီးတောက်များဖြင့် ပြုလုပ်ထားခြင်းနှင့် မတူတော့ဘဲ သတ္တုတစ်ခုနှင့် ပိုမိုတူညီနေပေသည်။
သူမက လက်ထဲတွင် ခေတ္တမျှ ကစားနေပြီးမှ အောက်ရှိ အတောင်ပံပါမီးမြွေကို ငုံ့ကြည့်လိုက်သည်။
"နင့်အိမ်က လူကြီးတွေက နင့်ကို မပြောဖူးဘူးလား... ကလေးတွေ မီးနဲ့ မဆော့ရဘူးဆိုတာကိုလေ.."
သူမက ပျင်းရိပျင်းတွဲ အသံဖြင့် မေးလိုက်၏။
အတောင်ပံပါမီးမြွေက ၎င်း၏ အတောင်ပံများကို ဖြန့်လိုက်သည်။
၎င်းသည် တီနွီဖုန့်၏ စကားကို နားလည်ခြင်း ရှိမရှိ မသိရသော်လည်း မိမိ၏ အခြေအနေကိုမူ သေချာပေါက် သတိထားမိသွားချေပြီ။
အန္တရာယ်ပင်။
၎င်းက အတောင်ပံများကို ဝှေ့ယမ်းကာ လေပေါ်သို့ ပျံတက်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် တီနွီဖုန့်က ၎င်းကို အခွင့်အရေး ပေးပါမည်လော။
ဤအတောင်ပံပါမီးမြွေသည် သဘာဝအရ ရက်စက်ကြမ်းကြုတ်ပြီး သတ္တဝါများကို သတ်ဖြတ်ခြင်း၊ အရာခပ်သိမ်းကို မီးရှို့ဖျက်ဆီးခြင်းတို့ကို ပျော်ရွှင်မှုအဖြစ် မှတ်ယူထားသူ ဖြစ်သည်။
မည်သည့်နေရာသို့ ရောက်ရောက် ကြီးမားသော ဘေးအန္တရာယ်ကို ဆောင်ကြဉ်းလာမည် ဖြစ်ရာ မောင်းထုတ်လိုက်ရုံနှင့် မရနိုင်ချေ။
သူမက အခြားသော လှုပ်ရှားမှုများ မလုပ်ဘဲ ခုနက ဖိသိပ်ထားသည့် ခရမ်းရွှေရောင် သစ်ကြားသီးလေးကိုသာ အသာအယာ တောက်လိုက်၏။
"ရှုး..."
ခရမ်းရောင်အလင်းတန်းတစ်ခုသည် အတောင်ပံမီးမြွေ၏ ပုံရိပ်နောက်သို့ လိုက်ပါသွားသည်။
"ဝုန်း... ဒုန်း... ဒုန်း..."
ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
အစွန်းကုန် ဖိသိပ်ထားသည့် ထိုမီးလုံးလေးသည် ထပ်မံ၍ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့ လေလှိုင်းများနှင့် မီးတောက်များက အတောင်ပံမီးမြွေကို ဝါးမြိုသွားလေသည်။
၎င်းမှာ မိမိ၏ ကိုယ်ပိုင်မီးတောက်ပင် ဖြစ်သော်လည်း ဤပေါက်ကွဲမှုအရှိန်အဟုန်ကိုမူ ခံနိုင်ရည်မရှိချေ။
ကောင်းကင်ယံတွင် လိမ့်တက်နေသော မီးတိမ်တိုက်ကြီးများ ပေါ်ပေါက်လာပြီး သစ်ပင်မိစ္ဆာတောင် ပတ်ဝန်းကျင် မိုင်ပေါင်းများစွာအထိ ဖုံးလွှမ်းသွားတော့သည်။
ဤပေါက်ကွဲမှုကြီးမှာ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေလောက်သည်။
"ဆရာ... အလောင်းကိုတော့ အကောင်းအတိုင်း ချန်ထားပေးဦးနော်.."
ချူလျန်က အော်ပြောလိုက်၏။
"စိတ်ချစမ်းပါ... ငါ့မှာ အတိုင်းအတာ ရှိပါတယ်"
တီနွီဖုန့်က လက်ကာပြလိုက်သည်။
ထိုအခါမှ ချူလျန်လည်း စိတ်အေးသွားရတော့သည်။
တီနွီဖုန့်သည် အခြားသော ကိစ္စရပ်များတွင် အားကိုးမရသော်လည်း တိုက်ခိုက်ခြင်းနှင့် ပတ်သက်လျှင်မူ သူမကို အမြဲတမ်း ယုံကြည်၍ ရသည်။
အမှန်ပင်။ အတန်ကြာသော် အရာအားလုံး ငြိမ်သက်သွား၏။ မည်းတူးနေသော တောင်ထိပ်ပေါ်တွင် အပေါ်ယံ အရေခွံများ လောင်ကျွမ်းနေသည့် အတောင်ပံပါမီးမြွေ၏ အလောင်းကို ချူလျန် မြင်လိုက်ရသည်။
၎င်းသည် မွေးကတည်းက တစ်သက်လုံး မီးနှင့် ဆော့ကစားလာခဲ့သော်လည်း နောက်ဆုံးတွင် မိမိ၏ နတ်မီးတောက်ဖြင့်ပင် သေဆုံးသွားရလိမ့်မည်ဟု ထင်မှတ်ထားမည် မဟုတ်ချေ။
မြွေကြေးခွံများ ပျက်စီးသွားသည်မှလွဲ၍ ကျန်ရှိသည့် အလောင်းမှာမူ အကောင်းအတိုင်းပင် ရှိနေသည်။
ဤအတောင်ပံပါမီးမြွေသည် အလွန်အမင်း ပြင်းထန်လှသော ပေါက်ကွဲမှုအရှိန်ကြောင့် သေဆုံးသွားခြင်း ဖြစ်သော်လည်း အသားများ လွင့်စင်မသွားခဲ့ချေ။
တီနွီဖုန့်၏ အားအင်ထိန်းချုပ်မှုမှာ တကယ်ကို ကွက်တိပင် ဖြစ်သည်။
"ဒါကို ပြန်ယူသွားပြီး ဟော့ပေါ့ လုပ်စားရအောင်…"
တီနွီဖုန့်က မြေပြင်သို့ ဆင်းသက်လာကာ ပျော်ရွှင်စွာ ပြောလိုက်၏။
"ဟုတ်ပါ့ဗျာ... ဒီလောက်ကြီးတဲ့ မြွေဆိုရင် အကြာကြီး စားလို့ရမှာပဲ…"
ချူလျန်က ပြောလိုက်သည်။
"လူတွေအများကြီးလည်း ဝဝလင်လင် စားလို့ရတာပေါ့"
"စားကြစို့... စားကြစို့"
တီနွီဖုန့်က သူမ၏ လက်သီးကို ဝှေ့ယမ်းလိုက်၏။