အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) - လူအများ စုပေါင်းကျင့်ကြံခြင်း
ဗွက်… ဗွက်…
ပွက်ပွက်ဆူနေသော အနီရောင် ဆီပူအိုးထဲတွင် အမယ်စုံသော စားဖွယ်ရာများမှာ ဟိုမှသည်သို့ လူးလာတုံ့ပြန်နေပြီး ဂူတစ်ခုလုံး၌ မွှေးပျံ့သော ရနံ့များ ဖုံးလွှမ်းနေလေသည်။
"ဒီတောင်ပံပါမီးမြွေသားက တကယ်ပဲ အရသာရှိတာပဲ"
ကျန်းယွဲ့ပိုင်က အသားတစ်ဖတ်ကို ဆော့စ်ခွက်ထဲ နှစ်လိုက်ပြီးနောက် ပူနွေးနေသော အသားဖတ်ကို စားရင်း ပျော်ရွှင်စွာ ပြောလိုက်၏။
ယနေ့တွင် သူမသည် အပြာရင့်ရောင် စိမ်းပြာရောင်ဂါဝန်တိုနှင့် ဘောင်းဘီရှည်ကို တွဲဖက်ဝတ်ဆင်ထားရာ ဖြူဖွေးသော အသားအရေနှင့် သွယ်လျသော ခြေတံများကို ပိုမိုပေါ်လွင်စေသည်။
စားရသည်ကို သဘောကျနေသဖြင့် သူမသည် မသိလိုက်ဘဲ ခြေတစ်ဖက်ကို ကွေးကာ ပိုက်ထားရန် ပြင်လိုက်မိသော်လည်း ဘေးနားရှိ ချူလျန်ကို ရုတ်တရက် သတိရသွားကာ အမြန်ပင် ပြန်ချလိုက်လေသည်။
"ဟုတ်တယ်... ကျုပ်ရဲ့ ဆရာသခင်က ပြောတယ်…”
“ဒီတောင်ပံပါမီးမြွေသားက ဝိညာဉ်စွမ်းအား ကြွယ်ဝပြီး သွေးလေကို အားကောင်းစေတဲ့ အကောင်းဆုံး အစားအစာတဲ့…”
“ ဒါကြောင့် ဂိုဏ်းတူအစ်မကို အမြန်လာမြည်းကြည့်ဖို့ ဖိတ်ခေါ်လိုက်တာ"
ချူလျန်က ပြုံးလျက် ပြောလိုက်၏။
သူ့ရှေ့မှ ဂိုဏ်းတူအစ်မမှာ စားပြီဆိုသည်နှင့် ကျန်းနတ်သမီးဟူသော အရှိန်အဝါများ လုံးဝပျောက်ကွယ်သွားကာ ပထမဆုံး စတင်တွေ့ရှိစဉ်ကကဲ့သို့ ပေါ့ပေါ့ပါးပါးရှိလှသော ကျန်းရှောင်ပိုင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားချေပြီ။
မနေ့က တောင်ပံပါမီးမြွေအကြီးကြီးတစ်ကောင်ကို ငွေဓားတောင်ထွတ်သို့ ထမ်းပိုးလာခဲ့ပြီးနောက် ယနေ့တွင် သူသည် ကျန်းယွဲ့ပိုင်ကို အမြည်းလာစားရန် ချက်ချင်းပင် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။
"မဆိုးဘူးပဲ.."
ကျန်းယွဲ့ပိုင်က မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလိုက်ရင်း ပြောလိုက်၏။
"ကောင်းတာရှိရင် ဂိုဏ်းတူအစ်မကို သတိရပေးသားပဲ... မင်းကို နတ်ဘုရားစွမ်းရည်တွေ သင်ပေးခဲ့ရတာ အလကားမဖြစ်တော့ဘူးပေါ့"
"ဒါကတော့ သေချာတာပေါ့.."
ချူလျန်က ခေါင်းကို အလေးအနက် ညိတ်လိုက်သည်။
"ဂိုဏ်းတူအစ်မ ကျုပ်အပေါ် ကောင်းခဲ့တာတွေကို ကျုပ်က အမြဲတမ်း နှလုံးသားထဲမှာ စွဲစွဲမြဲမြဲမှတ်ထားမှာပါ… ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
“ ပဉ္စမအဆင့် ဝိညာဉ်သားရဲ အသားတင်မကဘူး... နောင်ကျရင် ကျုပ် ပိုသန်မာလာတဲ့အခါ ဆဋ္ဌမအဆင့်... သတ္တမအဆင့် အသားတွေကိုတောင် ဂိုဏ်းတူအစ်မ စားဖို့ ရှာပေးဦးမှာပါ.."
"အသားပဲ ရှာပေးမှာလား…"
ကျန်းယွဲ့ပိုင်က တစ်ချက် ရယ်မောလိုက်ပြန်သည်။
"ဂိုဏ်းတူအစ်မ တခြားဟာ စားချင်ရင်လည်း ရတာပေါ့... ကျုပ်က အမျိုးမျိုးသော ဝိညာဉ်ဆေးပင်တွေနဲ့ ကမ္ဘာမြေရတနာတွေကို သွားခူးပေးမယ်”
“ ကျုပ်တို့ အသားရော အသီးအရွက်ရော မျှတအောင် စားကြတာပေါ့"
ချူလျန်က ပါးစပ်ထဲ ရှိရာ လျှောက်ပြောလိုက်၏။
"မင်းစိတ်ထဲမှာ ငါက စားဖို့ပဲ သိတဲ့သူ ဖြစ်နေတာလား.."
ကျန်းယွဲ့ပိုင်က တစ်ခုခု မှားနေသည်ဟု ခံစားမိသဖြင့် မေးလိုက်လေသည်။
"ဟီးဟီး.."
ချူလျန်က နှစ်ချက်မျှ ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
"ဂိုဏ်းတူအစ်မ... ဒီနှစ်ရက်အတွင်း တောင်စောင့်နတ်ပူဇော်ပွဲရဲ့ ပဟေဠိကို လေ့လာဖြစ်သေးလား... ဘာများ ထူးခြားမှု ရှိလဲ"
"ဘာလဲ... ရန်သူ့သတင်း လာစုံစမ်းတာလား"
ကျန်းယွဲ့ပိုင်၏ မျက်လုံးများက ဝေ့ဝဲသွားသည်။
"ဒီအတိုင်း မေးကြည့်တာပါဗျာ"
ချူလျန်က ပြောလိုက်၏။
"အစ်မတို့ အဖွဲ့က ရှုတောင်မှာ အမျှော်လင့်ရဆုံးပဲလေ...အစ်မတို့ ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာ သိချင်မိလို့ပါ"
"ဒါပေမဲ့ မင်းကို ပြောပြလည်း ကိစ္စမရှိပါဘူး... ဒီတစ်ခေါက် ပဟေဠိက တော်တော်လေး ခက်ခဲနက်နဲတယ်…”
“ငါတို့လည်း ဘာမှ သဲလွန်စ မရသေးဘူး.."
ကျန်းယွဲ့ပိုင်က ဆိုသည်။
သူမ တစ်ယောက်တည်းတင် မဟုတ်ဘဲ အခြေခံအားဖြင့် ယခုအကြိမ် ပါဝင်ယှဉ်ပြိုင်ကြသည့် အဖွဲ့အားလုံးမှာ ဘာမှ သဲလွန်စ မရကြသေးပေ။
ပဟေဠိ ထွက်လာသည့်နေ့တွင် ရှုတောင်ဂိုဏ်းတစ်ခုလုံး ညည်းတွားသံများဖြင့် ဖုံးလွှမ်းသွားခဲ့ရသည်။
ဤတစ်ကြိမ် တောင်စောင့်နတ်ပူဇော်ပွဲ၏ ပဟေဠိမှာ 'ဓားလဲလှယ်ရေး အကြီးအကဲ၏ ဖြူစင်ကျောက်စိမ်း ဖန်ခွက်' ကို ရှာဖွေရန် ဖြစ်ပြီး ယခင်နှစ်များနှင့် များစွာ ကွာခြားမှု မရှိပေ။
အကြီးအကဲ တစ်ဦးဦးက ရတနာတစ်ခု ထုတ်ပေးကာ တည်နေရာ အညွှန်းတစ်ခု ပေးထားမည်ဖြစ်ပြီး အဆင့်ဆင့် စူးစမ်းရှာဖွေသွားရုံသာ ဖြစ်သည်။
သို့သော် ယခုအကြိမ် ပေးထားသော သဲလွန်စမှာမူ အလွန်ပင် ဝေဝါးလှပေသည်။
'ဒီဇင်ဘာလလယ်၊ ကုတောင်ထိပ်ဖျား။ ကျန်းလင်းမြစ်ရဲ့ ညာဘက်အခြမ်း၊ တောင်စောင့်နတ်၊ ကိုယ်ထင်ရှား။'
ချူလျန်က ခပ်တိုးတိုး ရွတ်ဆိုလိုက်၏။
"ဟုတ်တယ်လေ…"
ကျန်းယွဲ့ပိုင်က ဆက်ပြောလေသည်။
"အခုမှ နွေဦးအစပဲ ရှိသေးတယ်... ဒီဇင်ဘာလ ရောက်တဲ့အချိန်ဆို ရှုတောင် ထိပ်သီးညီလာခံက ပြီးတောင် ပြီးနေရောပေါ့…”
“ အဲဒီအချိန်ကျမှ ဘယ်မှာ သွားရှာရမှာလဲ... ပြီးတော့ ဒီကျန်းလင်းမြစ်ဆိုတာကလည်း ဘယ်နေရာမှာ ရှိမှန်း အခုထိ ဘယ်သူမှ ရှာမတွေ့သေးဘူး…"
သူမ ပြောလိုက်သော ပြဿနာမှာ ယခုပြိုင်ပွဲဝင် တပည့်အားလုံး ကြုံတွေ့နေရသော အခက်အခဲပင် ဖြစ်သည်။
အချိန်နှင့် နေရာ ညွှန်းဆိုချက်များအားလုံးမှာ နားလည်ရ ခက်ခဲလွန်းလှသည်။
ချူလျန်သည် မကြာသေးမီက အခြားကိစ္စများဖြင့် အလုပ်ရှုပ်နေသဖြင့် ဤပဟေဠိကို စဉ်းစားရန် အချိန်မရသေးပေ။
ယခု စဉ်းစားကြည့်သောအခါ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မိလေသည်။
"ထားလိုက်ပါတော့... မစဉ်းစားတော့ဘူး…"
ကျန်းယွဲ့ပိုင်က လက်ကို ဝေ့ယမ်းလိုက်ပြီး ရုတ်တရက် ပြောလိုက်၏။
"စားသောက်ပြီးရင် ငါ မင်းကို မြေချုံ့အတတ် သင်ပေးမယ်.."
"ဗျာ…"
ချူလျန်မှာ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားလေသည်။
"မြွေသားဟော့ပေါ့ တစ်နပ်တည်းနဲ့ အင်မော်တယ် မန္တန်တစ်ခု သင်ရမှာဆိုတော့ တန်တာထက်ကို ပိုနေပါပြီ.."
"မင်း ရွှေအမြုတေအဆင့် ရောက်ရင် အင်မော်တယ် မန္တန်သင်ပေးမယ်လို့ ငါ အရင်ကတည်းက ပြောထားတာပဲ…”
“ ဒါပေမဲ့ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့တော့ မထင်ထားမိဘူး"
ကျန်းယွဲ့ပိုင်က ပြောလိုက်ပြီး နှုတ်ခမ်းလေးကို တွန့်လိုက်ရင်း ဆက်ပြောလေသည်။
"သင်ပေးတာက ငါ့တာဝန်... တတ်၊ မတတ်ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"
"ကောင်းပါပြီ"
ချူလျန်က ပြန်ဖြေလိုက်သည်။
...
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက်တွင်လည်း ချူလျန်သည် 'မြေချုံ့အတတ်' အကြောင်းကို အစဉ်တစိုက် စဉ်းစားနေမိသည်။
ဤသည်မှာ သူ ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားစွမ်းရည်တစ်ခုကို လုံးဝ နားမလည်နိုင်သော ခံစားချက်ကို ရရှိခြင်းပင် ဖြစ်သည်။
နက်နဲခက်ခဲလွန်း၍ မဟုတ်ဘဲ အင်မော်တယ် မန္တန်ထဲတွင် 'တာအို' နှင့် ပတ်သက်သော နားလည်မှုများစွာ ပါဝင်နေသောကြောင့် ဖြစ်သည်။
ထိုအရာများမှာ လက်ရှိ သူ၏ အဆင့်အတန်းအတွက်မူ အလွန်ပင် စောလွန်းနေသေးသည်။
သတ္တမအဆင့်သို့ ရောက်မှသာ တာအိုကို မေးခွန်းထုတ်နိုင်ပြီး ပုံမှန်အားဖြင့် ဆဋ္ဌမအဆင့်တွင်မှ တာအို၏ အဆင့်အတန်းကို စတင်ထိတွေ့နိုင်ခြင်း ဖြစ်သည်။
ထို့ကြောင့် စတုတ္ထအဆင့်ဖြင့် အင်မော်တယ် မန္တန်ကို နားလည်နိုင်သူများကိုသာ ပါရမီရှင်များဟု သတ်မှတ်ကြခြင်း ဖြစ်သည်။
ကျန်းယွဲ့ပိုင် သင်ပေးသော 'မြေချုံ့အတတ်' မှာ 'အကွာအဝေးမဲ့' တာအိုကို နားလည်ရန် လိုအပ်ပြီး ၎င်းမှာ ဟင်းလင်းပြင်နှင့် သက်ဆိုင်လေသည်။
ဤအင်မော်တယ် မန္တန်ကို မကျင့်ကြံမီ ထိုဆန်းကြယ်လှသော ဟင်းလင်းပြင်တာအိုကို ဦးစွာ ခံစားသိရှိရမည် ဖြစ်ရာ ချူလျန်အတွက် အမှန်တကယ်ပင် ခက်ခဲနေလေသည်။
ကျန်းယွဲ့ပိုင်၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် သူသည် ဝေဝေဝါးဝါးသာ သိရှိတော့သည်။
သူ ပထမဆုံးအကြိမ် ကြောင်တောင်တောင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကျန်းယွဲ့ပိုင်၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။
နတ်ဘုရားစွမ်းရည် သင်ယူသည့် ကိစ္စတွင် သူ အခက်တွေ့သည်ကို နောက်ဆုံးတော့ မြင်လိုက်ရချေပြီ။
သို့သော် သူမကိုယ်တိုင် မြေချုံ့အတတ်ကို ကျင့်ကြံစဉ်က ခြောက်လခွဲခန့် အချိန်ယူခဲ့ရသည်ကို ပြန်စဉ်းစားမိသောအခါ အားရလွန်းနေ၍လည်း မဖြစ်သေးပေ။
သူမက ချူလျန်ကို ပြန်သွားပြီး ဖြည်းဖြည်းချင်း ဆင်ခြင်ရန်နှင့် ဟင်းလင်းပြင်ထဲမှ ပထမဆုံး တာအိုအငွေ့အသက်ကို မည်သည့်အချိန်တွင် ခံစားမိမည်နည်း။
ထိုအချိန်ကျမှသာ လမ်းမှန်ပေါ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ပြောလိုက်လေသည်။
သို့သော် သုညမှ တစ်သို့ ပြောင်းလဲခြင်းမှာ အမြဲတမ်း အခက်ခဲဆုံး ဖြစ်ရာ ထိုပထမဆုံး တာအိုအငွေ့အသက်ကို ခံစားမိရန် မည်မျှ ကြာမည်ကို မည်သူမျှ မသိနိုင်ပေ။
ပုံမှန်အားဖြင့် မြေကမ္ဘာနယ်ပယ်တွင် အရင်းအမြစ်များကို ကျင့်ကြံပြီး၊ ကောင်းကင်နယ်ပယ်တွင်မှ တာအိုကို ကျင့်ကြံကြခြင်း ဖြစ်သည်။
ချူလျန်မှာ ယခုမှ စတုတ္ထအဆင့်သို့ လှမ်းတက်လိုက်ရုံရှိသေးသော်လည်း ကောင်းကင်နယ်ပယ်၏ အဆင့်အတန်းကို ထိတွေ့ရန် ကြိုးစားနေခြင်းဖြစ်ရာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။
သို့သော် သူသည် မလောပေ။ အင်မော်တယ်မန္တန်တစ်ခုကို တတ်မြောက်လျှင် အကောင်းဆုံး ဖြစ်သော်လည်း အလျင်စလို လုပ်ဆောင်ခြင်းက စိတ်အခြေအနေကို ထိခိုက်စေနိုင်သည် မဟုတ်ပါလော။
ခဏမျှ ဆင်ခြင်ကြည့်သော်လည်း ထူးခြားမှု မရှိသဖြင့် သူသည် ဝိညာဉ်အာရုံကို စေတီတော်ဖြူ ဟင်းလင်းပြင်ထဲသို့ ပို့လိုက်သည်။
မိမိ၏ အခြေခံစွမ်းအားကို မြှင့်တင်ရန်အတွက် ရွှေအမြုတေ ရုပ်သေးရုပ်နှင့်အတူ စုံတွဲကျင့်ကြံရန် ပြင်လိုက်လေသည်။
ဘေးချင်းယှဉ် ထိုင်နေသော ခေါင်းကြီး ရုပ်သေးရုပ် နှစ်ရုပ်ကို ကြည့်ရင်း သူသည် မိမိ၏ ကျင့်ကြံချိန်မှာ အလွန်နည်းပါးနေသည်ဟု ရုတ်တရက် ခံစားလိုက်မိသည်။
ဤရုပ်သေးရုပ်များ ရှိလာကတည်းက သူကိုယ်တိုင် ချီလှည့်ပတ်ခြင်းကို ပြုလုပ်ခဲလှသည်။
စုံတွဲကျင့်ကြံခြင်း နည်းလမ်းက အဆင့်တက်ခြင်း အလွန်မြန်သော်လည်း ကျင့်ကြံချိန် နည်းပါးသဖြင့် ရရှိသော အကျိုးကျေးဇူးမှာ များလှသည်တော့ မဟုတ်ပေ။
အကယ်၍ သူ့ကို နေ့စဉ် အချိန်အမြောက်အမြား ပေး၍ ကျင့်ကြံခိုင်းမည်ဆိုလျှင်လည်း အခက်အခဲ ရှိပေသည်။
ယခုအခါ တတ်မြောက်ထားသော နတ်ဘုရားစွမ်းရည်နှင့် မန္တန်များမှာ များပြားလာပြီး အလုပ်ကလည်း အမြဲလိုလို ရှုပ်နေသဖြင့် အချိန်များကို ခွဲဝေပေးနေရလေသည်။
'ငါ့ကိုယ်စား ကျင့်ကြံပေးမည့်သူ တစ်ယောက်ရှိရင် ကောင်းမှာပဲ'
ဟင်…။
သူသည် ခေါင်းကြီး ရုပ်သေးရုပ် နှစ်ရုပ်ကို ကြည့်ရင်း ရုတ်တရက် စဉ်းစားခန်း ဝင်သွားသည်။
'တကယ်လို့ ရုပ်သေးရုပ် နှစ်ရုပ်ကို စုံတွဲကျင့်ကြံခိုင်းလိုက်ရင်ရော ဖြစ်နိုင်လောက်လား'
ထိုအတွေး ဝင်လာသည်နှင့် သူသည် ရပ်တန့်၍ မရတော့ပေ။ ခေါင်းကြီး ရုပ်သေးရုပ်များ၏ လည်ပတ်မှုမှာ သတ်မှတ်ထားသော ပုံစံအတိုင်းသာ ဖြစ်သည်။
အကယ်၍ ထိုပုံစံကို စုံတွဲကျင့်ကြံခြင်း ပုံစံအဖြစ် ပြောင်းလဲလိုက်လျှင် ၎င်းတို့က ဆက်လက် လုပ်ဆောင်သွားနိုင်မည် မဟုတ်ပါလော။
ဖြစ်နိုင်ချေ အလွန်ရှိသည်။
သို့သော် ၎င်းတို့ နှစ်ရုပ်ကို အလိုအလျောက် အပြန်အလှန် ချီလှည့်ပတ်မှုထဲသို့ ထည့်သွင်းရန်မှာ မဖြစ်နိုင်ပေ။
မိမိကိုယ်တိုင်က ဦးစွာ လမ်းပြပေးရမည် ဖြစ်သည်။
ဤသို့ဆိုလျှင် ဦးစွာ... သုံးဦးယှဉ်တွဲ ကျင့်ကြံရပေမည်။
သမိုင်းတစ်လျှောက်တွင် စုံတွဲကျင့်ကြံခြင်းထက် ပိုမိုပြင်းထန်သော 'လူအများ စုပေါင်းကျင့်ကြံခြင်း' ကို ကြိုးစားခဲ့သော ကျင့်ကြံသူများ ရှိခဲ့သော်လည်း အောင်မြင်ရန် အလွန်ခက်ခဲလှသည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီ၏ ကျင့်ကြံခြင်း ချီစွမ်းအားမှာ မတူညီသောကြောင့် ဖြစ်သည်။
ကျင့်စဉ်တစ်ခုတည်းကို ကျင့်ကြံသူများ ဖြစ်စေကာမူ ချီစွမ်းအားများမှာ ရောထွေးနေပြီး လုံးဝ ကွဲပြားနေတတ်သည်။
လူနှစ်ဦး အပြန်အလှန် ချီလှည့်ပတ်မှုကို ချောမွေ့စွာ ပြုလုပ်ရန်မှာပင် အလွန်ခက်ခဲလှချေပြီ။
အကယ်၍ ချီလှည့်ပတ်မှုထဲသို့ နောက်ထပ် လူတစ်ဦး ထပ်တိုးလိုက်ပါက အခက်အခဲမှာ ဆယ်ဆ၊ အဆတစ်ရာအထိ မြင့်တက်သွားပေလိမ့်မည်။
နောက်ဆုံး ရလဒ်မှာ လူအားလုံး သွေးလေချောက်ချားကာ ဒုက္ခရောက်သွားခြင်းပင်။
သို့သော် ဤအကြီးမားဆုံးသော အခက်အခဲမှာ ချူလျန်အတွက်မူ ဖြေရှင်းရန် အလွယ်ကူဆုံး ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ခေါင်းကြီး ရုပ်သေးရုပ်များ ထုတ်လုပ်သော ချီစွမ်းအားမှာ သူနှင့် ထပ်တူထပ်မျှ တူညီနေသောကြောင့် ဖြစ်သည်။
၎င်းတို့ သုံးဦးကြားတွင် မည်သည့် ဖယ်ကြဉ်မှုမျှ ရှိမည်မဟုတ်ဘဲ အခြား ခေါင်းကြီး ရုပ်သေးရုပ် တစ်ရုပ်ကိုလည်း ချီလှည့်ပတ်မှုထဲသို့ အလွန်လွယ်ကူစွာ ထည့်သွင်းနိုင်ပေသည်။
တွေးမိသည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်တော့သည်။
သူသည် ခေါင်းကြီး ရုပ်သေးရုပ် နှစ်ရုပ်ကို အနီးကပ် ပူးကပ်ထားလိုက်သည်။
ထို့နောက် မိမိကိုယ်တိုင် ဘေးတွင် ထိုင်ကာ လက်နှစ်ဖက်ကို ရုပ်သေးရုပ် တစ်ရုပ်စီ၏ ပုခုံးပေါ်သို့ တင်လိုက်လေသည်။
ဟူး...
ချီစွမ်းအားများမှာ ဟုန်းခနဲ လည်ပတ်သွားပြီး ရွှေအမြုတေ ရုပ်သေးရုပ်ကို ဦးစွာ ချီလှည့်ပတ်မှုထဲသို့ ထည့်သွင်းလိုက်ရာ လူနှစ်ဦး လည်ပတ်မှု စတင်ကာ စွမ်းအင်ဝဲဂယက်မှာ ကျယ်ပြန့်လာသည်။
တည်ငြိမ်သွားသောအခါမှ ခေါင်းကြီး ရုပ်သေးရုပ်ကိုလည်း ချီလှည့်ပတ်မှုထဲသို့ ထပ်မံ ထည့်သွင်းလိုက်ရာ စွမ်းအင်ဝဲဂယက်မှာ ရုတ်တရက် ကြီးမားသွားလေတော့သည်။
ဝုန်း...
သုံးဦးယှဉ်တွဲ ကျင့်ကြံခြင်း…။
ဤပြင်းထန်သော ခံစားချက်မှာ လူနှစ်ဦးထက် များစွာ သာလွန်လှရာ အမြန်နှုန်း မြင့်မားလှသော ကျင့်ကြံခြင်းကို ကျင့်သားရနေပြီဖြစ်သော ချူလျန်ပင် တုန်လှုပ်သွားရသည်။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအားများမှာ မြစ်ရေများ ဒုန်းစိုင်းစီးဆင်းနေသကဲ့သို့ ဟိန်းဟောက်မြည်ဟည်းသံများကိုပင် ကြားနေရလေသည်။
ကျင့်ကြံမှုမှာ အဟုန်ဖြင့် တိုးတက်လာချေပြီ။
ခေတ္တမျှ ကြာပြီးနောက် ချူလျန်သည် မိမိ၏ ချီစွမ်းအားကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး ချီလှည့်ပတ်မှုထဲမှ ထွက်လာခဲ့သော်လည်း ရွှေအမြုတေ ရုပ်သေးရုပ်နှင့် ချီလှည့်ပတ်မှု ရုပ်သေးရုပ်တို့မှာမူ အဟုန်ကြောင့် နှစ်ဦးတွဲ ချီလှည့်ပတ်မှုကို ဆက်လက် ပြုလုပ်နေကြလေသည်။
အောင်မြင်သွားလေပြီ…။
ခေါင်းကြီး ရုပ်သေးရုပ်မှာ ထင်ထားသည့်အတိုင်း ယခင်ပုံစံအတိုင်း ဆက်လက် လည်ပတ်နေလေသည်။
ဤနည်းအားဖြင့် ချူလျန်၏ ကျင့်ကြံမှု အရှိန်အဟုန်မှာ များစွာ တိုးတက်သွားပေဦးမည်။
မကြာသေးမီကပင် သုံးရက်တစ်ခါ အရှိန်မြှင့်နေရသကဲ့သို့ပင်။
ချူလျန်သည် ကျေနပ်အားရစွာ ပြုံးလိုက်မိပြီး ခုနက လူအများ စုပေါင်းကျင့်ကြံခဲ့သည့် ခံစားချက်ကို ပြန်လည် ခံစားကြည့်မိလေသည်။
တကယ်ကို ပြင်းထန်လွန်းလှပေသည်။